ဟိုတုန်းကပင်လုံ

ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် နေထိုင်နိုင်ဖို့ ၁၉၄ရ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၊နံနက် (၁ဝးဝ၀) နာရီအချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်။

လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦးသာရှိခဲ့ပေမဲ့ သူတို့ဟာ ပြည်နယ်ဒေသ အားလုံးကို ကိုယ်စားပြုခေါင်းဆောင်တွေ ဖြစ်ကြတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေဟာ လူမျိုးစုကို ကိုယ်စားမပြုဘဲ ပြည်နယ်ဒေသကို ကိုယ်စားပြုရတဲ့ အဓိက အကြောင်းရင်းကတော့ ပြည်ထောင်စုကြီးတစ်ခု တည်ထောင်ဖို့ ရည်ရွယ်တဲ့ လက်မှတ်ထိုးပွဲ ဖြစ်လို့ပါပဲ။

ပြည်နယ်ဒေသတစ်ခုနှင့်တစ်ခု ပူးပေါင်းမှသာ ပြည်ထောင်စုဖြစ်လာတာကြောင့် ပြည်နယ်ဒေသကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကသာ ပြည်ထောင်စုတစ်ခုကို တည်ထောင်နိုင်တဲ့ အခွင့်အရေးရရှိတာ ဖြစ်ပါတယ်။

အကယ်၍ ၁၉၄ရ ခုနှစ် ပင်လုံညီလာခံကြီးကို မကျင်းပနိုင်ခဲ့ရင်တောင်မှ ပြည်နယ်ဒေသ တစ်ခုနှင့်တစ်ခု ပူးပေါင်းပြီး တောင်တန်းဒေသတစ်ခုလုံးပါဝင်တဲ့ ပြည်ထောင်စုကြီးတစ်ခုကို တည်ထောင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေမှာ အစီအစဉ်ရှိပြီးသားပါ။

ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အစီအစဉ်ကို သိပြီး အနာဂတ်မြန်မာနိုင်ငံ အတွက် အမြော်အမြင်ကြီးမားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းနှင့် မြေပြန့် ပူးပေါင်းဖို့ ကြိုးစားလုပ်ဆောင်ရင်းနဲ့ ပင်လုံညီလာကြီး ပေါ်ပေါက်လာတာ ဖြစ်တယ်။

ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ ညီနောင်တိုင်းရင်းသားအချင်းချင်း ဥမကွဲ၊ သိုက်မပျက် အတူတကွ နေထိုင်လိုတဲ့ စိတ်ဓါတ်ကို ဆိုလိုတာပါ။

ကိုယ့်လူမျိူးစု ကိုယ့်အဖွဲ့အစည်းကိုသာ ကိုုယ်စားပြုလိုတဲ့စိတ်ဓါတ်ဟာ ပြည်ထောင်စု စိတ်ဓါတ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပြည်နယ်ဒေသကို ကိုယ်စားမပြုလိုတဲ့ စိတ်ဓါတ်ဟာ တိုင်းရင်းသားတို့ရဲ့ နှလုံးသားချင်းသွေးနှီးအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ပြည်နယ်ဒေသကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ ပင်လုံစာချုပ်ဟာ မြန်မာ့သမိုင်းမှာ တောင်တန်းနှင့် မြေပြန့်တို့ရဲ့ စည်းလုံးညီညွှတ်မှု မျိူးစေ့ကို ချပေးတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။

၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံဟာ ပြည်ထောင်စုတစ်ခုဆီကို ဦးတည်တဲ့ ညီလာခံတစ်ခုဖြစ်တယ်၊ မဖြစ်ဘူူးဆိုတာ ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စာလှယ်တွေက ပြည်နယ်ဒေသကို ကိုယ်စားပြုတယ်၊ မပြုဘူူး အပေါ်မှာပဲ အဓိက မူတည်တယ်။

