spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အောက်ဆီဂျင်နဲ့ အသက်ဆက်နေရတဲ့ ခဲဆိပ်သင့်သူ စစ်ရှောင်အမျိုးသား

ကန္တာရဝတီတိုင်း(မ်)

အသက်၃၇ နှစ်အရွယ်ဟာ ပျမ်းမျှ လူ့သက်တမ်းအရ အရွယ်ကောင်းဖြစ်ပြီး ကျန်းမာသန်စွမ်းနေသေးတဲ့ အသက်အရွယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဦးအိုင်ထွန်းမင်းကတော့ ကျန်းမာရေးအရ အိပ်ယာထဲလှဲနေရပါတယ်။

ဦးအိုင်ထွန်းမင်းဟာ ဒီးမော့ဆို ဒေသခံတစ်ဦးဖြစ်ပြီး ၂၀၁၆ ကစလို့ မော်ချီးမှာ ခဲလုပ်ငန်းကိုလုပ်ကိုင်ခဲ့သူပါ။ ၂၀၂၁ အာဏာာမသိမ်းခင်အထိ မိသားစုရဲ့ စားဝတ်နေရေးကိုရှာဖွေပေးနေတဲ့ ဖခင်တစ်ဦးဖြစ်ပါတယ်။

စစ်ရှောင်ပြီးများမကြာမီမှာဘဲ မော်ချီးမှာခဲလုပ်ခဲ့တဲ့ဒဏ်ကို စတင်ခံစားလာရပါတယ်။ ဒါ့အပြင်သူဟာမိုးထဲလေထဲ စစ်ရှောင်နေရတဲ့အတွက် သူ့ရဲ့ကျန်းမာရေးဟာပိုပြီးဆိုးရွားလာပါတယ်။ မော်ချီးဒဏ်ကို ကြိုသိနေပေမဲ့လည်း စားဝတ်နေရေးအခက်အခဲကြောင့် လုပ်ရတာလို့ သူရဲ့ဇနီးဖြစ်သူကပြောပါတယ်။

“ဆရာဝန်ကပြောတာ သူ့အဆုတ်ကမကောင်းဘူး စိတ်ကျရောဂါလဲပါတယ်၊ မော်ချီးမှာဆို အစုံလုပ်ရတာကော ပြီးတော့သူပန်းရံလဲလုပ်သေးတယ်။ ကျမလဲသူ့ကို အဲ့လောက်တော့ မလုပ်ခိုင်းချင်ဘူး။ ကိုယ်ကကြိုသိထားတယ်လေ။ မော်ချီးဒါဏ်ဆိုအဲ့မျိုးရောဂါရမယ်ဆိုတာ ဒါပေမဲ့ မလုပ်လဲမစားရဘူး။ တခြားအလုပ်လဲမရှိဘူးပေါ့။ အဲ့မျိုးလုပ်မှစားရတယ်ဆိုတော့ အဲ့မျိုးရသွားတော့ မတတ်နိုင်ဘူးပေါ့” လို့ ဇနီးဖြစ်သူကပြောပါတယ်။

ဇနီးဖြစ်သူပြောတဲ့ မော်ချီးဒဏ်ဆိုတာကတော့ ခဲလုပ်ငန်းလုပ်ကိုင်ရင်း ခဲဆိပ်သင့်တာကိုဆိုလိုတာဖြစ်ပါတယ်။

ခဲမဖြူ၊အဖြိုက်နက် ထွက်ရှိရာ ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသမှာ ခဲတူးတဲ့ အလုပ်ကိုလုပ်ကိုင် သူတွေဟာ ခဲကျင်းတွေထဲမှာ အကာကွယ်မပါ၊ အသက်ရှုကိရိယာတပ်ဆင်မှု အားနည်းပြီး ခဲတူးဖို့ ဂန်းစက်တွေ၊ မိုင်းခွဲစက်တွေနဲ့ အလုပ်လုပ်နေကြရတာပါ။ ခဲတူးရင်းထွက်လာတဲ့ အမှုန်အမွှားတွေကို ရှုရှိုက်မိရာကနေ ခဲဆိပ်သင့်ကြတာဖြစ်ပါတယ်။

