အနောက်ကယန်းဒေသဘက်က အသက်မွေးဝမ်းကျောင်းကို မေ့ထားလို့မရ

ဘိန်းအစားထိုး ထောပတ်ပင်များ (ဓာတ်ပုံ – မူအက်စတာ)

မူအက်စတာ 

မိုးရာသီရဲ့မနက်ခင်းလေးတစ်ခုမှာ ကယားပြည်နယ်ရဲ့အနောက်ဘက်ခြမ်း ဒီးမော့ဆို – တောင်ငူလမ်းခွဲလေးကို ကားလမ်းမကြီးအတိုင်းဆင်းပြီး ပန်ပက်လမ်းခွဲကိုခရီးဆက်ခဲ့ပါတယ်။ ဒီလမ်းကတော့ ကယားပြည်နယ်နဲ့ ရှမ်းနယ်စပ်ဘက် အနောက်ကယန်းဒေသဘက်သွားတဲ့ လမ်းပဲဖြစ်ပါတယ်။ အနောက်ကယန်းဒေသဆို နာမည်ကြီး တဲ့ ဘိန်းစိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းကြတဲ့ ဒေသပါပဲ။ 

အဲဒီကိုသွားဖို့ဆို ဒီးမော့ဆိုမြို့နယ် ပန်ပက်လမ်းခွဲမှာ မခွဲရသေးပဲ ရှေ့အနည်းငယ်ဆက်သွားရင် ရှေ့မှာ ပီကင်း-လိုပူလမ်းခွဲဆိုပြီး ဆိုင်းဘုတ်တပ်ထားတာ ရှိပါတယ်။ အဲ့နေရာမှာပဲ ခွဲဆင်းလိုက်ရပါမယ်။ 

ပီကင်း-လိုပူလမ်းခွဲ ကားလမ်းလေးအတိုင်း တောင်ယာတွေပဲတွေ့ရပါ  အချို့နေရာတွေမှာ ကျေးရွာလေးတွေကို ဖြတ်သွားရပါတယ်။ ကားလေးနဲ့အတော်လေး  သွားပြီးတဲ့နောက်မှာ “ဒီးမော့ဆိုမြို့မှ နှုတ်ခွန်းဆက်သပါ၏ ” “ဖယ်ခုံမြို့နယ်အစ၊ ဖယ်ခုံမြို့နယ်မှ  ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်လေးက လမ်းဘေး ဝဲ ယာတွေမှာ ကြိုဆိုနေပါတယ်။ 

ရှမ်းပြည်နယ်ထဲ စဝင်ဖို့ ရှမ်းပြည်နယ်ဆိုင်းဘုတ်လေးက ကြိုဆိုနေသလို၊  ဒီးမော့ဆိုမြို့နယ်လေးကိုလည်း ကျောခိုင်းထွက်ခွာလာခဲ့ပါတယ်။
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းကို ဝင်လိုက်ပြီဆိုတာနဲ့ အရင်ဆုံးတွေ့ရမှာက ထင်းရူးပင်တွေပါ။ 

ထင်းရူးပင်တွေက ရှမ်းပြည်နယ်တွင်း ရောက်ရှိလာသူတိုင်းကို ကြိုဆိုနေသလို ရာသီဥတုကလည်း  ကယားပြည်နယ်ထက် ပိုပြီးအေးချမ်းနေသလို ခံစားရပါတယ်။ ထင်းရူးပင်လေးတွေက အလေ့ကျ  အစီအရီပေါက်နေပြီး အုပ်လိုက် အုပ်လိုက်ပေါက်ရောက်နေတာကို တွေ့ရပါတယ်။ 
ပီကင်းဈေးကိုကျော်ပြီး ရွာထဲဆက်သွားမယ်ဆိုရင် ကျေးရွာနှစ်ရွာလောက်ကို ဖြတ်ကျော်ရဦးမှာပါ။ အဲ့ရွာလေးနှစ်ရွာကျော်ပြီးမှ ကုန်းငူးကျေးရွာကို ရောက်ခဲ့ပါတယ်။ 

