spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အောင်မြင်တဲ့ဘောလုံးသမားဖြစ်ချင်ပေမယ့် တိုက်ပွဲဝင်နေရသူ

ကန္တာရဝတီတိုင်း(မ်)

အသက်(၂၁)နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်တဲ့ ဂျော့က ဒဂုံ ယူ ၂၁ ဘောလုံးအသင်းမှာ ပဏမ အဆင့် ရွေးချယ်ခံခဲ့ရဖူးသူ တစ်ဦးဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ဘောလုံးကစားဝါဿနာပါခဲ့တာဖြစ်ပြီး (၈)တန်းနှစ်မှာ အာကာသိပ္ပံတောင်ကြီးမှာ ကျောင်းတက်ဖူးခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်း ကျောင်းပြီးတဲ့ အချိန် လူငယ် ဘောလုံးအသင်း တွေမှာ ဝင်ရောက်ကစားတာတွေရှိခဲ့ပါတယ်။ အားပေး ထောက်ပံ့ကူညီမှုတွေ မရှိတဲ့အတွက်၊ ကိုယ့်ခြေထောက်ပေါ် ရပ်တည်လာခဲ့ပြီး ဘောလုံးအားကစား သမားတစ်ယောက်ဆက်ဖြစ်ဖို့ ကြိုးစားရုန်းကန်ခဲ့ရသူလည်းဖြစ်ပါတယ်။

သူဝါဿနာပါတဲ့ ဘောလုံးအားကစားသမားတစ်ယောက်ဆက်ဖြစ်ဖို့ ကြိုးစားနေချိန်မှာပဲ စစ်ကောင်စီက အခုလို အာဏာသိမ်းလိုက်ချိန်မှာတော့ သူဟာ ဝါဿနာပါရာကို ဆက်မကြိုးစားနိုင်တော့ပါဘူး။

“ အားကစားသမားဖြစ်ချင်တဲ့ ကိုယ့်ရဲ့ မျှော်မှန်းချက်ကတော့ ကိုယ့်အရည်အချင်းနဲ့ ကိုယ်မဖြစ်နိုင်သော်ငြားလည်း ကိုယ်မျှော်မှန်းထားတာကတော့ မြန်မာ့လက်ရွေးစင်တစ်ယောက် အထိတော့ ကိုယ်ကြိုးစားမယ် လုပ်ထားတယ်ပေါ့နော။ ဒါက နောက်ဆုံးပန်းတိုင်ပဲ အဲ့လောက်ထိတော့ လုပ်ထားပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ရဲ့ အသက်အရွယ်အလိုက်ကလည်း ရှိသေးတယ်ပေါ့နော။ အားကစားလုပ်တဲ့ အချိန်မှာကိုယ့်ရဲ့ အသက်အရွယ် ကိုယ်လုပ်နိုင်ရည် ရှိ၊မရှိ ကိုယ့်ရဲ့ အသက်အရွယ်လိုက် သွားရခါကျတော့ အခုဒီလို အာဏာသိမ်းလိုက်တော့ ကျနော်တို့ အတွက်တော့ အများကြီးနစ်နာတာပေါ့နော။ နောက်ပိုင်းဆိုရင် ကျနော်တို့ အသက်တွေ ကြီးသွားပြီ ဆိုရင် ကျနော်တို့ ဒီတက်လာမယ့် လူငယ်လေးတွေကိုပဲ ဦးစားပေးရတော့မယ်။ ကျနော့်ရဲ့ နောက်ဆုံးရည်မှန်းချက်ကတော့ ဒီ မြန်မာ့လက်ရွေးစင်တစ်ယောက်ဖြစ်ချင်တာပေါ့နော။ ဒါပေမယ့် အဲ့ဒီအထိ မရောက်နိုင်ဘဲနဲ့ ကျနော်အရမ်းရောက်ချင်တဲ့ မြန်မာ နေရှင်နယ်လစ် ကလပ်အသင်းအထိတော့ ကျနော်ရောက်ခဲ့ပါတယ်။ ကျနော် ကိုယ့်ကိုယ်လည်း ပီတိဖြစ်မိတယ်။ ကိုယ့်ကိုယ်လည်း ဒီလောက်နဲ့ပဲ တင့်တိမ်လိုက်တော့မယ်ပေါ့နော။ “

ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတာ တစ်နှစ်ကျော်ကြာရှိသွားခဲ့ပါပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်လာခဲ့ကြပါတယ်။

လူငယ်အများစုပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်း ပြီး အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်လာကြပါတယ်။ အဲဒီထဲမှာ ဂျော့ကလည်း သူဝါသာနာပါရာ ဘောလုံးသမားအဖြစ်ကိုစွန့်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လိုက်ပါတယ်။

“ စစ်ကောင်စီက ကျနော်တို့ကို အမျိုးမျိုးဖိနှိပ်တယ်။ ချူပ်ချယ်တယ်။ အနိုင်ကျင့်တယ်ပေါ့နော သပိတ်ကာလမှာ ကျနော်တို့ကို ရာဘာကျည်တွေနဲ့ ပစ်တယ်။ အမျိုးမျိုးပေါ့နော ကျနော်တို့ ပစ်ခတ်ခါကျတော့ အဲ့မှာ ကျနော်တို့ကတော့ ဒီလိုနဲ့ ပြီးမှာ မဟုတ်ဘူး။ ကျနော်တို့ကို ဦးဆောင်တဲ့ လူကြီးတွေကလည်း အများကြီး အတွေးအမြင်တွေ ကလည်း ပြောထားတာရှိတယ်။ အဲ့ခါကျတော့ ဒီသုံးလပိုင်း လောက်ကစပြီးတော့ ကျနော်တို့ စစ်သင်တန်းကို သွားတက်ကြတယ်။ အဲ့လိုကနေပြီးတော့မှ ကျနော်တို့ ဒီလက်နက်ကိုင်တော်လှန်ရေးကို စတင်ပြီးတော့မှ ဝင်လုပ်ဖြစ်ခဲ့တယ်ပေါ့နော။ “

လက်ရှိကရင်နီပြည်မှာတော့ နေ့စဉ်နဲ့ အမျှ တိုက်ပွဲသံတွေဝေနေရပါတယ်။ လူထုတွေဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်း ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ရှေ့တန်းတင်ပြီး တော်လှန်တိုက်ပွဲ ဝင်နေကြပါတယ်။

ဂျော့ကတော့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-01မှာ တပ်ရင်းမှူး ကိုယ်ရံတော်အဖြစ်သော်လည်းကောင်း၊ တပ်ရင်းရဲ့ ထောက်ပို့ အဖြစ်သော်လည်းကောင်း၊ တပ်ရင်းရဲ့ တိုက်ခိုက်ရေးပိုင်းတွေမှာလည်း တာဝန်ထမ်းဆောင်နေတဲ့သူ အဖြစ်တာဝန်ယူထားရသူ ဖြစ်ပါတယ်။

“ ကျနော့်အနေနဲ့ တာဝန်ထမ်းဆောင်တဲ့ အခုလက်ရှိ ယူထားတဲ့ တာဝန်မှာခါကျတော့ အများကြီးပေါ့နော။ ရဲဘော်တစ်ယောက်အနေနဲ့ အခက်အခဲ လက်နက်က မပြည့်စုံဘူး။ ကိုယ့်အတွက်လည်း မပြည့်စုံသလို တခြားရဲဘော်တွေအတွက်လဲ မပြည့်စုံဘူးပေါ့နော။ အဲ့မျိုး အခက်အခဲတွေရှိတယ်။ နောက် အခုတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးအပိုင်းတွေ၊ လူကြီးတစ်ယောက်ရဲ့ လုံခြုံရေးအပိုင်းတွေဆိုရင်လည်း သေချာကျစ်လစ်စွာ စဉ်းစားပြီးမှ လုပ်ရတယ်။ သူသာမရှိဘူးဆိုရင် ကိုယ်တို့ကို ဦးဆောင်နိုင်မယ့်သူ ဘယ်သူရှိမလဲဆိုတဲ့အတွက် သူ့လုံခြုံရေးတွေ စိတ်ပူပေးရတယ်။ ပြီး ကိုယ့်တပ်ရင်း ထောက်ပို့အပိုင်းမှာ တာဝန်ယူထားတဲ့အတွက် ကိုယ့်တပ်ရင်းမှာ ငွေရေးကြေးရေး အခက်အခဲတွေ အများကြီးရှိခါကျတော့ ကိုယ်ရှာပေးရတယ်။ တတ်နိုင်သလောက်ပေါ့နော။ “

