spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

“အမှန်တိုင်းပြောရင် မှားတယ်”

Author

Date

Category

မင်းဈာန်ဖြိုး (လွိုင်ကော်) ရေးသားသည်။

(၁) ဘာလို့မှားလဲဆိုရင် အမှန်တိုင်းပြောလို့မှားတယ်လို့ပဲ ဖြေရပါမယ်။ မှန်တာပြောရင် ရွာပြင်ရောက်ဆိုတဲ့စကားကလည်း တယ်မှန်သကိုး။ဒ ါပေမယ့်ပြောပြီးသွားပြီလေ ဘယ်တတ်နိုင်ပါ့မလဲ။ဥပမာ – ဟဲ့ နင့်မျက်ချေးတွေသုတ်လိုက်ဦးလို့သွားပြောကြည့်ပါလား။ ငါသိပါတယ် ဆရာမလုပ်နဲ့ဆိုပြီးလာသေးတာ။ အဲနေရာမှာ foreigner ဆိုရင် thanks you လို့ပြန်ပြောမှာအသေချာပဲ။

ဒီမှာတော့ thanks you ဆိုတာကို တွင်တွင်ကျယ်ကျယ်သုံးတာ မတွေ့ရဘူး။နင့်မျက်ချေးတွေက လှလိုက်တာဟယ်လို့များ မုသားသုံးပြီးအမွှန်းတင်ကြည့်ပါလား အကောင်းဆုံးဆိုင်မှာ မုန့်လိုက်ဝယ်ကျွေးလိမ့်မယ်။

အကယ်၍ သူသာပါတီထောင်ထားတဲ့သူဆို အနိုင်ရရင် နေရာကောင်းတစ်နေရာတော့ ရပြီးသားပဲ။ ဒါကြောင့် မှန်တိုင်းလည်း မပြောရဲဘူးဗျ။ မီးပွိုင့် တစ်ရက်လောက်မီးမလာလို့ လူမှုကွန်ရက်မှာတင်မိရင်တောင် အကောင့်က report မိသေးသဗျ။

လမ်းလေးအတော်ဆိုးနေလို့ ပုံရိုက်တင်ရင်လည်း အဘမ်းခံရသေးတာ။ တဖြည်းဖြည်းနဲ့ လိုင်းပေါ်တောင်မတင်ရဲတော့တဲ့အထိပဲ။ ကျုပ်အကောင့်ကို တော်တော်ချစ်ပုံပဲ။ ထုရတာနဲ့ ဘမ်းရတာနဲ့ ဖျက်ရတာနဲ့ စုံစီနဖာစေ့။ ရပ်ကွက်ထဲပြောမိပြီး သတင်းလည်းပျံ့ရော ကျုပ်ကို မျက်စိဒေါက်ထောက်လိုက်ကြည့်နေတော့တာပဲ၊ မသိရင် ကျုပ်က ဝရမ်းပြေးကြီးကျလို့။

ဆရာ ကျွန်တော်တို့ရပ်ကွက် ရေမလာလို့ဗျဆိုလည်း အင်းမလုပ် အဲမလုပ်။ ကိုယ်ချင်းစာတရားဆိုတာ ဘာလဲသိအောင် သူ့အိမ်ကရေပိုက် မြေလှန်ပြီးသွားပိတ်ထားရင်လည်း မောင်မင်း လွန်ရာကျဦးမယ်။

ဟိုတလောက စေးသွားရင်းသူငယ်ချင်းနဲ့တွေ့လို့ အအေးသောက်ရင်း စကားစမြည်ပြောဖြစ်တော့ ပြောင်းလာတာမကြာသေးဘူးတဲ့။ ဘာလို့ပြောင်းလာတာလဲဆိုတော့ အပြောင်းခံရတာဆိုပဲ။ မင်းက မဟုတ်တာဘာတွေ သွားပြောလို့လဲမှမသိတာဆိုပြီး စကားနှိုက်ကြည့်တော့ အမှန်တွေပြောလို့ရွှေ့လိုက်သတဲ့လေ။

