spot_img
Monday, February 26, 2024
spot_imgspot_imgspot_imgspot_img

အဖိုးမဖြတ်နိုင်တဲ့ သမိုင်းမွေအနှစ်များရှိရာယဉ်ကျေးမှု ပြတိုက်သို့…

Author

Date

Category

မော်ဦးမြာ ရေးသားသည်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ကယား(ကရင်နီ) ပြည်နယ် ယဉ်ကျေးမှုပြတိုက်ရဲ့ အဆောက်အဦးထဲကိုဝင်လိုက်တာနဲ့ တံခါးဝရဲ့ ညာဖက်ခြမ်းမှာကယား(ကရင်နီ) မျိုးနွယ်စုတစ်ခုချင်းစီရဲ့ ခေတ်သစ်၊ခေတ်ဟောင်းရိုးရာဝတ်စားဆင်ယင်မှုတွေကိုအမျိုးသား၊ အမျိုးသမီးအလိုက် ပြသထားပြီးမျိုးနွယ်စုဝင် တစ်ခုချင်းစီရဲ့ ဝတ်စားဆင်ယင်မှုကိုစာနဲ့တကွ ရှင်းပြထားတာကိုတွေ့ရမှာပါ။

ဝတ်စားဆင်ယင်မှု ပြခန်းရဲ့ အလယ်ဗဟိုမှာဝင်လာသူတွေကိုဆွဲဆောင်စေမဲ့ ကြေးကွင်းပတ် ကယန်းအမျိုးသမီးတစ်ဦးယက်ကန်းယက်နေတဲ့ပုံကိုခင်းကျင်းပြသထားပါတယ်။

အဲ့ဒီယဉ်ကျေးမှုပြတိုက်ဟာလွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်မှာတည်ရှိပါတယ်။

ဒီပြတိုက်လေးရဲ့ တည်နေရာကတော့ ချောင်ကျတဲ့နေရာလို့ ဆိုရမဲ့အပြင် လူဝင်လူထွက် နည်းပါးနေတာကြောင့် ဖွင့်နေသလား၊ ပိတ်နေသလားဆိုတာကိုတော့ ကြည့်လိုက်ရုံနဲ့ ခန့်မှန်းရခက်နေပါတယ်။

တကယ်တော့ ဒီယဉ်ကျေးမှုပြတိုက်ကိုတနလာင်္နေ့နဲ့ အစိုးရရဲ့ ပြန်တမ်းဝင် ရုံးပိတ်ရက်တွေကလွဲလို့ ကျန်တဲ့ရက်တွေမှာတော့ နံနက် ( ၉)နာရီကနေညနေ(၄) နာရီအထိဖွင့်လေ့ရှိပါတယ်။

ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ကိုဝင်လိုက်ပြီဆိုတာနဲ့ ကြော်ငြာဆိုင်းဘုတ်၊ လမ်းညွန်ဆိုင်းဘုတ် အမျိုးမျိုးကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ ဆိုင်းဘုတ်အပြာအသေးလေးတစ်ခုကိုလမ်းမကြီးရဲ့ ညာဖက်ခြမ်းမှာညွန်ပြထားတာကတော့ “ ယဉ်ကျေးမှုပြတိုက်သို့” ဆိုတာကို တွေ့ရပါလိမ့်မယ်။

လမ်းညွန်ဆိုင်းဘုတ်ကနေ ပြတိုက်ကိုငါးမိနစ်လောက် ဆက်သွားပြီးရင်တော့ လမ်းဆုံးမှာသစ်ပင်လေးတွေ ဝန်းရံထားတဲ့ နှစ်ထပ်တိုက် အိမ်တစ်လုံး။ သာမာန်ကြည့်လိုက်ရင်တော့ ပြတိုက်မှန်း မတွေ့ရပါဘူး။

ရုံးရှေ့တံခါးအဝင်ဝမှာယဉ်ကျေးမှုပြတိုက်လို့ ဆိုင်းဘုတ်အသေးလေးတစ်ခုရယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ယဉ်ကျေးမှု ပြတိုက် ( လွိုင်ကော်) ဆိုတဲ့ဆိုင်းဘုတ်လေးကိုတပ်ဆင်ထားပေးလို့သာ ပြတိုက်မှန်းသိသာစေပါတယ်။

ပြတိုက် ဝင်ကြေးအနေနဲ့ ပြည်ပဧည့်သည် တစ်ဦးကို( ၅၀၀၀) ကျပ်၊ ပြည်တွင်းဧည့်သည် တစ်ဦးကို( ၂၀၀) ကျပ်သံဃာတော်၊သီလရှင်၊ သာမဏေ၊ကလေးသူငယ်၊ ကျောင်းသား၊ကျောင်းသူ ( အခမဲ့)လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီယဉ်ကျေးမှု ပြတိုက်ကို၁၉၆ရ ခုနှစ်မှ စပြီးကယားပြည်နယ် ဦးစီးအဖွဲ့လက်အောက်ရှိဌာနခွဲတစ်ခုအဖြစ် စတင် ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၇၂ခုနှစ် စနစ်သစ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ပေါ်ပေါက်လာတဲ့အခါ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းပေးခဲ့ပါတယ်။

