spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“အများစုကျတော်တို့ကြုံတွေ့စီစစ်သလောက်ကတော့ ဘတ်ဂျတ်က ချထားပေးတဲ့ငွေတွေအတိုင်းမလုပ်တာကိုတွေ့ရပါတယ်။”

Author

Date

Category

စိုးထိုက်အောင်

ဦးမြင့်မောင် (တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး)

၂၀၁၅ ရွေးကောက်ပွဲအပြီး အသစ်တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်နဲ့ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်မှာဆိုရင် ပြည်သူ့အကျိုးပြု ကော်မတီတွေ ၉ ဖွဲ့ဖွဲ့ ထားကြတာတွေ့ရပါတယ်။ အဲဒီမှာ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ ဆိုတာလည်း ပါရှိပါတယ်။

တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ကို ၂၀၁၆ခုနှစ် ၊ စက်တင်ဘာ (၃၀)ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကယားပြည်နယ် လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၆) ဒုတိယနေ့ အစည်းအဝေးမှာ အတည်ပြုခဲ့တယ်လို့ ကယားပြည်နယ်လွှတ်တော်ဝက်ဆိုက် စာမျက်နှာဖော်ပြပါအချက်အရ သိရပါတယ်။

ပြည်သူတွေရဲ့ တိုင်စာပစ်စာတွေထဲမှာလည်း ဒီလို အစိုးရလက်ထက် လမ်းတံတား၊ အဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေစတာတွေလည်း စီစစ်ရတယ်လို့ကြားသိရပါတယ်။

၎င်းအဖွဲ့က နိုင်ငံသားတိုင်း တန်းတူညီမျှမှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိရေးတို့ ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့များ၏ တိုင်စာပစ်စာကိစ္စရပ်များနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာခြင်း၊ ကွဲလွဲမှုများရှိပါက စိစစ်ခြင်း၊ အကြံပြုတင်ပြခြင်း စတဲ့ တာဝန်များကို ဆောင်ရွက်ရမည့် အဖွဲ့ဖြစ်ပါတယ်။

လောကထူးရွာ၊ လောပိတ ၊ လွိုင်ကော်မြို့နယ်တွင်နေထိုင်တဲ့ ကယားပြည်နယ်လွှတ်တော်၏ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ ၏ အတွင်းရေးမှူးဖြစ်တဲ့ ဦးမြင့်မောင်ကို အစိုးရရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အမြင်သဘောထားကို မေးမြန်းထားပါတယ်။

မေး။ ။ ဆရာတို့ကော်မတီကနေ လုပ်ဆောင်နေတဲ့ လုပ်ငန်းအပိုင်းတွေပြောပြပေးပါ။

ဖြေ။ ။ ကျတော်တို့ကတော့ ပြည်သူတွေရဲ့အဓိက တိုင်ကြားလာတဲ့ တိုင်ကြားစာတွေကို ကျတော်တို့ကွင်းဆင်းစစ်ဆေး စီစစ်ကြားနာဆောင်ရွက်တာတွေရှိတယ်။ နောက်ပြည်သူ့ငွေစာရင်းကလဲ ဒီဘတ်ဂျတ်နဲ့ပတ်သတ်လာတဲ့လုပ်ငန်းတွေအားလုံးကို ကျတော်တို့ကွင်းဆင်းစစ်ဆေးပြီးတော့မှ ဒီအပေါ်မှာ အားနည်းချက်၊ အားသာချက်တွေကို ကုမ္ပဏီတွေဘက်က လိုက်နာဆောင်ရွက်အောင် ကျတော်တို့ဆောင်ရွက်နေပါတယ်။ ဒီရက်ပိုင်းဆိုကျတော်တို့တောက်ရှောက်ကွင်းဆင်းဆောင်ရွက်နေကြပါတယ်။

မေး။ ။ ကွင်းဆင်းဆောင်ရွက်နေတဲ့အပေါ်မှာရော အရင်အစိုးရထက် ဒီအစိုးရလက်ထက်မှာ ဘာတွေထူးခြားလာတာတွေ့လဲ။

ဖြေ။ ။ ကျတော်တို့အခုလိုမျိုးလွတ်တော်ကနေပြီးတော့ ဒီပြည်သူ့ငွေစာရင်းစောင့်ကြည့်ရေးကော်မတီတွေ၊ အခုတိုင်စာ ဆန်းစစ်ရေးအဖွဲ့တွေပေါ့နော် ကျတော်တို့ကော်မတီတော်တော်များများက တကယ့် ကျတော်တို့မြေပြင်အရောက် ပြည်သူလူထုရဲ့ အသံကို နားထောင်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့အတွက် ဘာဘဲပြောပြော ဒီအစိုးရလက်ထက်မှာတော့ လမ်းတွေ၊ အဆောက်အဦးတွေ အရင်ထက် အရည်အသွေးကောင်းလာတာတွေ့ရတယ်။ အပြည့်အဝမဟုတ်တောင်မှ အရင်အစိုးရထက်တော့ အများကြီးကောင်းမွန်လာတယ်လို့ပြောလိုပါတယ်။

မေး။ ။ ဆရာတို့ကော်မတီအနေနဲ့စီမံကိန်းတွေ အရေအသွေးပြည့်မှီအောင် ဘယ်လိုလေ့လာစောင့်ကြည့်တာလဲ။

ဖြေ။ ။ ကျတော်တို့ပြည်နယ်မှာ လုပ်နေတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပေါ့နော် တည်ဆောက်ရေးလုပ်ငန်းတွေကို ကျတော်တို့ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစရင်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့ကနေပြီးတော့ အမြဲတန်းကျတော်တို့စောင့်ကြည့်စစ်ဆေးပြီးတော့ လိုအပ်တာတွေကို ကျတော်တို့အရေအသွေးပြည့်မှီရေးအတွက် ကျတော်တို့ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။