ကျုပ်ဖြင့် အံ့သြလို့မဆုံးပေါင်။သူအဲ့လို ပြောင်းရွှေ့ခံရတာ မြန်မာပြည်နှံ့လုနီးပါးဖြစ်နေပကိုး။ ထီသိန်းတစ်သောင်းခွဲဆိုပေါက်တဲ့သူ ဘုရားဖူးအနှံ့ထွက်ရင်တောင် သူ့လောက်နှံ့စပ်လိမ့်မယ်မထင်။

ကျုပ်ပြောပါတယ် မှန်တာပြောရင် မှားတယ်လို့၊တခါတခါ ဘေးအိမ်ကလင်မယားတွေရန်ဖြစ်စကားများ ရင်ကြားနေရတာတစ်ခုရှိတယ်။

“ငါ့ပြန်ခံမပြောနဲ့ ပါးပိတ်ရိုက်လိုက်မယ်တဲ့”။ နင်အရင်က ဒီလိုမဟုတ်ပါဘူး ဘယ်ကတတ်လာတာလဲဆိုပြီး သူ့မိန်းမကမေးတော့ ရုံးကတတ်လာတာတဲ့လေ။ သူပြောပုံကလည်း ရယ်ရခက် ငိုရခက်ကြီး။ဒါပေမယ့် ကိုဈာန်တို့တော့ရယ်မိတာပေါ့လေ။

(၂) မှတ်မှတ်ရရ ငယ်ငယ်က ကျောင်းမှာအတန်းမော်နီတာတုန်းကဟာလေး သွားသတိရမိသပါ့။ ဆရာမစားပွဲပေါ်ကမြေဖြူ ဘူးထဲ မြေဖြူမရှိတော့လို့” ဆရာမ မြေဖြူမရှိတော့ဘူးခင်ဗျ” ဆိုတော့ – မရှိဝယ်လေ ငါ့လာမပြောနဲ့ဆိုပြီး အသားလွတ်ငေါက်ခံရသေးတာ။ အဲ့ဒါ သွားဝယ်တော့ လမ်းမှာ ကျောင်းအုပ်ကြီးနဲ့တည့်တည့်တိုးလို့ ကျောင်းပြေးတယ်ထင်ပြီး သူ့ရုံးခန်းထဲခေါ်တွေ့သေးတာ။ဒီမှာပြောလည်းရနေတာကို သူ့ရုံးခန်းထဲသီးသန့်ခေါ်တွေ့တယ်ဆိုတော့ ကျုပ်ကိုများကြိုက်နေလားမသိဘူးဆိုပြီး သံသယဝင်မိသေးတာ၊ အဟိ – သူ့ရုံးခန်းထဲရောက်တော့ ဘာမှတောင်ပြောချိန်မရလိုက်ပါဘူး။ နောက်ဆုံး”ဟုတ်ကဲ့”တစ်လုံးတည်းပြောပြီး ပြန်ထွက်လာရတယ်။

မြေဖြူတစ်တောင့်နဲ့ ရုံးခန်းရောက်ရတာလည်း အမှတ်တရတစ်ခုပေါ့။ တကယ်တော့လည်း ဝေဖန်တာနဲ့ ဖဲ့တာနဲ့ ရွဲ့တာနဲ့ ခနဲ့တာနဲ့ ပုတ်ခတ်တာက မတူဘူးလေ နော့။ မဆလခေတ် ဦးနေဝင်းလက်ထက်တုန်းက ဦးနေဝင်းကိုပြောင်ပြောင်တင်းတင်းသရော်ပြီး ပြက်လုံးထုတ်ရဲခဲ့တာဆိုလို့ ဇာဂနာပဲရှိတယ်။

ညတွင်းချင်း အဖမ်းခံရတာလည်း ဇာဂနာပဲ။နောက်မှ ဒေါ်စန္ဒာဝင်းကပြောပြလို့ ဦးနေဝင်းကသိသွားတော့ စိတ်ဆိုးပြီး ပြန်လွှတ်ပေးခဲ့တယ်လေ။ စိတ်ဆိုးတာက ဖမ်းလို့စိတ်ဆိုးတာ သူ့ကိုသရော်ပြက်လုံးထုတ်လို့မဟုတ်ဘူး။ နောက်နေ့ ပြန်လွှတ်ပေးလိုက်တော့တာ။ ဦးနေဝင်းက သဘောကျပြီး ပြန်လွှတ်ပေးတာလည်း သင်ခန်းစာပဲ။