ကုန်းငူးကျေးရွာဟာ ရှေးယခင်တည်းက မူးယစ်ဆေးဝါး(ဘိန်း)ကို စိုက်ပျိုးနေကြတဲ့ ရွာလေးဖြစ်တယ်လို့ ရွာသားတွေပြောပြချက်အရ သိရပါတယ်။ အဲဒီဒေသဟာ ဘိုးဘွားစဉ်ဆက်ကတည်းက ဘိန်းစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်း စိုက်ပျိုးလာခဲ့ကြတဲ့ ဒေသတခုလည်းဖြစ်ပါတယ်။ 

“ကျွန်တော်တို့ရွာက စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးကြတယ်၊ အင်္ဂလိပ်ခေတ်ကနေစပြီး အမွေဆိုးရထားတယ်လို့ ပြောရမယ်ပေါ့ သူတို့လက်ထက်ကနေစပြီး ကျွန်တော်တို့ စိုက်ပျိုးခဲ့ကြတယ်” လို့ ကုန်းငူးကျေးရွာက ဘိန်းအစားထိုးသီးနှံ အတွက် ထောပတ်ပင်စိုက်ပျိုးနေတဲ့ ဦးမောင်အောင်က ပြောပါတယ်။

ဦးမောင်အောင်ဟာ အနောက်ကယန်းဒေသဘက်မှာ ဘိန်းအစားထိုးဖို့ ထောပတ်ပင်ကို  ပထမဦးဆုံးစိုက်ပျိုးသူပဲ ဖြစ်ပါတယ်။ ဒီတစ်နှစ်မှာတော့ ဦးမောင်အောင်းက မေတ္တာဖောင်ဒေးရှင်းမှ  အသက်မွေးဝမ်းကျောင်းဆိုင်ရာစီမံကိန်း အစီအစဉ် နဲ့ ဘိန်းအစားထိုးစိုက်ပျိုးရေးစီမံကိန်းအနေဖြင့် ထောပတ်ပျိုးပင်တွေ အထောက်အပံ့ရထားပါတယ်။ 

အနောက်ကယန်းဒေသမှာ ရွာပေါင်း ၄၉ ရွာရှိပြီး လက်ရှိမှာ ကျေးရွာ ၅ ရွာအတွင်း အပင်ရေ ၂၀၀၀ဝခန့်ကို ၎င်းစီမံကိန်းကနေပြီး တောင်သူ ၁၂ရဦးက ထောပတ်ပင်တွေနဲ့ ဘိန်းအစားထိုး စိုက်ပျိုးနေကြတာကိုတွေ့ရပါတယ်။ အပင်တွေက အမြင့်ပေ ၃ ပေလောက်ထိ ရှိနေကြပါပြီ။ အောက်ခြေမှာတော့ ဘိန်းတွေကို ထည့်စိုက်ထားပါတယ်။ 

“ဘိန်းပပျောက်ဖို့ရည်ရွယ်ပီးတော့ အဲဒီထောပတ်ပင်ကို စိုက်ရခြင်း ဖြစ်ပါတယ်။ လာမယ့် သုံး လေးနှစ်ကျရင် ကျတော်တို့ ဘိန်းကိုပပျောက်ဖို့ရည်ရွယ်ပီးမှ အဲဒီဟာကို သက်သေသာဓက ဟို စံပြစိုက်ကွင်းပြောလို့ရတယ်။” လို့ ထောပတ်စိုက်တောင်သူ ဦးမောင်အောင်က စိုက်ကွင်းထဲက အပင်တွေကို လက်ညိုးထိုးပြပြီး ပြောပြပါတယ်။ 

အခုချိန်မှာ ဘိန်းလုံးဝပပျောက်ဖို့ဆိုတာမဖြစ်နိုင်သေးတဲ့အခြေအနေမှာပဲ ရှိသေးတယ်လို့ ပြောပါတယ်။  လာမည့် ငါးနှစ်ခန့်လောက်မှသာ ထောပတ်တို့ကို ဈေးကွက်ရောက်ပြီဆိုမှ  ဘိန်းအစားထိုး လျော့ချနိုင်မယ် လို့ဆိုပါတယ်။ 