၁၉၄ရ ခုနှစ် ပင်လုံညီလာခံဟာ တိုင်းရင်းသားတွေကို ခွဲထွက်ခွင့်ပေးထားတဲ့ ညီလာခံတစ်ခုဖြစ်ပေမဲ့ ၂၁ ရာစု ပင်လုံညီလာခံက တိုင်းရင်းသားတွေကို ခွဲထွက်ခွင့်မပေးပါဘူး။ 
ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ၁၉၄ရ ခုနှစ် ညီလာခံကို တက်ရောက်ကြတဲ့ ကိုယ်စာလှယ်တွေဟာ လူမျိုးစုကို ကိုယ်စားပြုတဲ့ ကိုယ်စာလှယ်တွေ လုံးဝမပါရှိဘဲ ပြည်နယ်ကိုသာ ကိုယ်စားပြုတဲ့ ကိုယ်စာလှယ်တွေသာ ပါရှိတာကြောင့် ဖြစ်ပါတယ်။

၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံက ရရှိတဲ့ သဘောတူစာချုပ် အပိုုင်း (၁)ရဲ့ အပိုဒ် (၅)မှာ ပြည်နယ်ဒေသအသီးသီး၏ ခေါင်းဆောင်များလို့ ထည့်သွင်းဖော်ပြရမယ့်အစား အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များလို့ ထည့်သွင်းဖော်ပြထားတာကို တွေ့ရတယ်။

အဲ့ဒီဖော်ပြချက်ဟာ တာဝန်ရှိသူရဲ့ ဆန္ဒသဘောမဟုတ်ဘဲ ညီလာခံကို တက်ရောက်လာကြတဲ့ ကိုယ်စာလှယ်များကိုယ်တိုင် ပြည်နယ်ဒေသကို ကိုယ်စားမပြုဘဲ အစုအဖွဲ့ကိုသာ ကိုယ်စားပြုတာကြောင့်ပဲ ဖြစ်ပါတယ်။

၂၀၁ရ ခုနစ် မေလ ၂၉ ရက်နေ့က သဘောတူညီချက်တစ်ခုဖြစ်တဲ့ ဖက်ဒရယ်စနစ်တွင် အခြေခံရမည့်မူများ အခန်းမှာ တန်းတူရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ လူမျိူရေးအရဖြစ်စေ တန်းတူညီတူ အခွင့်အရေးရရှိရမည့်အပြင် ဘာသာစကား စာပေနှင့် ရိုးရာယဉ်ကျေးမှု 
ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်မြင့်တင်ခွင့်ရှိရမယ်လို့ ဖော်ပြထားတယ်။

အဲ့ဒီဖော်ပြချင်တွေဟာ ဗဟိုအစိုးရရဲ့ ဦးဆောင်မှု အောက်က ရရှိလာတဲ့ သဘောတူညီချက်တွေသာ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်နယ်ဒေသနှင့် တိုင်းဒေသတို့ရဲ့ တန်းတူအခွင့်အရေး၊ ပြည်နယ်ဒေသရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထည့်သွင်းဖော်ပြတာကို မတွေ့ရှိရလို့ပဲဖြစ်ပါတယ်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် လွိုင်ကော်မြို့ ဓမ္မာရုံမှာ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့နေ့မှာ ရောက်ရှိလာတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ကရင်နီတိုင်းရင်းသားတို့ရဲ့ အခွင့်အရေးနှင့် ပတ်သက်ပြီး အင်္ဂလိပ်ပေးထားတဲ့ ကရင်နီပြည်လွတ်လပ်ရေးသည် ပြည့်ဝသော လွတ်လပ်ရေးဟု မဆိုနိုင်ကြောင်း၊ ဗမာပြည်ရရှိမည့် လွတ်လပ်ရေးသည် အပြည့်အဝ လွတ်လပ်ရေး ရရှိမည်ဖြစ်ကြောင်း၊ ကရင်နီ အနေဖြင့် ဖွဲ့စည်းမည့် ပြည်ထောင်စုဗမာနိုင်ငံတွင် ပြည်နယ်တစ်ခုအဖြင့် ပါဝင်ပါက ကရင်နီပြည်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရရှိစေမည်ဖြစ်ပြီး ကရင်နီပြည်တွင်းကို ဗမာက လုံးဝဝင်စွတ်ဖက်မည် မဟုတ်ကြောင်း ကရင်နီပြည်အရေးကို ကရင်နီပြည်သူပြည်သားများကသာ တိုက်ရိုက်ကိုယ်တိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်က ကရင်နီခေါင်းဆောင်များ ဗမာလွတ်လပ်ရေးရအောင် ကြိုးစားကြပါ။ နိုင်ငံတော်ဖွဲ့စည်းပုံရေးဆွဲပြီးပါက ကရင်နီပြည်အနေဖြင့် ပြည်ထောင်စုတွင် ပါဝင်သင့်၊ မသင့် နောက်မှ ပြည်သူ့ ဆန္ဒသဘောထားရယူမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ကြတဲ့ ကို်ယ်စာလှယ်များအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံကတိကဝတ်တွေကို ပြန်ပြီး အကောင်အထည်ဖော်ချင်တယ်ဆိုရင် ပြည်နယ်ကိုယ်စားပြု ကိုယ်စာလှယ်ဖြစ်အောင် ဦးစွာကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ဦးဆောင်ကျင်းပတဲ့ တာဝန်ရှိအစိုးရက တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်သေးတာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံကတိကဝတ်ကို လျစ်လျူရှုတာ မဟုတ်ပါဘူူး။