အမလေး ခုခေတ်များ ဝေဖန်ကြည့်ပါလား။ အမျိုးထိ ဓားကြည့်ဆိုသလို မျိုးချစ်တွေက များသားဗျ။ ဝေဖန်ခံရတဲ့ကာယကံရှင်က သဘောမကျတဲ့အပြင် အိမ်တိုင်ရာရောက် လာထောင်းမယ့်သဘောမှာရှိတယ်။

ခုတောင် သတင်းစာတွေထဲ တွေ့နေရတာပဲ။ ဘယ်သူ့ကိုဝေဖန်လို့ တရားစွဲလိုက်သည်ဘာညာ ဘလာဘလာပေါ့၊အဲ့ဒါတွေသိလို့ မဝေဖန်ရဲဘူး။ ရွာဦးကျောင်းမှာ lounge speaker နဲ့ တညလုံး လုံးစေ့မပျက်ဖွင့်နေတာ ရက်တွေဆက်လာတာ ဟုတ်တော့မဟုတ်သေးဘူးလို့ ပါးစပ်ကယောင်ပြီးထွက်မိတာတောင် ဒီကောင်ဘာသာတရားမရှိတဲ့ကောင်ဆိုပြီး ကလော်တုတ်ခံရသေးတာဗျ။

သူတို့ကြည့်တော့ဖြင့် စိန်ရောင်ခြည်ပင့်တောင် လေယူလေသိမ်းမှန်တာမဟုတ်ဘူးရယ်။ တကယ်တော့ ကိုဈာန်က ဗုဒ္ဓဘာသာစစ်စစ်ဗျ။ ဒေဗစ်လားကိစ္စ နည်းနည်း foul ထုတုန်းကတောင် ခရစ်ယာန်အများစုက ဝိုင်းသမလို့ မသိမသာလေးပဲငြိမ်နေလိုက်တယ်။

သူတို့အယူဆလွဲတယ်လို့ပဲမှတ်လိုက်ပါတယ်။ ကျုပ်ဖြင့် စဉ်းစားမိပါတယ်။ ဝေဖန်တာကိုအကောင်းမြင်တတ်တဲ့ဆေးလေးဘာလေးများမရှိဘူးလားပေါ့။ မြင်သမျှ ဝေဖန်တော့လည်း လော်ဘီဆိုပြီး အကြိတ်ခံရသေး။

ဘာမှဝင်မပြောပဲနေပြန်တော့လည်း နိုင်ငံရေးစိတ်မပါတဲ့ကောင် အလကားကောင်ဆိုပြီး အသားလွတ်အထောင်းခံရသေး။ ဘယ်လိုနေနေ လွတ်ကိုမလွတ်တာ။ တယ်- ငါပြောလိုက်ရမကောင်းရှိရော့မယ်။

ကြမ်းပိုးကြီးမြင်လျက်သားနဲ့ လိပ်ကြီးဟဆိုပြီး ငါးခူပြုံးနဲ့ ဝန်ဆောင်ပြီး အားမပေးတတ်ပါဘူး။တစ်ခုခုများ မနေနိုင်မထိုင်နိုင် ဝင်ပြောမိဝေဖန်မိရင်တောင် ငါသိတယ် ဆရာမလုပ်နဲ့ မင်းကဆရာကြီးလား မင်းကဘာသိလို့လဲ မင်းကဘယ်လောက်နားလည်လို့လဲဆိုပြီး မျက်နှာမည်းကြီးနဲ့ အပေါ်စီးကနေ ဖိဟောက်သေးတာ၊ အင်းလေ ကျုပ်ကနားမလည်လို့မှမေးပါတယ်ဆို ဟောက်ဖို့လောက်ပဲသိတယ်။

