spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အသံတိတ်ဆန္ဒပြရာတွင် စစ်တပ်/တပ်မတော် ဟု အသုံးပြုခွင့်မရ

Author

Date

Category

ကရင်နီသူ

ယနေ့ ဒီးမော့ဆိုမြို့တွင် လူငယ်များ အသံတိတ်ဆန္ဒပြပွဲပြုလုပ်ရာတွင် စစ်တပ် (သို့) တပ်မတော် ဆိုသည့် စကားလုံးကို အသုံးပြုခွင့်မရသည့် အတွက် တိတ်အနီရောင်များဖြင့် ၎င်းစကားလုံးကိုပိတ်ပြီး ဆန္ဒပြနေကြသည်ကို တွေ့မြင်နေရပါသည်။

̏ ဒီအနောက်မှာ ကျွန်တော်တို့ဖုံးထားတဲ့ဟာက သူတို့ကန့်ကွက်တဲ့ဟာပါ။ သူတို့ဖြုတ်ခိုင်းတဲ့ဟာပါ။ ကျွန်တော်တို့ကမဖြုတ်ချင်ဘူး။ ကျွန်တော်တို့က စစ်တပ်တွေကျွန်တော်တို့ သိမ်းထားတဲ့မြေတွေကို ပြန်လည်စွန့်လွတ်ဖို့ ၃ရက်နေ့မှာ ကျွန်တော်တို့ မြို့နယ်ထွေ/အုပ်မှာ ဆွေးနွေးတယ်။ အဲ့ဒီမှာ စစ်တပ်ကအရာရှိတစ်ယောက်ပါတယ် အဲမှာ စစ်တပ်လို့မသုံးဘဲနဲ့ တပ်မတော်အနေနဲ့ သုံးပေးပါဆိုလို့ ကျွန်တော်တို့လည်း ရတယ်၊ တပ်မတော်အနေနဲ့ပဲ သုံးပေးမယ်လို့ အဲ့မှာ ကျွန်တော်တို့သဘောတူခဲ့တယ်။ အဲ့ဒါက ၂ရက်နေ့၊ ကျွန်တော်တို့ မြို့နယ်ထွေ/အုပ်ရုံးမှာ သဘောတူခဲ့တယ်၊ နောက်တစ်နေ့မှာ ကျွန်တော်တို့ ခွင့်ပြုမိန့်လာယူတော့ ခရိုင်ထွေ/အုပ်က အဲ့ဒါတွေဖြုတ်ဖို့ တပ်မတော်တွေဖြုတ်ဖို့ အဲ့ဒါနဲ့ပဲ ခွင့်ပြုမိန့်ရလာတယ်။ အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ ရဲစခန်းကိုသွားမေးတော့ အဲ့ဒါအထက်အမိန့်အရ လုပ်နေရတာလို့ပဲ ကျွန်တော်တို့ကို ပြန်ခဲ့တာ တကယ်လို့ အကြောင်းတစ်စုံတစ်ရာသိချင်ရင် ခရိုင်ထွေ/အုပ်ရုံးကို သွားမေးပါဆိုပြီး ကျွန်တော်တို့ကို ပြောတော့ မနေ့ညက ခရိုင်ထွေ/အုပ်ရုံးကို သွားခဲ့တယ်။ ခရိုင်ထွေ/အုပ်ရုံးက ကျွန်တော်တို့ကို ဘာပြောလဲဆို ဒီအစိုးရသက်တမ်းမှာ တပ်မတော်က မြေသိမ်းထားတာမရှိတဲ့အတွက် ဒီတပ်မတော်ဆိုတဲ့ စာလုံးကို ဖြုတ်ခိုင်းရတာဖြစ်တယ်လို့ ကျွန်တော်တို့ကို သူတို့ပြန်ပေးတဲ့ Reasons ပေါ့နော။ ˝ ဟု အသံတိတ်သပိတ် ဦးဆောင်သူ ခွန်းလီယို ကာကာ ကပြောသည်။

