spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အက်ကြောင်းပိုများလာတဲ့ မော်ချီးဒေသက “ပေါင်မုန့်တောင်” နဲ့ ဒေသခံစိုးရိမ်ပူပန်မှု

ကွဲအက်နေသော ပေါင်မုန့်ပုံ ကျောက်တုံးကြီး။

ကန္တာရဝတီတိုင်း(မ်)

အဝေးကနေ ကြည့်လိုက်ရင် ပေါင်မုန့်တုံး ပုံစံလိုဖြစ်နေတဲ့ ဒေသအခေါ် “ပေါင်မုန့်တောင်” လို့ အများသိထားကြတဲ့ အဲဒီတောင်ကို အနီးကပ်ရောက်ရှိသွားတဲ့အချိန်မှာတော့ ကွဲအက်နေတဲ့ အက်ကြောင်းတွေက လူတစ်ရပ်စာဝင်ဆန့်ပြီး ၃ပေခန့် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ “ပေါင်မုန့်တောင်”လို့ ခေါ်ကြတဲ့ နေရာကတော့ ဖားဆောင်းမြို့နယ်အတွင်းက မော်ချီးဒေသမှာ တည်ရှိတာပါ။ တောင်ပေါ်ရပ်ကွက်၊ ၁၅ရပ်ကွက်ကနေ အဲ့ဒီတောင်ထပ်ကို ရောက်ရှိဖို့ ခြေလျင်နဲ့ နာရီဝက်ကြာ လမ်းလျှောက်တက်ရပါတယ်။ ကျောက်ကမ်းပါးပေါ် တွယ်တက်ရသလို ကျောက်ပေါ်လည်း လမ်းလျှောက်တက်ရတယ်လို့ ရပ်ကွက်တစ်ခုက လူငယ်တစ်ဦးက ပြောပါတယ်။

နှစ်စဉ်မိုးရာသီကာလမှာဆိုရင် မော်ချီးဒေသက ခဲသတ္တုလုပ်တဲ့ နေရာအနီးတစ်ဝိုက် သို့မဟုတ် တောင်စောင်းတစ်ဝိုက်တွေမှာ မြေပြိုမှုဖြစ်ပွားနေတာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း အသေးစားမြေပြိုမှုဖြစ်ပွားခဲ့ပြီး ဒေသခံ နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ယခင်က တစ်ထွာလောက်ပဲ ကွဲအက်တဲ့ ပေါင်မုန့်တောင်အက်ကြားဟာ ခုချိန်မှာတော့ သုံးပေခန့်ကွဲအက်လာတယ်လို့ မော်ချီးသဘာဝဘေးလေ့လာစောင့်ကြည့်ရေးကော်မတီထံကနေ သိရပါတယ်။ 

ပေါင်မုန့် တောင် ကျောက်ဆောင်ကြီးအောက်ရှိ လူနေအိမ်များ။

ခုလိုအက်ကွဲနေတာကြောင့် ညအိပ်ရင်တောင် အိပ်မပျော်ကြပါဘူး။ မိုးရွာသွန်းတဲ့အချိန်မှာလည်း စိုးရိမ်ထိတ်လန့်မှုနဲ့ အဲ့ဒီ ပေါင်မုန့်တောင်ကြီးကို ဓာတ်မီးထွန်း ကြည့်နေရတယ်လို့ အန္တာရာယ်ဇုံမှာ နေထိုင်တဲ့ဒေသခံအမျိုးသားတစ်ဦးက သူ့ရဲ့စိုးရိမ်ပူပန်မှုကို ခုလိုပြောပါတယ်။

” ဟိုနေ့ကဆိုရင် မိုးရွာပြီဆိုတာနဲ့ မပါတဲ့ဖက်(အန္တာရယ်ဇုံအတွင်း) လူတွေကစ အိပ်မပျော်ကြတော့ဘူး ။ ဘာလိုလဲဆိုတော့ ဒီတောင်ကြီးကိုပဲကြည့်နေကြတာ မိုးရွာတော့လည်း ပြိုမှာကြောက်တယ်ကောနော။  ဒီအမှတ်(၂) အမှတ် (၃)ဖက်တွေဆိုလည်း မအိပ်ဘူး။ မိုးရွာပြီဆိုတာနဲ့ ဓာတ်မီးလေးတွေနဲ့ထိုးကြည့်ကြတယ် ခဲလုံးကျနိုင်လားမကျနိုင်လား အဲ့လိုမျိုးပေါ့” လို့ သူက ပြောပါတယ်။