ဝေဖန်တဲ့အဆင့်တောင်မရောက်သေးပါဘူး မှန်တာလေးပဲပြောရသေးတယ်။လူကို ထောင့်မကျိုးတဲ့အကြည့်နဲ့က ကြည့်သေးသဗျာ။ ရော် ခက်ပြီ။ ကိုယ်က မှန်နေလွန်းအားကြီးနေလို့တော့မဟုတ်ပေမယ့် သူတို့လုပ်တာပုံမမှန်ဘူးဆိုတာတော့သိတယ်။

သွားပြောလည်း လူမုန်းရုံပဲအဖက်တင်တယ်။ အဲ မပြောပဲနေနိုင်လားဆိုတော့လည်း ကိုဈာန်တို့ခဗျာ မနေနိုင်မထိုင်နိုင် ပါးစပ်သရမ်းသေးတာ။

(၃) ဘယ်သူမဆို အကောင်းပြောတာ မြှောက်ပြောတာပိုကြိုက်ကြတာလေ။မြှောက်ပေးရင် ကွေးနေအောင်ကတယ်ဆိုတာ ကလေးတွေမှမဟုတ်ဘူး။ လူကြီးတွေလည်း ထိုနည်း၎င်းပဲ။နောင်ယားဈေးမှာ ဈေးသွားဝယ်ရင်တောင် ကြက်သားသည်ကို ” ဟာ ခုတ်တာကျွမ်းလှချည်လားဗျ မိုက်တယ်ဗျာ။ အသားတွေလည်း လတ်နေရောပဲ” လို့မြှောက်ပြောဖူးတယ်၊အမယ် ဘယ်ဆိုးလို့လဲ ငါးဆယ်သားဝယ်တာ နှစ်ဆယ်သားအပိုထည့်ပေးလိုက်သေးတယ်။ ဦးနုရဲ့ မိတ္တဗလဋီကာစာအုပ်ထဲက နည်းလမ်းက အတော်အသုံးဝင်သားဗျ။ နောက်ပြီး အရူးဘုံမြှောက် ချီးခြောက်ကောက်စားဆိုတဲ့စကားကလည်း အလကားဖြစ်လာတာမှမဟုတ်ပဲ။

ကျန်တာမကြည့်နဲ့ ဘနားနားခြိမ့်ကေကိုပဲကြည့်။

မြှောက်တဲ့သူကမြှောက်ပေးတော့ သူ့ခမျာဂျိုကြွပြီးမြောက်နေလိုက်ပုံများ ၃၁ဘုံတောင် ကျော်နေပြီလားအောက်မေ့ရတယ်။ နိုင်ငံကို ဘယ်လိုကောင်းစေချင်တာ ဘယ်လိုအကျိုးပြုချင်တယ်လို့ အပြောပဲရှိတာ ခုထိကျော်ကျော်နန္ဒ Shareလို့ကောင်းတုန်း ဘနားနားကို Idolဆိုပြီးပေးလို့ကောင်းတုန်း။

တော်ပါပြီ မပြောရဲပါဘူး။ တော်ကြာ ငါ့idolကိုမထိနဲ့ဆိုပြီး ဝိုင်းကိုက်နေမှဖြင့် ကိုဈာန်မျိုးကန်းနေပါဦးမယ်။ ကျုပ်ဖြင့် မိန်းမ ရသေးတာမဟုတ်ဘူး။ ဒီလောက်ဝေဖန်နေတဲ့ကောင် ဒီတစ်သက်မိန်းမရနေပါလိမ့်ဦးမယ်ဆိုပြီး ဘော်ဒါတွေက တောက်လျှောက် ဖဲ့နေခဲ့တာ။

ဟုတ်တော့လည်းဟုတ်ပါတယ်လေ။ အိမ်နီးချင်းက လူကြီးတစ်ယောက်ကို အလုပ်ကိစ္စလေး လမ်းကြုံလို့ ဝေဖန်မိတာ မင်းဘယ်လောက်သိဘယ်လောက်တတ်နေလို့လဲ ငါ့အကြောင်းဘယ်လောက်သိနေလို့လဲဆိုပြီး မာန်ဖီနေသေးတာဗျ။ ကျုပ်ရှေ့မှာမို့ ဒေါခီးနေတာနေမှာ။ ကွယ်ရာမှာဆို ဖနောင့်နဲ့ကြမ်းပြင် မီးပွင့်အောင်ပွတ်ပြီး ဆူပုပ်ကောက်ချိတ် ငိုဗြဲနေမှာ မြင်ယောင်သေး။

