ခူးစိုးရယ်ဦး
ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယားရပ်ကွက်တွင် ကယားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တတိယအကြိမ်TOT ဆရာဖြစ်သင်တန်းပို့ချခဲ့သည်။
အဆိုပါ TOT ဆရာဖြစ်သင်တန်းသည် အစိုးရကျောင်းတွင် ကယားစာပေဘာသာရပ် ပြန်လည်သင်ကြားနိုင်ရန်ပို့ချခဲ့သော သင်တန်းဖြစ်သည်။
“ကျွန်တော်တို့ ကယားစာပေဘာသာရပ်ကို စွမ်းရည်မြင့်တင်ပေးနိုင်ရန်အတွက် ကျောင်းမှာ အဆင်ပြေချောမွေ့အောင် သင်ကြားနိုင်ဖို့ပဲ ဖြစ်တယ်ဟု” ကယားစာပေနှင့် ယဉ်ကျေးမှု အတွင်းရေးမှူး ခူးဖဲညွန့်ရယ်က ပြောသည်။
ယင်းကျောင်းတွင် ကလေးငယ်များအတွက် လက်ဆင့်ကမ်းသည့်အခါတွင် ကလေးငယ်များအားလုံး ကောင်းကောင်းမွန်မွန်ရရှိသွားနိုင်ရန်အတွက် ရည်ရွယ်ခြင်းလည်းဖြစ်သည်။ TOT ဆရာဖြစ်သင်တန်းတက်ရောက်ခြင်း မရှိသည့်ဆရာ/မများသည် လက်တွေ့ကျောင်းတွင် ကလေးငယ်များကို ကိုင်သွယ်သင်ကြားသည့်အခါ အခက်အခဲများရှိကြောင်း ခူးဖဲညွန့်ရယ်က ဆိုပါသည်။
အဆိုပါ TOT ဆရာဖြစ်သင်တန်း တက်ရောက်ခြင်းမရှိသော ဆရာ/မအချို့သည် နေရာဒေသချင်းမတူ၍ ကလေးတွေကို သင်ကြားပို့ချသည့်အခါ ကယားစကားလုံး အခေါ်အဝေါ် ကွဲပြားလျက်ရှိသည်ဟု သိရသည်။
“သင်တန်းပို့ချတာ အချိန်မလောက်ဘူး၊ သူတို့အတွက် မပြည့်စုံသေးဘူးလို့မြင်တယ် သို့ပေမယ့် ဆရာ/မကောင်းဖြစ်ကြဖို့ အကောင်းဆုံးနည်းနဲ့ ကလေးတွေသင်ကြားပေးနိုင်မှာလို့ မျှော်လင့်တယ်ပေါ့”ဟု သင်တန်းပို့ချပေးသူ ခူးဦးရယ်ကပြောသည်။
သင််တန်းတက်ရောက်သူ ခူးပလဲရယ်က “ကျွန်တော်တို့သင်ကြားတဲ့အခါမှ ပြောတဲ့စကားလုံးနဲ့ မတူကွဲပြားမှုတွေ ကြုံတွေ့နေရတော့ တော်တော်လေး ခက်ခဲပါတယ်”ဟု ၎င်းကပြောသည်။
ယခင်လတွင် TOT ဆရာဖြစ်သင်တန်းကို သင်ကြားပေးခဲ့သော သင်တန်းသူသင်တန်းသားများအား အစိုးရကျောင်းတွင် ၂ရ ဦး ခန့်ထားခဲ့ပြီးဖြစ်သည်ဟု သိရသည်။
၂၀၁၈ ခုနှစ်တွင် အစိုးရကျောင်းတွင် ကယားစာပေဘာသာရပ်သင်ကြားနိုင်ရန်အတွက် အစိုးရမှ ကယားစာပေသင်ကြားနိုင်သည့် ဆရာ/မများ ထပ်မံခန့်ထားရန်ရှိသည်ဟု သိရသည်။ အဆိုပါ သင်တန်းကိုတက်ရောက်သည့် လူဦးရေမှာ ၅ဝနီးပါးရှိပြီး သင်တန်းကာလသည် ၂၀၁၈ ဩဂုတ်လ ၁ရ နေ့မှ ၁၉ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။