သို့ပေမယ့် ဘိန်းသီးနှံဟာ တစ်နှစ်ပတ်လုံးမှာ ပေါင်း နှစ်ကြိမ်၊ သုံးကြိမ်ရှင်းပေးရတာဖြစ်ပြီး မြေဩဇာကို ကျွေးနိုင်သလောက် ကျွေးပေးရပါတယ်။ မြေဩဇာနိုင်မှ အပင်သန်ပြီး အသီးကောင်းလာမှာ ဖြစ်ပါတယ်။ ဘိန်းသီးနှံကို စတင်စိုက်ပျိုးချိန်တည်းက မြေဩဇာနဲ့ ရောနယ်ပြီးစိုက်ပျိုးကြရတာဖြစ်ပါတယ်။ အပင်ထွက်လာချိန်မှာလည်း ပိုးသတ်ဆေးတွေဖျန်းပြီး ပြုစုပေးရပါသေးတယ်။ အကြိမ်ကြိမ်မြေဩဇာကျွေးပေးမှ ရတဲ့အပင်ငယ်လေးတစ်မျိုးပဲဖြစ်ပါတယ်။ ခြံစည်းရုံးလည်း ခတ်ထားရတဲ့အတွက် ကုန်ကျစာရိတ်တော့ များပါတယ်။ 

“ဘိန်းက ရေရှည်အခြေအနေမကောင်းဘူး၊ ပြီးတော့ သမာအာဇီဝမကျတဲ့ သီးနှံတစ်ခုဖြစ်တယ်၊ ပြီးတော့ နှစ်ရှည်ပင်ဆိုရင် ကျွန်တော်တို့ဒေသနဲပ အကိုက်ညီဆုံးက ထောပတ်ပင်ပဲ ဖြစ်တယ်ပေါ့နော” လို့ ဗုဒ္ဓဘာသာ ကယန်းမျိုးချစ်လူငယ်များအသင်းမှ ဘိန်းအစားထိုးစီမံကိန်းပြုလုပ်နေတဲ့ စီမံကိန်းအလုပ်အမှုဆောင် ဦးပန်းက ပြောပါတယ်။ 

ယခင်က ဘိန်းအစားထိုးဖို့ အစိုးရကနေပြီးတော့ ပန်းဂျုံ၊ ကြက်ဆူစတာတွေကို အစားထိုးစိုက်ပျိုးခဲ့ပေမယ့် ဘိန်းကိုမမီခဲ့ဘူး၊ ထပ်တလဲလဲ ဘိန်းကိုပဲ ပြန်စိုက်ဖြစ်ခဲ့ကြတယ်လို့ ဦးပန်းက ဆက်ပြောပါတယ်။ 

သို့ပေမယ့် နောက်ပိုင်းမှာ အသက်မွေးဝမ်းကြောင်းအတွက် ထောပတ်ပင်ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။  ယခုမှာ ထောပတ်ပင်ကို ဘိန်းအစားထိုးအနေနဲ့ စိုက်ထားတယ်ဆိုပေမယ့် ထောပတ်ပင်ကြားတွေမှာ  ဘိန်းပင်တွေကို ဆက်ပြီးစိုက်ပျိုးနေကြပါသေးတယ်။ ဘာကြောင့် ဘိန်းပင်တွေကို 
ဆက်ပြီးစိုက်ပျိုးနေရသေးတာလဲ? ထောပတ်ပင်ဆိုတာ စိုက်ပြီးပြီးချင်းတစ်နှစ်အတွင်းမှာ  သီးနှံခူးဆွတ်ပြီးဈေးကွက်ထဲ ရောင်းချလို့ရတဲ့ သီးနှံမဟုတ်တဲ့အတွက်ကြောင့် မိသားစု  စားဝတ်နေရေးအတွက် ဘိန်းသီးနှံကို ဆက်လက်စိုက်ပျိုးနေရသေးတာပဲ ဖြစ်ပါတယ်။ 