ပြည်နယ်ကို ကိုယ်စားပြုတဲ့ကိုယ်စာလှယ်အင်အား နည်းနေသေးတာကြောင့် တိုင်းရင်းသားတို့ရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်သေးတာပါ။

ဟိုတုန်းက ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓါတ် ဆက်လက်ရှင်သန်နိုင်အောင် အတူတကွ ဝိုင်းဝန်းစောင့်ရှောက်နိုင်ကြပါစေ။

 
 
Sai shared 9 recent posts in this group. Learn more 

Comments

comments

Next Post

ဖားဆောင်းမြို့နယ်တွင်း တရားမဝင်သစ် တန် ၅ဝ ကျော် ပိုင်ရှင်မဲ့ဖမ်းဆီးရရှိ

Wed May 9 , 2018
နော်ဒွေးအယ်ခူ ကယားပြည်နယ်၊ ပြည်နယ်သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဇော်ဦးပါဝင်သည့် ဝန်ထမ်း(၁၂)ဦး၊ ခလရ(၁၃၄)မှ ဗိုလ်ကြီးမျိုးကိုကိုလတ်ပါ (၁၇)ဦးနှင့် စရဖမှ ဒုအရာခံဗိုလ်ဝင်း ဗိုလ်ပါ (၂)ဦး တို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ဖားဆောင်းမြို့နယ်၊ နန်းကစ်ကျေးရွာအနောက်ဘက် (၁)မိုင်ခန့်အကွာ၌ မေလ ၄ ရက်နေ့က တရားမဝင်သစ်များကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ကယားပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။ (အပတော)အတွင်း ခန့်မှန်းမြေပုံအညွန်း-47QLA–202897နေရာတွင် ပိတောက်စကွဲယား (၂၉)တုံးတွေ့ရှိရပြီး (၄.၀၃၀၂)တန်၊ ခမမပည-47QLA-203898 နေရာတွင် ပိတောက်စကွဲယား(၁၄)တုံး (၂.၃၂၈၀)တန်၊ 47QLA-205897 နေရာတွင် ပိတောက်စကွဲးယား (၇)တုံးတွေ့ရှိပြီး (၁.၀၉၂) တန် တွေ့ရှိခဲ့သည်။ ကျွန်းသစ်လုံး(၃၉)လုံး (၂၉.၇၇၂၆)တန်၊ ပိတောက်သစ်(၁၀)လုံး (၇.၈၇၅၈)တန်၊ သစ်ယာသစ်လုံး(၄)လုံး (၂.၆၇၃၀) တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရရှိမိကြောင်း သိရသည်။  အဆိုပါ […]