လူကသာကြီးသာ ကလေးစိတ်နဲ့ပုဆိုးဝတ်တွေမှဖြင့် အများကြီးမှအများကြီး။အဲ့ဒါနဲ့ သူ့မိန်းဆီ သတင်းဖောက်သည်ချပလိုက်တာပေါ့။ ဒါမျိုးလာစမ်းလို့တော့ ဘယ်ရမလဲ။ဦးလေးကို ဘယ်KTV မှာ ဘယ်သူတွေနဲ့တွေ့ခဲ့တာ ဘယ်လိုဘယ်ကြောင်းရှိတာဆိုပြီး သွားချွန်လိုက်တာ နောက်နေ့ လင်မယားတွေ အကြီးကျယ် ရန်သတ်ပါလေရော။

အုတ်တံတိုင်းကြီး ကားနဲ့ဝင်တိုက်ပစ်လို့ ကျုပ်တောင် သွားပြင်ပေးရသေးတယ်။မှတ်ပလားလို့ စိတ်ထဲက ခပ်ရွဲ့ရွဲ့မေးလိုက်သေးတယ်။ စိတ်ထဲကပါ ပါးစပ်ကတော့မပြောရဲဘူး။ တော်ကြာ လက်သီးစာမိနေပါဦးမယ်။

ကျုပ်က ခါးပတ်နက်လုကတာပဲဝါသနာထုံတာ။ ရန်ဖြစ်ရတာ နည်းနည်းလေးမှ ခုံမင်တာမဟုတ်ဘူးရယ်။ဒါကတော့ ချွန်တာပဲဆိုပါတော့ ရိုးရိုးချွန်တာမဟုတ်ဘူး။ သက်သက်ကိုသွားချွန်တာ၊ မသိဘူးလေ သူပဲ မင်းကငါ့အကြောင်းဘယ်လောက်သိလို့လဲဆိုပြီး ရွဲ့သလိုစိန်ခေါ်သလိုလုပ်တော့ ပါးပါးလေးပုပ်ပေးရတာပေါ့။

ခုထိ ဝေဖန်တာနဲ့ ချွန်တာကို လေနဲ့ဝမ်းမကွဲသေးတဲ့သူတွေ ဘုံဘန်နေတာပဲ။ အောတိုက်ပဲ။ ထိချက်မိမိ ဝေဖန်နိုင်တယ်ဆိုတာကတော့ ကောင်းတဲ့အလုပ်ပေါ့။ ဝေဖန်တာကိုနာယူပြီး အဆိုး/ကောင်း ခွဲခြမ်းပြုပြင်ပြောင်းလဲတာက ကောင်းတဲ့ လက္ခဏာပေါ့။

အဲ့နှစ်ခုပေါင်းရင် မင်္ဂလာတစ်ပါးပေါ့။ အဲ့လိုမဖြစ်ခဲ့ဘူးဆိုရင်တော့ ပြောတဲ့သူပဲ အမုန်းခံရ အကုသိုလ်ဖြစ်ရတာပေါ့လေ။ ဒါကြောင့်မို့ပြောတာပေါ့ မှန်တာပြောရင် မှားတယ် လို့။

အမှန်တော့ မှားနေတာကိုလည်း ပြောချင်တယ် ပြောတာလည်း မှားသွားမှာစိုးတယ်။ ဒါပေမယ့်လည်း အမှားတိုင်းကြီးဆက်ထားနေရင် မှန်လာမှာတဲ့လား? မှန်မမှန်တော့မသိဘူး သွားပြောရင် နဖူးနဲ့ ခဲနဲ့တော့ မှန်သွားမှာ ကျိန်းသေးတယ်။ ဒါကြောင့် မပြောတော့ဘူး။ ကျုပ်မှာ နားမလည်ပဲကို သူတို့ပဲသိ သူတို့ပဲတတ် သူတို့ပဲနားလည်နေတာဆိုတော့လေ။ မသိဘူး မှန်တာပြောရင် မှားတယ်။ ဒါပဲ။

spot_img
spot_img

Recent posts