“နံပါတ် ၁ တစ်ချက်ကိုကြည့်မယ်ဆိုရင် စားဝတ်နေရေးပေါ့။ ကျတော်တို့ ဒီရပ်ဒီဒေသမှာ နေမယ်ဆိုရင်တော့ နံပါတ် ၁ က စားဖို့ပေါ့။ အဲဒါကို စိုက်ခြင်းအားဖြင့် ကျတော်တို့က စားဖို့အတွက်ပဲ လောက်မှာပေါ့နော” လို့ မျိုးစဉ်ဘောင်ဆက် ဘိန်းစိုက်ပျိုးလာခဲ့တယ်လို့ ဆိုတဲ့ ဦးမောင်ကြိုင်က ပြောပါတယ်။ဦးမောင်ကြိုင်က အခုဆို အသက် ခြောက်ဆယ်နီးပါးရှိနေသူပါ။ ငယ်စဉ်ကတည်းက ဘိုးဘွားတွေစိုက်လာတာဖြစ်တယ်လို့ ပြောပါတယ်။ အခုမှာတော့ ဘိန်းအပြင်စပါးတွေ ထောပတ်တွေလည်း အစားထိုးစိုက်လာပြီလို့သိရပါတယ်။ 

သို့ပေမယ့် နောင်လာမယ့် ဆယ်နှစ်(၂၀၂၅ခုနှစ်)လောက်ကျရင်တော့ ဘိန်းစိုက်ပျိုးမှုတွေ နည်းသထက်နည်းပြီး နောက်ပိုင်းကျရင် ဘိန်းစိုက်ပျိုးမှုတွေ ပပျောက်သွားလိမ့်မယ်လို့ တောင်သူတွေ မျှော်လင့်ထားကြပါတယ်။ အကြောင်းကတော့ “ဘိန်းစိုက်တယ်ဆိုတာက သေချာမှုမရှိဘူး လာမယ့်အနာဂတ်အတွက် သေချာမှုမရှိဘူး ရေရာမှုမရှိဘူးပေ့ါ။” လို့ ဦးအေးကိုက ပြောပါတယ်။ 

ထောပတ်ပင်စိုက်ပျိုးပြီး နောက် ၅နှစ်လောက်ကျရင်တော့ ဈေးကွက်အတွင်းကို ဝင်ရောက်နိုင်ဖို့ နိုင်ငံေတော်အစိုးရကနေပြီးတော့ ဈေးကွက်ရှာဖွေပေးဖို့ရန် လိုအပ်ပါတယ်လို့ဆိုပါတယ်။ ဘိန်းစိုက်ပျိုးပြီးတဲ့အချိန် ဘိန်းဆီလက်ထဲရောက်လာချိန်မှာ နေအိမ်၊ စိုက်ပျိုးရေးခြံထိ ဝယ်သူများက လာရောက်ပြီး ဝယ်ယူနေကြပါတယ်။ ထို့ကြောင့် လုံးဝကို အဆင်ပြေနေပါတယ်။

ဘိန်းဆီထုတ်လုပ်ပြီးတာနဲ့ ကိုယ့်လက်ထဲ ငွေများ ရောက်ရှိလာခြင်းကြောင့် တောင်သူများမှာ အဆင်ပြေနေပါတယ်။ ဒါကြောင့် ဘိန်းအစားထိုး ထောပတ်စိုက်ပျိုးမှုမှာလည်း ရရှိလာတဲ့သီးနှံကို အစိုးရမှ ခိုင်မာတဲ့ ဈေးကွက်ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း တောင်သူတွေက ပြောပါတယ်။ ဒါမှသာလျှင် လာမည့်ဆယ်စုနှစ်အတွင်း ဘိန်းအစားထိုးစိုက်ပျိုးမှု လျော့ချနိုင်မှာဖြစ်တယ်လို့ ဆိုကြပါတယ်။ ယခု ဘိန်းအစားထိုး စိုက်ပျိုးနေကြတဲ့ စီမံကိန်းသည်လည်း ကျေးရွာ ၅ ရွာသာလျှင် ထောပတ်ပျိုးပင် ထောက်ပံ့ရရှိထားတာဖြစ်တဲ့အတွက် မလုံလောက်ပါဘူူး။ အစားထိုးစိုက်ပျိုးနိုင်ဖို့က ကုန်ကျစာရိတ်တွေလည်း အများကြီးလိုအပ်နေပါတယ်။ 