၎င်းဆန္ဒပြပွဲတွင် ကိုင်ဆောင်ထားသည့် ဗွီနိုင်းများတွင် စစ်တပ်ဆိုသည့် စကားလုံးကို တိတ်ဖြင့် မသိမသာလေး ပိတ်ထားပြီး ကျန်သည့် စာသားများဖြစ်သော သိမ်းဆည်းမြေ ပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးရေး၊ သိမ်းယူထားသော တောင်သူမြေများကို ပြန်လည်ပေးအပ်ရန် ၊ ဖမ်းဆီးထိန်းသိမ်းထားသော တောင်သူများကို ပြန်လည်လွှတ်ပေးရန် စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လျက်ရှိနေတာကို တွေ့ရပါသည်။

လူငယ်အဖွဲ့များသည် ဒီးမော့ဆိုမြို့မရဲစခန်းသို့ အသိပေး အကြောင်းကြားရာတွင် ကိုင်ဆောင်မည့် ဆိုင်ဘုတ်များကို တင်ပြရာ ခွင့်ပြုချက်မရ သည့်အတွက် အထက်ပါအတိုင်းသာ ကိုင်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ခွင့်ပြုမိန့်ကို ဇူလိုင်လ ၁ရက်နေ့တွင် စတင်တောင်းခံခဲ့ရာ ၃ရက်နေ့ညနေတွင် ခွင့်ပြုမိန့်ကျလာခဲ့ကြောင်း သိရသည်။

̏ တပ်မတော်မှ သိမ်းထားတဲ့မြေတွေကို လူထုတွေကို အမြန်ဆုံးပြန်ပေးရန်ပေါ့။ ပြည်သူတွေလည်း၊ တောင်သူတွေလည်း ဒါတွေလုပ်စားကြတယ် သားသမီးတွေကိုလည်း ကျောင်းထောက်ပေးတယ်၊ ကျန်းမာရေးဆိုလည်း ဒါတွေနဲ့ပဲ။ အရေးထဲ ဒီအချိန်မှာ စိုက်ပျိုးရေးကာလအချိန်မှာ လာရောက်သိမ်းဆည်း တယ်ဆိုတော့ ပြည်သူတွေလည်း အခက်အခဲဖြစ်စေတာပေါ့နော။ ဒီလိုမျိုးမှာ ပြည်သူတွေကို အမြန်ဆုံးပြန်ပေးဖို့၊ အစိုးရတွေလည်း အမြန်ဖြေရှင်းပေးဖို့ စစ်တပ်ကလည်း ဒီမြေတွေကို အမြန်ပြန်ပေးဖို့ ဒီကနေ ပြောချင်ပါတယ် ˝ ဟု သပိတ်ဦးဆောင်သူ ခွန်းလှမင်းထွေးက ဆိုသည်။

တပ်မတော်ဆိုသည်မှာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသူများဖြစ်၍ ပြည်သူများ၏ မြေယာများကို လိုက်လံသိမ်းဆည်းရန်မဟုတ်ကြောင်း ခွန်းလှမင်းထွေးက ဆက်ပြောသည်။ ယခုလို ဆန္ဒပြခြင်းသည် မိဘဘိုးဘွားများ မျိုးရိုးစဉ်ဆက်က လုပ်ကိုင်စားသောက်လာခဲ့သည့် တောင်ယာများဖြစ်သည့် အတွက် ပြည်သူများ၏ ထမင်းအိုးကို မရိုက်ခွဲရန် တောင်းဆိုခဲ့ကြသည်။

ခွင့်ပြုချက်မရသည့် ဆိုင်းဘုတ်အမည်များမှာ စစ်တပ်မှ သိမ်းဆည်းထားသည့် တောင်သူမြေများကို အမြန်ဆုံးပြန်လည်ပေးရန်နှင့် ဖြေရှင်းပေးရန်၊ ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိူ၏ ကတိအတိုင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အမြန်ဆုံးရွှေ့ပေးရန် တို့ဖြစ်သည်။

Advertisement

ယနေ့ အသံတိတ်ဆန္ဒပြတောင်းဆိုရာတွင် သိမ်းဆည်းခံတောင်သူများနှင့် ကရင်နီလူငယ်များက ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးလမ်းခွနှင့် ငွေတောင်ဆည် နှစ်နေရာတို့တွင် လူအင်အား ၇ဝ ခန့်ပါဝင်ခဲ့သည်။

spot_img
spot_img

Recent posts