မေး။ ။ ကုမ္ပဏီအချို့က တင်ဒါအောင်ဖို့အတွက် အစိုးရအဖွဲ့တစ်ချို့ကိုလာတ်ထိုးထားရတယ်လို့လည်း ဝေဖန်မှုတွေ ကြားနေရတယ်။ ဒီအပေါ်မှာရော ချပေးလိုက်တဲ့ဘတ်ဂျတ်ငွေက လုပ်ငန်းအတွင်းမှာ အကုန်ရောရောက်ရဲ့လား။ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျတော်တို့လဲ ပြည်သူလူထုတစ်ယောက်ဖြစ်တဲ့အတွက် အဲ့သတင်းမျိုးတော့ကျတော်တို့ကြားပါတယ်။ ဒါပေမဲ့ဟုတ်မဟုတ်တော့ ဒါကာယကံရှင်တွေကျမှဘဲ သိမှာဘဲ။ ဒါပေမဲ့ကျတော်တို့အခုကာလဆိုကျတော်တို့လွှတ်တော်ကနေပြီးတော့ ဒီဘတ်ဂျတ်နဲ့ပတ်သတ်တဲ့လုပ်ငန်းတွေအားလုံးကို ကွင်းဆင်းစစ်ဆေးနေတာတွေရှိပါတယ်။ ကြားနာစစ်ဆေးနေတာတွေရှိပါတယ်။ အများစုကျတော်တို့ကြုံတွေ့စီစစ်သလောက်ကတော့ ဘတ်ဂျတ်က ချထားပေးတဲ့ငွေတွေအတိုင်းမလုပ်တာကိုတွေ့ရပါတယ်။ တစ်ချို့ဆိုရင် ဒါရာနှုန်းပြည့်မပြီးစီးဘဲနဲ့တောင်မှငွေေတွေကို ရာနှုန်းပြည့်ထုတ်သွားတဲ့ ဌာနတွေ၊ လုပ်ငန်းတွေရှိပါတယ်။ အဲ့ဒါတွေကတော့ ကျတော်တို့ပြည်သူ ဘဏ္ဍာတွေဆုံးရှုံးနေတယ်လို့ထင်ပါတယ်။

မေး။ ။ ဘတ်ဂျတ်ကိစ္စနဲ့ပတ်သတ်ပြီးတော့ တခြားဘာပြောပြချင်သေးလဲ။

ဖြေ။ ။ ကျတော်တို့ပြည်နယ်မှာ နှစ်စဉ်ဘတ်ဂျတ်တွေရရှိတယ် အဲ့လိုဘတ်ဂျတ်တွေ ရရှိတဲ့အခါမှာလဲ ရှင်းရှင်းပြောရင် ဒေသခံကုမ္ပဏီတွေရော ၊ တခြားနယ်က ကုမ္ပဏီတွေရော လာပြီးတော့ အပြိုင်ဆွဲကြတယ်ပေါ့ နော် ဖြစ်နိုင်ရင်တော့ ကျတော်တို့ဒေသခံကုမ္ပဏီတွေကိုဘဲ အများစု ဒီလုပ်ငန်းတွေကို ပေးစေချင်တယ်။ ဘာကြောင့်တုန်းဆို ဒီကုမ္ပဏီတွေအလုပ်ရလို့ရှိရင် ကျတော်တို့ဒေသခံတွေအလုပ်ရပါတယ်။ ဒီကုမ္ပဏီတွေအကျိုးရှိလို့ရှိရင် ဒေသမှာ ပြန်ပြီးတော့ အကျိုးရှိပါတယ်။ နောက်ဆုံး ဒေသမှာ အခွန်ဆောင်မယ်ဆိုလဲ ဒေသကုမ္ပဏီတွေသာလျင် ဒေသမှာ အခွန်ဆောင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က သူတို့မြတ်လို့ရှိရင် သူတို့ကျန်တဲ့လုပ်ငန်းတွေတိုးချဲ့မယ်ဆိုရင်လဲ ဒါကျတော်တို့ပြည်နယ်အတွက်အများကြီး အကျိုးရှိပါတယ်။ တစ်ခြား ပြည်နယ်၊ တိုင်းက ကုမ္ပဏီတွေကို ပေးလိုက်မယ်ဆိုရင် ဒီ အကျိုးအမြတ်တွေအားလုံးက တစ်ခြားပြည်နယ်၊ တိုင်း ကိုရောက်သွားမယ်။ သူတို့အခွန်ဆောင်ရင်လဲ တစ်ခြားပြည်နယ်၊ တိုင်းမှာ အခွန်သွားဆောင်ပါတယ်။ နောက်ပြီးတော့ အလုပ်သမားတွေဆိုလဲ သူတို့တစ်ခြားတိုင်းနဲ့ပြည်နယ်ကနေ ခေါ်လာတဲ့အတွက် ကျတော်တို့မှာ အဘက်ဘက်က ဆုံးရှုံးပါတယ်။ အဲ့တော့ ဒီတင်ဒါလုပ်ငန်းတွေ အားလုံးကို ဖြစ်နိုင်သမျှ ကျတော်တို့ ဒေသခံကုမ္ပဏီတွေ၊ ဒေသခံပြည်သူလူထုတွေကိုဘဲ ပေးရင် ကျတော်တို့အတွက် အကျိုးကျေးဇူးပိုများတယ်လို့ ကျတော်အနေနဲ့အကြံပြုလိုပါတယ်။

spot_img
spot_img

Recent posts