“ကျတော် တစ်ချက်တော့ စိုးရိမ်တယ် ဘာကိုစိုးရိမ်လဲဆိုတော့ ကျတော်တို့ စို်က်ပျိုးပီးတော့မှ ထွက်လာတဲ့ ထောပတ်ပင်တွေ ဝယ်လိုအား ရှိကောရှိရဲ့လား ဈေးကွက်ကော ရှိရဲ့လားဆိုတာ အဲဒီတစ်ချက်ကတော့ ကျတော်တို့ စိုးရိမ်တာပေါ့လေ။ ကျတော်တို့ ဝယ်လိုအား ကောင်းမယ်ဆိုရင်တော့ ကျတော်တို့ ဘိန်းအစားထိုး စိုက်ပျိုးတဲ့ ထောပတ်ပင် စိုက်ပျိုးတာ ဘိန်းတွေက တဖြည်းဖြည်း ပပျောက်သွားလိမ့်မယ်လို့ ကျတော် အဲလိုပဲ ယုံကြည်တယ်” လို့ ဦးမောင်ကြိုင်က သူရဲ့စိုးရိမ်ချက်ကို ပြောပြနေပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်း အနောက်ကယန်းဒေသတခုလုံး ဘိန်းစိုက်ပျိုးရေးကိစ္စနှင့်ပတ်သက်ပြီးတော့ နိုင်ငံတော်အဆင့်သို့ အဆိုပြုပြောဆိုမည်ဖြစ် ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ခွန်အေးမောင်ကပြောပါတယ်။ ဘိန်းအစားထိုးသီးနှံဈေးကွက်နဲ့ ပတ်သက်ပြီး အစားထိုးသီးနှံစိုက်ထားသည်ကို သိရှိထားပြီးဖြစ်ပေမယ့် အစားထိုးသီးနှံအစား သောက်သုံးရေ ရရှိဖို့ပဲ ဆောင်ရွက်ချင်ကြောင်း ပြောပါတယ်။ ဘိန်းခင်၏အောက်ပိုင်းတွင် စိမ့်စမ်းရေထွက်ပေါက်များရှိနေပြီး ၎င်းတို့ရေကို အပေါ်သို့ ရောက်ရှိနိုင်အောင် စီစဉ်ရမည်ဖြစ်ကြောင်း ရေအဓိက ရရှိပြီဆိုမှသာလျှင် တခြားသော စိုက်ပျိုးနိုင်သည့် သီးနှံများကို စိုက်ပျိုးနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

“ဘိန်းအစားထိုး ဧရိယာလေးရဲ့ တောင်အောက်မှာ ရေထွက်ပေါက်လေးရှိတယ်။ အဲ့ဒီမှာ ကျွန်တော်ရေအပေါ်ကို တင်မယ်ပြီးတော့ အဲ့ဒီတင်လာတဲ့ရေကို စိုက်ပျိုးရေးရေဖြစ်ဖြစ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ရေဖြစ်ဖြစ် ကျွန်တော်လုပ်ချင်တယ်” လို့ ဝန်ကြီးက ပြောပါတယ်။
ဘိန်းအစားထိုးစိုက်ပျိုးရေးကိစ္စဟာ တစ်နှစ်စီမံကိန်းဖြင့် ကျေးရွာ ၅ ရွာသာ စံပြအနေဖြင့် စတင်ဆောင်ရွက်နေချိန်အတွင်းမှာလည်း ကျေးရွာအတွင်းအသိပညာ ပြောင်းလဲနိုင်ဖို့ အင်မတန်ခက်ခဲမှု တွေရှိခဲ့ကြတယ်လို့ သိရပါတယ်။ 