အခုချိန်မှာတော့ ဦးအိုင်ထွန်းမင်းဟာ လမ်းမလျောက်နိုင်တော့သလို အစာလည်း မစားနိုင်တော့ပါဘူး။ ဒါ့အပြင် စကားပြောရင်တောင် ပင်ပန်းပြီး၊ အသက်ရှုမဝတဲ့ဝေဒနာတွေကို ခံစားနေရတဲ့အတွက် အောက်စီဂျင်အိုးကို ရှူရှိုက်ပြီးအသက်ရှင်နေရပါတယ်။

သူအသက်ရှူဖို့ သုံးနေရတဲ့ အောက်ဆီဂျင်အိုးတစ်လုံးဟာ နှစ်ရက်လောက်အသုံးခံပြီး အဲဒီအောက်ဆီဂျင်ကို ပရဟိတအဖွဲ့တစ်ခုက ကူညီပေးနေတာဖြစ်ပါတယ်။

သူရဲ့ရောဂါကို တောင်ကြီးထိသွားရောက်ကုသဖို့ ဆရာဝန်ကလမ်းညွှန်ခဲ့ပေမဲ့လည်း အခက်အခဲတွေကြောင့် မသွားနိုင်ဘူးလို့ ဆိုပါတယ်။

အရင်က ဆေးရုံတက်ကုသခဲ့ပေမယ့် ဆေးဖိုးဝါးခ နဲ့ စားစရိတ်တွေ အခက်အခဲရှိတာကြောင့် အိမ်မှာပဲ ပြန်ကုနေရပါတယ်။

“ဆေးရုံတစ်ခေါက်သွားရင် ၆သိန်း။ ဒါတောင်မှ ဆရာဝန်က လျှော့တောင်းတယ်ပေါ့။ အဆင်မပြေလို့ဆို ပြောပြလို့ သူတို့က ၆သိန်းကို ၃သိန်းဘဲတောင်းတယ်။ ဒါပေမဲ့ စားစရိတ်က ပိုကုန်တယ်ပေါ့၊ ကားခနဲ့ ဘာနဲ့ဆို။ ဒါကြောင့် ခုဆိုမသွားမလာနိုင်တော့ဘဲ ဒီမှာဘဲ အောက်စီဂျင်ရှုပြီး နေရတော့ စားစရိတ်ဘာညာ ပိုသက်သာသွားတာပေါ့။ ဆရာဝန်က တောင်ကြီးသွားသွားကုခိုင်းတယ်။ ကျွန်မတို့က ဘာမှလဲမရှိတော့ အဆင်မပြေဘူးပေါ့။” လို့ ဇနီးဖြစ်သူကပြောပါတယ်။

လက်ရှိမှာသူဟာ စစ်ရှောင်စခန်းတစ်ခုက တဲငယ်လေးတစ်ခုမှာ ကျောင်းနေအရွယ် သားသမီး ၄ ယောက် နဲ့ အတူနေထိုင်ပြီး သူ့ကိုကူညီစောက်ရှောက်ဖို့အတွက် ညီမဖြစ်သူကိုပါ ခေါ်ထားရပါတယ်။

သူ့ရဲ့ဇနီးဖြစ်သူကတော့ လူစည်ကားရာ ဈေးတန်းတစ်နေရာမှာ အမဲသားရောင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရှာဖွေနေရတာကြောင့် ခင်ပွန်းဖြစ်သူအနား အချိန်ပြည့်မနေနိုင်ပါဘူး။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာစစ်ပွဲတွေဖြစ်ပွားခဲ့ပြီး ပြည်သူအများစုဟာ စစ်ရှောင်ကြရတဲ့အထဲ အိုင်ထွန်းမင်းတို့မိသားစု ပါဝင်ပါတယ်။

ဦးအိုင်ထွန်းမင်းဟာ တစ်နှစ်နီးပါး ခဲအဆိပ် ဒဏ်ကိုခံစားနေရပြီး အိပ်ယာထဲ လှဲလျောင်းနေရတာ ၆လခန့်ရှိနေပြီလို့ဆိုပါတယ်။