ကုန်စုံဆိုင်ရောင်းချနေတဲ့ အဆိုပါအမျိုးသားကတော့ လက်ရှိမှာ ပစ္စည်းတွေကို လုံခြုံတဲ့နေရာကိုရွေ့ထားလိုက်ပြီး စောင့်ကြည့်နေတဲ့အနေအထားမှာရှိတယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၃၀ရက်နေ့မှာလည်း ပေါင်မုန့်တောင်ကနေ ကျောက်တုံးသေးသေးလေး လူနေထိုင်တဲအိမ်ဖက်မှာ ကျရောက်ခဲ့တာရောက် ဒေသခံအကြား စိုးရိမ်ပူပန်မှုကို ပိုမိုဖြစ်စေခဲ့ပါတယ်။

လက်ရှိမှာလည်း အန္တာရာယ်ဇုံလို့သတ်မှတ်ထားတဲ့ နေရာမှာနေထိုင်ကြသူတွေအကြား ပေါင်မုန့်တောင် ဖြိုချရေး၊ မဖြိုချရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုပြင်းထန်နေတယ်လို့ သိရပါတယ်။ ဒေသခံအများစုကတော့ နတ်ကြီးတဲ့တောင်ဖြစ်သလို ဘိုးဘွားအစဉ်အလာအရ အဲ့ဒီတောင်ကိုမှီခိုပြီး ခဲသတ္တုလုပ်ကိုင်စားသောက်ကြတဲ့အတွက် မဖြိုစေချင်ကြဘူးလို့ ဆိုပါတယ်။

ကွဲအက်နေသော ကျောက်ဆောင်ကြီး။

သို့ပေမယ့် ဘယ်အချိန်မှာ ပြိုကျနိုင်မလဲမသိနိုင်တာကြောင့် သတ်မှတ်ရက်အတွင်းမှာ ဖြိုချလိုက်တာ ဘေးအန္တာရာယ်ပိုကင်းနိုင်တယ်လို့ အန္တာရာယ်ဇုံကနေ ရွေ့ပြောင်းထားသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဖြိုချလိုက်ရင်တော့ ကောင်းတာပေါ့။ သူ့သူပြိုကျတာထက်စာရင် ဖြိုချလိုက်တာက ပိုကောင်းမယ်။ ဖြိုချတယ်ဆိုတာလည်း လူကဖြိုချမှာဆိုရင်တော့ ရက်ကန့်သတ်လို့ရတယ်လေနော။ ဖယ်ဆိုရင်လည်း ဖယ်ခိုင်းလိုက်ပေါ့ အဲ့လိုပုံစံလေးပေါ့။ အဲ့ဒါဆိုရင်တော့ ဖြိုချလိုက်ရင် သိပ်မစိုးရိမ်ရဘူးလို့ထင်တာပေါ့။ တကယ်လို့ သူ့သူပြိုကျမယ်ဆိုရင်တော့ ဘာမှန်းမသိတော့ဘူးလေနော လူတွေက သွားလာလုပ်ရှားမှာလေ မေ့မေ့ပျောက်ပျောက်နဲ့ဆိုတော့ အဲ့ချိန်မှာကျသွားရင်တော့ အသက်အန္တာရာယ်ပိုစိုးရိမ်ရတာပေါ့။”

ဒေသခံအမျိုးသားတစ်ဦးကလည်း “ဒီတောင်ကဟိုးဘိုးဘွားဟို သမိုင်းရာဇာဝင်ထဲကရှိနေတဲ့ တောင်ခါကျတော့ တချို့က မခွဲစေချင်ဘူး။ မခွဲစေချင်ဘူးဆိုတော့ ဒီနှစ်ခုဟာ ကျနော်တို့ ပြန်ပြီးတော့ပြန်လည်ပြီးတော့ စဉ်းစားရမှာ။ သုံးသပ်ရမှာ။”လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

စိုးရိမ်ပူပန်မှုတွေအမျိုးမျိုးရှိကြပေမယ့် ကိုယ်သဘောနဲ့ကိုယ်မလုပ်ပဲ ရွာသူရွာသား ရပ်မိရပ်ဖတွေ သက်ဆိုင်ရာတွေ အကုန်လုံး ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်သင့်တယ်လို့   စောင့်ကြည့်လေ့လာရေးကော်မတီဝင်တစ်ဦးက ခုလိုပြောပါတယ်။