အခုစံပြ ဘိန်းအစားထိုးစိုက်ပျိုးတောင်သူတွေအတွက်ကကော လာမည့် ငါးနှစ်အတွင်း သီးလာမည့် ထောပတ်သီးက ဈေးကွက်ဘယ်လောက်ထိ ရှိလာနိုင်မလဲဆိုတာကလည်း စိန်ခေါ်မှု တခုဖြစ် နေပြီး တောင်သူတွေအတွက် ဈေးကွက်အာမခံချက်တခုလည်း ရှိပါသေးတယ်။ 

ဒါကြောင့် ဘိန်းစိုက်ခင်း ပပျောက်နိုင်ရေးဆိုတာ အဲဒီဒေသဘက်က အဓိက အသက်မွေးဝမ်းကျောင်း တခုဖြစ်နေတဲ့အတွက် နိုင်ငံတကာအကူအညီအပြင် ၊ လူထုအခြေပြုအဖွဲ့အစည်း တွေကော အစိုးရတွေဘက်ကကော စီမံချက်တခုချပြီး နိုင်ငံတော်အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်မှသာလျှင် ဘိန်းစိုက်ပျိုးမှု လျော့ချနိုင်တဲ့အဆင့်ကို အရင်ရောက်နိုင်မှာဖြစ်တယ်ဆိုတာကို ယခု သွားရောက်မေးမြန်းခဲ့ပြီးနောက် သိရှိလာခဲ့ရပါတယ်။ 

ဘိန်းစိုက်ပျိုးရေးနဲ့ အသက်မွေးလာခဲ့ကြတဲ့ အနောက်ကယန်းဒေသဘက်က ဘိုးဘွားစဉ်လာ အစဉ်အလာ အမွေအနှစ်ဟာလည်း အနာဂတ်မှာ ရင်လေးစာရာ တခုလို့ မြင်တွေ့လာခဲ့ရပါတယ်။ 

အမြစ်ပြတ် ပပျောက်ဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေမှာမိုလို့ ဒီလိုဒေသကို အစားထိုးသီးနှံစီမံကိန်းတွေ ၊ ပညာပေးတွေ ၊ လိုအပ်တဲ့ နည်းပညာအထောက်အပံ့တွေ ရရှိဖို့ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မေ့မေ့လျော့လျော့ မထားသင့်ပါဘူး။

Comments

comments

Next Post

စာရွက်စာတမ်းအတုဖြင့် မော်ချီးထွက်ခဲသတ္တုများ လိမ်လည် သယ်ဆောင်သွားသောကား ၂ စီးဖမ်းမိ

Wed Aug 30 , 2017
လင်းသန့် ကယားပြည်နယ်မော်ချီးဒေသမှာ ထွက်ရှိသော ခဲတ္တု မစ်ထရစ်တန်ချိန် ၄၂ တန်ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ လက်မှတ်ထိုးထားသော စာရွက်စာတမ်းအတုဖြင့် လိမ်လည်ကာ တရားမဝင်သယ်ဆောင်သွားမှု ဩဂုတ်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ နောင်တရားနယ်မြေရဲစခန်း၊ တီကျစ်ရဲကင်းစခန်းအရှေ့တွင် ခဲမဖြူ/အဖြိုက်နက်ရှီးလိုက်ရောရာသတ္တုများကို တင်ဆောင်လာသော ယာဉ် နှစ်စီးအား ရပ်တန့် စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။  သန်းမောင်ဝေ မောင်းနှင်းပြီး ကိုဦးလိုက်ပါလာသော ခဲပြာရောင် 2C-2480 ၁ဝ ဘီးယာဉ်ပေါ်တွင် ကိုလာဆာလာအိတ် (၄၃၀) မက်ထရစ်တန် ၂၁ တန်နှင့် ကိုပိန်မောင်းနှင်ပြီး မျိုးဇော်လိုက်ပါလာသော ဖြူဝါကြား 3C-၄၇၃ဝ (၁၂) ဘီးယာဉ် ပေါ်တွင် ကိုလာဆာလာအိတ် (၄၃၀) မက်ထရစ်တန် […]