ကန္တာရဝတီတိုင်း(မ်)
အလယ်ကယန်းဒေသ တယု ကျေးရွာ မှာလည်း စစ်ရှောင်တွေနဲ့ ရွာခံ ကျောင်းသား/သူ တွေကို ပညာသင်ကြားပေးနေပြီး ဗလာစာအုပ်နဲ့ စာရေးကိရိယာတွေ မလုံလောက်တာကြောင့် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။
” ရေးစာအုပ်လေးတွေ လိုနေတာပါ။ ဖတ်စာအုပ်ကတော့ လောက်ပါတယ်။
ဗလာစာအုပ်တွေမလောက်တော့ ရှိတာနဲ့ပဲ ရေးကြပါတယ်။ မိဘတွေကလည်း မဝယ်ပေးနိုင်ကြဘူး ဒီအချိန်က အလုပ်လည်းမရှိ ဝင်ငွေလည်းမရှိတော့ စာအုပ်ဝယ်ဖို့ ခက်ခဲနေကြတယ်။” လို့ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးကပြောပါတယ်။
ကျောင်းစဖွင့်တဲ့အချိန်မှာတော့ ကျောင်းသားတွေကို တစ်ယောက်ကို ၄ အုပ်နှုန်း ဝေပေးတာရှိပြီး ဘာသာရပ်များတော့ ဗလာစာအုပ်အရေအတွက် မလုံမလောက်တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။
ဗလာစာအုပ်အပြင် စာရေးကိရိယာဖြစ်တဲ့ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲဖျက် နဲ့ ဆရာမတွေအတွက် ထိုင်ခုံ၊ စာသင်ပုန်း တွေလည်း လိုအပ်သေးကြောင်း သိရပါတယ်။
ဆရာမတွေအတွက် ထိုင်ခုံမရှိတာမို့ တစ်နေကုန် မတ်တပ်ရပ်ပြီး ကလေးတွေကို စာသင်ပေးရတယ်လို့ ဆရာမတွေက ဆိုကြပါတယ်။
အလယ်ကယန်းဒေသ တယု ကျေးရွာ က ဖွင့်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာတော့ KG ကနေ အဋ္ဌမတန်းထိ သင်ကြားပေးနေပြီး ဆရာ/ ဆရာမ (၉) ဦးက စုစုပေါင်း ကျောင်းသားဦးရေ ၁၇၀ ဦးတို့ကို စာသင်ကြားပေးနေတာဖြစ်ပါတယ်။
ကရင်နီပြည်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ပြည်သူအများအပြား ဘေးလွတ်ရာကိုရွှေ့ပြောင်းရင်း ပညာရေးကိုလည် ၂ နှစ်နီးပါး ရပ်တန့်ခဲ့ရပါတယ်။ ယခုအချိန်မှာတော့ ကရင်နီပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းနေရာတော်တော်များများမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေကို CDM ပညာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ပညာသင်ကြားပေးနေတာတွေ ရှိလာပါတယ်။