၁၉၈၆ ခုနှစ်မှာ နှစ်ထပ် အဆောက်အဦးဆောက်လုပ်ရာ ၁၉၉၆ ခုနှစ်မှာ ပြီးစီးပြီးယဉ်ကျေးမှု ပြတိုက်နဲ့ စာကြည့်တိုက်ကိုဖွင့်လှစ်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှစပြီးယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနဟုလည်းကောင်း၊ ၂၀၁၅ ခုနှစ်မှာရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဟူ၍လည်းကောင်းပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။ ပြတိုက်ရဲ့ သမိုင်းက နှစ်ပေါင်း ၅ဝ ကျော်ပြီဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာဖြစ်ပါတယ်။

“ ပြည်နယ်အတွင်းမှာနေထိုင်တဲ့တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုကိုရိုးရာယဉ်ကျေးမှုရဲ့ အသုံးအဆောင် ပစ္စည်းတွေရော ပြီးတော့ ဒြပ်ရှိနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုပေါ့နောဒါတွေကိုအဓိကထားပြီးတော့မှ တစ်စုတစ်စည်းပြသနိုင်ဖို့ အဲ့ဒါကိုရည်ရွယ်ပြီးတော့မှ ပြတိုက်ကိုထူထောင်ဖွင့်လှစ်ရခြင်းဖြစ်တယ်” လို့ ပြတိုက်ရဲ့ ဒုဦးစီးမှူး ဦးဖရေရယ် သိန်းဇော်ကပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီယဉ်ကျေးမှုပြတိုက်မှာပြခန်း(၆)ခုရှိပါတယ်။ ကယားမျိုးနွယ်စု ပြခန်း၊ ရိုးရာအသုံးအဆောင်ပြခန်း၊ ရိုးရာတန်ဆာ ပြခန်း၊ ပန်းချီ/ပန်းပုအနုပညာပြခန်း၊ ရိုးရာတူရိယာ ပြခန်း၊ ကယားပြည်နယ် သမိုင်းဝင်မှတ်တမ်းနှင့် စော်ဘွားပြခန်းများစတဲ့ ပြခန်းတွေကို ပြသထားပါတယ်။ ပြတိုက်မှာရှိတဲ့ ပြခန်းအတွင်းမှာ ပြသထားတဲ့ပစ္စည်းပေါင်း (၇၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ ပြခန်းတစ်ခုချင်းစီတိုင်းမှာ ပြသထားတဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီးစာနဲ့တကွ အကျဉ်းချုပ် ရှင်းပြထားတဲ့အတွက် လာရောက်လေ့လာသူတွေအတွက် အလွယ်တကူနားလည်နိုင်အောင် ဆောင်ရွက်ထားပါတယ်။

လက်ရှိမှာတော့ လာရောက်လေ့လာသူတွေထဲမှာ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ပါဝင်နေတဲ့အတွက် ပြတိုက် ဝန်ထမ်းတွေမှာရှင်းပြနိုင်တဲ့ ကျွမ်းကျင်မှုရှိသူတွေ မပါဝင်တဲ့အတွက် အခက်အခဲရှိတယ်လို့လည်းဆိုပါတယ်။

“လိုအပ်တဲ့ဝန်ထမ်းပေါ့နောဘယ်နိုင်ငံမဆိုရောက်လာလို့ရှိရင် ဝန်ထမ်းကအဆင်သင့်အနေနဲ့ပေါ့နောရှင်းပြနိုင်တဲ့လူလိုအပ်မယ်ထင်တယ်” လို့ ဦးဖရေရယ် သိန်းဇော်ကဝန်ထမ်းအခက်အခဲတွေကိုရှင်းပြပါတယ်။

တကယ်တော့ လူအများပညာ၊ ဗဟုသုတတိုးပွားစေဖို့ စိတ်ဝင်စားတဲ့နေရာတစ်ခု ဖြစ်လာဖို့ဆိုတာမလွယ်လှတာကြောင့် အများပြည်သူလာရောက်လေ့လာလည်ပတ်ချင်လာအောင်၊ စိတ်ဝင်စားမှုရှိရှိဆွဲဆောင်နိုင်မဲ့ ပြသမှုမျိုးနဲ့ ဆွဲဆောင်ရမဲ့နည်းလမ်းတွေကိုတာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ စီမံပြီးလုပ်ဆောင်သွားနိုင်မယ်ဆိုရင် ပြည်နယ်အတွက် များစွာသောအကျိုးထူးတွေ ရှိလာမယ်လို့ ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူး ခူးညွန့်ရယ်(ခ) မိုးစက်အောင်လင်းကသုံးသပ်ပြောဆိုသွားပါတယ်။

