spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သွားလာခွင့်အကန့်အသတ်များ ရှိနေသည့်အတွက် ခရီးသွားလုပ်ငန်းရှင်များ အခက်အခဲရှိ

Author

Date

Category

ကရင်နီသူ

ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းလုပ်ဆောင်ရာတွင် ပြည်နယ်အစိုးရက ဒေသခံလုပ်ငန်းရှင်များအပေါ် ခရီးသွားလာခွင့်ရယူရာတွင် အကန့်အသတ်များရှိနေသည့်အတွက် အခက်အခဲများရှိနေသည်ဟု Amazing Kayah Travel & Tours မှ Managing Director မဇွန်ဇွန်ပြည့်ဖြိုးက ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ခဲ့ရာ ကယားပြည်နယ်တွင် ခရီးသွားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်လာခဲ့သည်ဖြစ်သော်လည်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်နေသည့် ဒေသခံလုပ်ငန်းရှင်များအနေဖြင့် နေရာအချို့ကိုသွားလာဖို့ ဖြေလျှော့စေလိုသည်ဟု ဆိုပါသည်။

̏ ဒါကခေါ်သွားလို့ရတယ်ဆိုရင် ခေါ်သွား၊ မရဘူးဆိုရင် မရတဲ့အကြောင်း ပြောပေး။ မရဘူးဆိုရင်လည်း ဘာဖြစ်လို့မရတာလဲပေါ့နော။ ဖြေလျှော့ပေးလို့ရရင်တော့ ကောင်းတာပေါ့ ဒီမှာလည်း တအားကြီးဖြစ်နေတာလည်း မဟုတ်ဘူးလေနော။˝ ဟု Amazing Kayah Travel & Tour မှ Managing Director မဇွန်ဇွန်ပြည့်ဖြိုးက ပြောသည်။

ဘောလခဲမြို့နယ်ရှိ လူထုအခြေပြုခရီးသွားလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ (ဓါတ်ပုံ – KIC)

ခရီးသွားလုပ်ငန်းကို အစိုးရမှ အားပေးသော်လည်း အစိုးရနှင့် လုပ်ငန်းရှင်များကြားတွင် ဆက်စပ်ပေးသည့် ဌာနအဆင့်ဆင့်ကို ကျော်ဖြတ်ရသည့်အချိန် ကျန့်ကြာလျက်ရှိသည်ဟု ခရီးသွားလုပ်ငန်းရှင်များက ဆိုပါသည်။

̏ ဒီမှာက ခရီးစဉ်တွေ အတားအဆီးတွေ အများကြီးဖြစ်နေတဲ့အချိန်မှာ ခရီးစဉ်တွေက မဖြစ်တော့ဘူး။ မဖြစ်တော့ခါကျတော့ နိုင်ငံခြားသားတွေရဲ့ နားထဲမှာ ရောက်ခါနီးဆဲဆဲဖြစ်နေတဲ့အချိန်မှာ နိုင်ငံခြားသားတွေကို ကိုယ့်ရဲ့ခရီးစဉ်တွေကို မရောင်းလိုက်ရတော့ ခရီးစဉ်တွေကို ပြန်ဖျက်ချလိုက်ရတယ်။˝ဟု မဇွန်ဇွန်ပြည့်ဖြိုးက ပြောသည်။ အစိုးရသို့ နိုင်ငံခြားသားများ ခရီးသွားလာခွင့်ကို လျှောက်ထားရာတွင် အနည်းဆုံး တစ်ပတ်၊ ဆယ်ရက်ခန့် ကြိုတင်လျှောက်ထားရသည်။

နိုင်ငံခြားခရီးသွားများ သွားရောက်ရန် တားမြစ်ထားသည့်နေရာများကိုလည်း အစိုးရမှ လိုက်လံစစ်ဆေးပြီး လိုအပ်သည်များ လုပ်ဆောင်ပေးရန် လုပ်ငန်းရှင်များက အလိုရှိကြသည်။ ထို့အပြင် ရင်းနှီးမြှပ်နှံမှုကို အစိုးရက ဖိတ်ခေါ်ရာတွင်လည်း လက်ရှိတွင် ပြည်တွင်းလုပ်ငန်းရှင်များထက် ပြည်ပလုပ်ငန်းရှင်များကိုအခွင့်အလမ်းများ ပို၍ ဦးစားပေးနေသည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသူများအားလုံးကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဥပဒေနှင့် ညီပါကလုပ်ကိုင်ခွင့် လျှောက်ထားပေးကြောင်း ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ဤသို့ဆိုပါသည်။

