spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ၃ဦးထိခိုက် ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုရှိခဲ့ပြီး နန်းဖဲကျေးရွာမှာ နှမ်းခုတ်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးသွားပြီး ၃ဦး ဒဏ်ရာရသွားတယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

သေဆုံးသွားသော အမျိုးသမီးတဦး (ဓါတ်ပုံ – CJ)

“ ဒီနေ့လည်း နှမ်းခုတ်မယ့်သူကလည်း များတယ်။ တောင်ယာချင်းကဆက်နေတော့ လူငှားလိုက်ကြတာ အဲ့တာသူတို့လှမ်းမြင်တော့။ သူတို့ကို တက်တိုက်ထားလို့ စိတ်တိုတာလားမသိ လှမ်းပစ်လာတယ်တဲ့။ အဲ့တာဦးလေးတစ်ယောက်က ဗိုက်မှန်လို့ အူတောင်ထွက်တယ်။ ကောင်ကလေးတစ်ယောက်လည်း ထိတယ်။ ကောင်မလေးတစ်ယောက်က ပေါင်ထိသွားတယ်။ နောက်ကောင်မလေးတစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်လို့ပြောတယ်။”လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်၁၂နာရီခွဲဝန်းကျင်လောက်မှာ မတ်စလောင်းတောင်ပေါ်ကနေ စတင်ပစ်ခတ်တာဖြစ်ပြီး နှမ်းခင်းထဲမှာ နှမ်းခုတ်နေတဲ့ ဒေသခံတွေကို ထိသွားတာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက်၂၀ ဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးပစ်ခတ်သံကြားပြီး နှမ်းခင်းထဲကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး သူ့ရဲ့ အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဘောလခဲမြို့နယ်မှာ ပြီးခဲ့တဲ့ဩဂုတ်လက စစ်ကောင်စီနဲ့ ကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။

spot_img
spot_img