ခဲလုပ်ငန်းကို လုပ်ကိုင်နေချိန် မိသားစုစားဝတ်နေရေး အဆင်ပြေခဲ့ပေမဲ့လည်း ယခုအခါမှာ ခဲရဲ့ဒဏ်ကို ဆိုးဝါးစွာခံစားနေရပြီး အသက်ဆက်ဖို့အတွက် ဆေးဝါးနဲ့ အောက်စီဂျင်တွေလိုအပ်နေတယ်လို့ဆိုပါတယ်။

ခဲလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့သူတွေဟာ ခဲလုပ်ကိုင်နေချိန် မိသားစုစားဝတ်နေရေး အဆင်ပြေခဲ့ကြပေမယ့် နောက်ဆက်တွဲကျန်းမာရေး ပြဿာနာကို ဆိုးဝါးစွာ ခံစားနေကြရသလို သေဆုံးတဲ့အထိလည်း ရှိကြပါတယ်။

မော်ချီးဒေသ အတွင်းမှာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အမျိုးသားတွေအနေနဲ့ ဂန်းထိုးခြင်း၊ ယမ်းခွဲခြင်းကြောင့် ခဲအဆိပ်သင့်တာဖြစ်တယ်လို့ လူနာတွေကို ဆေးကုသပေးနေတဲ့ မော်ချီးဒေသ ယူကော်ခိုကျေးရွာ ဆေးခန်း မှ ဆရာမတစ်ဦးက ကန္တာရဝတီတိုင်း(မ်)နဲ့ တွေ့ဆုံခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ပြောပြခဲ့ဖူးပါတယ်။

“ ခဲဆိပ်ကြောင့် အဆုတ်ရောဂါ ချောင်းဆိုးတယ်၊ တီဘီ လက္ခဏာလိုပဲ ပိန်တယ်၊ အစားမစားနိုင်ဘူး၊ မျက်လုံးတွေပြူးလာတယ်၊ အသားတွေမဲလာတယ်၊ ရုတ်တရက်ကြည့်ရင် AIDS လို့ထင်ရတယ်။ အဲ့ဒါမဟုတ်ဘူး ဒါ monocotosis လို့ခေါ်တဲ့ ခဲ၊ ယမ်းတွေ၊အငွေ့တွေကြောင့်ဖြစ်တဲ့၊ အဆိပ်တွေကြောင့်ဖြစ်တဲ့ရောဂါ ဟုတ်တယ်။ ” လို့ သူကပြောပြခဲ့တာပါ။

ခဲဆိပ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါဖြစ်ပွားပြီဆိုရင်လဲ ကျေးလက်ကျန်းမာရေးဌာနတွေ၊ ဆေးရုံကြီးတွေကနေ တီဘီရောဂါလို့ သတ်မှတ်ပြီး (၆) လ သောက်ရတဲ့ တီဘီဆေးတွေကိုသာ သောက်ခိုင်းတယ်လို့ ဆိုပါတယ်။

ခဲ အဆိပ်သင့် ရောဂါဖြစ်ပွားပြီဆိုရင် မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ပျောက်ကင်းအောင် မကုသနိုင်သေးဘူးလို့ အငြိမ်းစား ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း မော်ချီးဒေသ ယူကော်ခိုကျေးရွာမှာ ခဲဆိပ်သင့် အဆုတ်ရောဂါဖြစ်ပွားသူ ၅ ဦးရှိခဲ့ပါတယ်။

မော်ချီးခဲသတ္တုလုပ်ငန်းမှာ ဒေသခံတွေနဲ့ တစ်ခြားပြည်နယ် နဲ့ တိုင်းတွေဘက်က အလုပ်လာလုပ်ကြတဲ့သူတွေဟာ ခဲအဆိပ်သင့်နိုင်ပြီး အသက်အန္တရာယ်ရှိမှန်း သိနေပေမယ့်လည်း စားဝတ်နေရေးအတွက် လာရောက်လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

spot_img
spot_img