ကယား( ကရင်နီ) ပြည်နယ်မှာကယား(ကရင်နီ) မျိုးနွယ်စုတွေ အပြင် ကရင်၊ ရှမ်း၊ ပအို့ဝ်၊အင်းသားစတဲ့တိုင်းရင်းသားေွလည်းအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့အတွက် သူတို့နဲ့ သက်ဆိုင်တဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းတွေနဲ့ ပတ်သက်တာတွေကိုထပ်မံပြီးဖော်ထုတ်ပြသပေးနိုင်ရင် ပြည်နယ်အတွက် ပိုပြီးတော့ လေးနက်ပြည့်စုံလာမယ်လို့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှာတစ်ခုတည်းသာရှိတဲ့ဒီယဉ်ကျေးမှုပြတိုက်ကို ပြည်နယ်ရဲ့ ဂုဏ်ဒြပ်တစ်ခုအဖြစ် မှတ်ယူနိုင်သလို ပြည်နယ်အတွင်းမှာမှီတင်းနေထိုင်ကြတဲ့ကယား(ကရင်နီ) မျိုးနွယ်စုများအပါအဝင် အခြားသောတိုင်းရင်းသားတွေရဲ့ ရိုးရာ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကိုကိုယ်စားပြု ရည်ညွန်းပြတဲ့နေရာ ဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားတွေ စိတ်ပါဝင်စားတဲ့မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ယဉ်ကျေးမှုအထောက်အထားတွေကိုသိရှိနိုင်အောင် လာရောက်လေ့လာသင့်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Advertisement

ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များအထူးသဖြင့် ပြည်နယ်မှာရှိတဲ့လူငယ်မောင်မယ်များယဉ်ကျေးမှုပြတိုက်ကိုလာရောက်လေ့လာနိုင်ဖို့၊ တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်း၊ ရိုးရာဓလေ့၊ ဝတ်စားဆင်ယင်မှုတွေကိုသိရှိနိုင်ဖို့ ပြည်နယ်အစိုးရအနေနဲ့ ပံ့ပိုးမှုတွေများစွာလိုအပ်နေသေးသလိုတိုင်းရင်းသားတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ခူးညွန့်ရယ်(ခ) မိုးစက်အောင်လင်းကအကြံပြုပြောဆိုသွားပါတယ်။

“ ကျတော်တို့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့လိုမယ်ဆိုတာကိုကျတော်အကြံပြုချင်ပါတယ်။ ကျတော်တို့ တိုင်းရင်းသားတွေဟာဆိုရင် ကိုယ့်သမိုင်း၊ ကို်ယ့်ရာဇဝင်၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ ရှိကြတယ်လေ။

အဲ့ဒါတွေကို ပြန်လည်ဖော်ထုတ်ဖို့ ကျတော်တို့ တိုင်းရင်းသားတွေကိုအားပေးရမယ် အထောက်အကူပြုရမယ် ဒီသမိုင်းအခေါ်အဝေါ်တွေကအစကျတော်တို့ ဆောင်ရွက်တဲ့ဟာတွေကိုနားလည်ပေးရမယ် သုံးသပ်ပေးရမှာပေ့ါနောဘာဖြစ်လို့လဲဆိုရင် ကိုယ့်ရဲ့ identity ဟာပျောက်တော့မယ်လေပျောက်တော့မဲ့ဟာကိုတိုင်းရင်းသားတွေ ပြန်လည်ဖော်ဆောင်တဲ့အခါမှာအစိုးရတွေ ပံ့ပိုးဖို့ လိုသလိုသက်ဆိုင်ရာယဉ်ကျေးမှုဌာနကလည်းပံ့ပိုးကူညီဖို့ အများကြီးလိုသေးတယ်ပေါ့ “ လို့ သူကအကြံပြုပြောဆိုသွားတာပါ။

ယဉ်ကျေးမှုပြတိုက်ဆိုတာဟာလူအများကိုသိလိုစိတ်၊ အပန်းဖြေလိုစိတ်၊ မှတ်သားလိုစိတ်တွေ မွေးဖွားပေးနိုင်တာ ဖြစ်တဲ့အတွက် ယခုထက်ပိုပြီးအများပြည်သူတွေ ဝင်ထွက်သွားလာအပန်းဖြေနိုင်အောင် ရိုးရာယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့တိုင်းရင်းသားတွေရဲ့ ရှေးဟောင်းအမွေအနှစ်များ၊ စာအုပ်စာပေများကိုထပ်မံစုဆောင်းကာခင်းကျင်းပြသနိုင်ဖို့ လိုအပ်နေသေးတယ်လို့ ခူးညွန့်ရယ်(ခ) မိုးစက်အောင်လင်းကထပ်မံအကြံပြုပြောဆိုသွားပါတယ်။

spot_img
spot_img

Recent posts