̏ ပြည်တွင်းကို ဦးစားပေးတာတို့၊ ပြည်ပကို ဦးစားပေးတာတို့ မရှိပါဘူး။ အားလုံးကိုခွဲခြားမှုမရှိဘဲနဲ့ အားလုံးကို တန်းတူဆက်ဆံပါတယ်။ ပြည်ပက လာလုပ်တယ်ဆိုရင်လည်း တူတူပါပဲ၊ ပြည်တွင်းက လာလုပ်တယ်ဆိုရင်လည်း တူတူပါပဲ။ ဥပဒေနဲ့အညီ အားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ ဆောင်ရွက်ပါတယ်။ ˝ ဟု ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ပြောသည်။

ပြည်နယ်အစိုးရ ဦးစားပေးလုပ်ကိုင်စေခြင်းထက် ဒေသခံလုပ်ငန်းရှင်များကို အခွင့်အလမ်းများ ပေးအပ်သင့်ကြောင်း ကယားပြည်နယ်ရှိ ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။ လုပ်ငန်းရှင်များမှ လုပ်ထုံးလုပ်နည်း ကျကျမည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိရှိလိုကြောင်း တင်ပြသည့်အခါတွင်လည်း သက်ဆိုင်ရာမှာ မူဘောင်၊ ပေါ်လစီမရှိသေးသည့်အတွက် လုပ်ငန်းရှင်များနှင့် တိုင်ပင်ကာ မည်သို့လုပ်ဆောင်ရမည်ကို မူဘောင်များ ရေးဆွဲသင့်ကြောင်းနှင့် လက်ရှိအချိန်ထိ ခေါ်ယူညှိနှိုင်းတိုင်ပင်ခြင်းများ မရှိဖူးသေးကြောင်း ဒေသခံခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။

၂၀၁၉ခုနှစ် ကယားပြည်နယ်၌ ကျင်းပသည့် အမျိုးသားအဆင့်ခရီးသွားညီလာခံတွင် ကယားပြည်နယ်တွင် သုံးနှစ်အတွင်း ခရီးသွားလုပ်ငန်း အအောင်မြင်ဆုံးဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုမှ အမှာစကားတွင် ပြောကြားခဲ့သည်။

လက်ရှိ ကယားပြည်နယ်တွင် ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ဆဲနေရာများမှာ လွိုင်ကော်မြို့နယ်တွင် လောပိတ၊ ထီးစဲခါး၊ လွယ်တမူဂူ၊ အောင်တပြေဂူ၊ တောင်သုံးလုံးဘုရားတောင်၊ ကြတ်ဂူ၊ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-အင်းလေး ရေကြောင်းခရီးစဉ်။ ဒီးမော့ဆိုမြို့နယ်တွင် ပန်ပက်၊ တနီးလာလဲ၊ လွိုင်နန်းဖတောင်၊ ဆင်တောင်၊ ငွေတောင်ဆည်။ ဖရူဆိုမြို့နယ်တွင်ခရီးသွားလုပ်ငန်းအဖြစ် ဆင်ဖြူတောင်၊ ထီးဖရူနူလှိုဏ်ဂူ၊ ထီးဆိုဒူး။ ဘောလခဲမြို့နယ်တွင် ထူးချောင်း-ပွန်ချောင်း စွန့်စားခရီးသွားလုပ်ငန်း ဆိုဒ် ၄ခု။ မယ်စဲမြို့နယ်တွင် ရွာသစ်ရေတံခွန်(အပန်းဖြေစခန်း)တို့ဖြစ်ပြီး ဖားဆောင်းမြို့နယ်နှင့် ရှားတောမြို့နယ်တို့တွင် ဆောင်ရွက်သည့်လုပ်ငန်းများ မရှိသေးကြောင်း ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

spot_img
spot_img

Recent posts