NUGနဲ့ PDFတွေကို ငွေကြေး၊ ဆေးဝါးနဲ့ လူအသုံးအဆောင်တွေ၊ စားသောက်ကုန်တွေကို ထောက်ပံ့ကူညီနေတယ်ဆိုပြီး စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) နဲ့လည်း အမှုဖွင့် ထားခြင်းခံရသူ ဖြစ်ပါတယ်။

“ သူတို့တရားစွဲဆိုတဲ့ အပေါ်မှာ ကျနော့်တစ်ယောက်အနေနဲ့ ဒါကတော့ မတရားစွဲဆိုတယ်ဘဲ ပြန်ပြောရမှာပေါ့နော။ တရားစွဲဆိုတယ်မဟုတ်ဘူးပေါ့နော။ မတရားစွဲဆိုတာပေါ့နော။ ဘာလို့လဲဆိုရင် ကျနော်က ဒါက ကျနော်တို့ လုပ်နေတဲ့ အရာတွေ အားလုံးက အမှန် တွေပဲပေါ့နော။ အမှားတွေ တစ်ခုမှမပါဘူး။ သူတို့လုပ်နေတဲ့အရာတွေက အမှားတွေ ပေါ့နော။ ဒါကတော့ သူတို့မတရားစွဲဆိုတာဖြစ်တယ်။ ကျနော် လုပ်နေတဲ့အရာကို မှန်တယ်လို့လည်း ကိုယ့်ကိုယ်ယုံကြည်တယ်။ “

လက်နက်ကိုင်တော်လှန်ဖို့အတွက် သူ့ရဲ့ မိဘတွေအနေနဲ့ မလုပ်ဖို့ သဘောမတူတာတွေ ရှိခဲ့ပါတယ်။ ဒီတော်လှန်ရေးမှာ ပါဝင်ဖို့အတွက် ခွင့်ပြု ပေးခဲ့ပေမယ့် မိဘတွေကတော့ စိုးရိမ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မိသားစုဟာဆိုရင်လည်း စစ်ဘေးရှောင်နေရပြီး ဂျော့အနေနဲ့ မိသားစုကို ပြန်တွေ့တာ အချိန်ပေးတာတွေ နည်းပါးလာပြီး အဆက်အသွယ် သိပ်မလုပ်ဖြစ်ဘူးလို့ ပြောပါတယ်။

အာဏာသိမ်းမှုကြောင့် သူ့ရဲ့ ရည်မှန်းချက် ရိုက်ချိုးခံလိုက်ရပေမယ့်လို့ တက်လာမယ့် မျိုးဆက်သစ်ဘောလုံးဝါဿနာရှင်တွေကတော့ သူ့လို မဖြစ်ရလေအောင် တတ်နိုင်တဲ့ဖက်ကနေ ပံ့ပိုးကူညီပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော်လှန်ရေးမှာလည်း ပြည်သူတွေနဲ့အတူ အဆုံးအထိ ပါဝင်သွားဖို့ ဆုံးဖြတ်ချက်ချထားသူဖြစ်ပါတယ်။

spot_img
spot_img