“တကယ်လို့  ဒီပေါင်မှုန့်တုံးကိုခွဲချရင် ဒီပေါင်မှုန့်တုံးမကျပဲ ဘေးနား တုန်ခါမှုနဲ့ တစ်ပြိုင်တည်းဆင်းမလား။ ဆင်းတဲ့အခါကျရင် ခွဲချတဲ့အခါကျလို့ရှိရင် ဥပမာ တကယ့်တကယ်အန္တာရာယ်များတဲ့အခါ ထိခိုက်နစ်နာမှု ဆုံးရှုံးမှုများတဲ့ခါကျရင် ခွဲချတဲ့လူ တာဝန်များသွားကျနေမလား။ အဲ့ဒါတွေအပိုင်းပိုင်းလေးတွေ စဉ်းစားနေရတာပေါ့နော။ အဲ့တော့ကျနော်တို့ကလည်း ကိုယ့်သဘောရှိနဲ့ ကိုယ်မလုပ်စေချင်ဘူး။ လုပ်လဲမလုပ်ပါဘူး။ အကုန်လုံးတိုင်ပင် ရွာသူရွာသားရပ်မိရပ်ဖတွေ သက်ဆိုင်ရာတွေ အကုန်လုံးပူးပေါင်းပြီးတော့ ဆွေးနွေးတိုင်ပင်ပြီးတော့ ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆို ကျနော်တို့လည်း ဒါအကြံပေးစေချင်တာပေါ့။

လက်ရှိမှာလည်း “ပေါင်မုန့်တောင်” အနီးတစ်ဝိုက်နဲ့ အန္တာရာယ်ဇုံအဖြစ် သတ်မှတ်ထားတဲ့ ရပ်ကွက်၊ ကျေးရွာတွေကို ကော်မတီကနေ လေ့လာစောင့်ကြည့်နေပြီး အခြေအနေထူးပါက အသိပေးသွားမယ်လို့ ဆိုပါတယ်။

ဩဂုတ်လအတွင်းက အသေးစားမြေပြိုမှုကြောင့် လူသွားလမ်းမကြီး ဒေသခံနေအိမ် ၆လုံးခန့် ပျက်စီးသွားခဲ့ပြီးနောက် အန္တာရာယ်ဇုံအဖြစ် သတ်မှတ်ထားတဲ့နေရာမှာ နေထိုင်ကြသူ မိသားစု အစု (၄၀)ကျော်ကို အနာဂတ်အလင်းတန်းကျေးရွာ လို့ ခေါ်တဲ့ လေးထပ်ကွေ့ဖက်မှာ ယာယီရွေ့ပြောင်းထားလိုက်တယ်လို့ သိရပါတယ်။

” ပြီးခဲ့တဲ့ တစ်ပတ်အတွင်းထဲမှာပဲ ကျနော်တို့ အန္တရာယ်ရှိတဲ့အိမ်တွေကို လေးထပ်ကွေ့ဖက်တွေမှာပေါ့နော် ရွှေ့ထားဖို့လုပ်တယ်။ သူတို့လည်း ရျွှေ့ကြပြီပေါ့နော်။ တချို့ကျတော့လည်း ပစ္စည်းတွေကိုရွှေ့ထားပြီး လူကတော့ အဲ့လိုပေါ့ စောင့်ကြည့်အနေနဲ့ နေကြ‌တဲ့အနည်းအကျင်း လောက်ပဲရှိတယ်။ အဲ့တာ မိသားစု အစု (၄၀)ကျော်လောက်တော့ ‌ကျနော်တို့ အန္တရာယ်ဇုန်ထဲမှာ ရှိတဲ့နေရာတွေတော့ ဖယ်ရှားခိုင်းထားတယ်ပေါ့ မနေဖို့ပေါ့။ ” လို့ ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မော်ချီးဒေသမှ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ခဲမဖြူအဖြိုက်နက် ဓါတ်သတ္တုအကြီးစားစီမံကိန်း တူးဖော်ရေးလုပ်ငန်းကို နှစ်စဉ်မြေပြိုမှုဖြစ်ပွားတဲ့အပေါ် စိုးရိမ်မှုကြားက ကယားပြည်နယ် သတ္တုထုတ်လုပ်ရေးကုမ္ပဏီ (KMPC) မှ  ပြည်ထောင်စုခွင့်ပြုမိန့်နဲ့ ၂၀၁၉ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိ လုပ်ကိုင်ခွင့်ရရှိထားပါတယ်။ ကုမ္ပဏီကနေ ဒေသအကျိုးအတွက် ရန်ပုံငွေပြန်လည်ခွဲဝေတဲ့အခါ သဘာဝဘေး၊ ဒေသဖွံဖြိုးရေး၊ ဒေသအကျိုးအတွက် ပြန်လည်အသုံးပြုတယ်လို့ သိရပါတယ်။

spot_img
spot_img