spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အန္တရာယ်ရှိ သတ္တုလုပ်ငန်းပိတ်သိမ်းရန် ပြည်သူ့လွှတ်တော်တွင် ဝန်ကြီး၏ ဖြေကြားချက် အားရကျေနပ်မှုမရှိ ဟုဆို

Author

Date

Category

နော်ဒွေးအယ်ခူ

ဖားဆောင်းမြို့နယ်မှ မော်ချီးဒေသသတ္တုလုပ်ငန်းခွင်တွင် အန္တရာယ်ရှိသည့် သတ္တုလုပ်ငန်းများပိတ်သိမ်းပေးရန် ပြည်သူ့လွှတ်တော်တွင်မေးမြန်းခဲ့ရာ ဝန်ကြီး၏ ဖြေကြားချက်အပေါ် အားရကျေနပ်မှုမရှိကြောင်း ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူက ပြောပါသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူက မော်ချီးဒေသသတ္တုလုပ်ငန်းခွင်တွင် အန္တရာယ်ရှိသည့် လုပ်ငန်းများပိတ်သိမ်းပေးရန် မေးခွန်းမေးမြန်းခဲ့ပါသည်။

အန္တရာယ်ရှိ မော်ချီးသတ္တုတွင်း လုပ်ငန်းပိတ်သိမ်းရန်ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းနေသည့် ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူနှင့် ပြန်လည်ဖြေကြားသည့် ဝန်ကြီး မြင်တွေ့ရစဉ် (ဓါတ်ပုံ – ပြည်သူ့လွှတ်တော် Facebook)

ထိုသို့မေးမြန်းပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် ပေါင်မုန့်တုံးပုံစံ ကျောက်တောက်နေရာတစ်လျှောက် သတ္တုတူးဖော်ခြင်း၊ လူနေထိုင်ခြင်းမပြုရန် တားမြစ်ခြင်းများ ဆောင်ရွက်လျှက်ရှိပြီး လက်ရှိအချိန်တွင် ပေါင်မုန့်တုံးပုံစံ ကျောက်တောက်အောက် တည့်တည့်၌ လူနေထိုင်ခြင်းမရှိဘဲ တစ်ခါတစ်ရံ တစ်နိုင်တစ်ပိုင် သတ္တုရှာဖွေထုတ်လုပ်ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် မကြာခဏ စစ်ဆေး ကြပ်မတ်လျှက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြန်လည် ဖြေ ဆိုခဲ့ခြင်းဖြစ်သည်။

“အားရကျေနပ်မှုတော့မရှိဘူး ဒါပေမယ့်တော့ မေးလိုက်တဲ့မေးခွန်းအပေါ်မှာ အန္တရာယ်ရှိတဲ့နေရာတွေကို ကိုယ်က ဝန်ကြီးဌာနကို အသိပေးလိုက်တဲ့အနေနဲ့ မေးခွန်းမေးလိုက်ရပြီဆိုကတည်းက ဝန်ကြီးဌာနတော့ သတိပြုသွားတာပေါ့။ သတိပြုသွားတော့ အတတ်နိုင်ဆုံး အန္တရာယ်ရှိတဲ့နေရာတွေကို ကွင်းဆင်းပြီးတော့မှ စီစစ်ပေးမယ်လို့တော့ပြောတာပဲ။” ဟု ဒေါ်နန်းထွေးသူက ပြောပါသည်။

ဒေါ်နန်းထွေးသူ ဝန်ကြီးဖြေကြားပြီးနောက် ဆက်စပ်မေးခွန်းတွေအနေဖြင့် ပိတ်သိမ်းပေးရန် ထပ်မေးမြန်းခဲ့သော်လည်း ဝန်ကြီးက ကုမ္မဏီများ သက်တမ်းတိုးထားသည့်အတွက် ပြန်လည်စီစစ်ရမည်ဟုသာ ဆက်ဖြေသွားပါသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမအတွင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်ချီးသတ္တုတွင်း ကျဉ်းလုပ်ငန်းတချို့ မြေပြိုမှုဖြစ်ပွားခဲ့သည်။

ကယားပြည်နယ် သတ္တုထုတ်လုပ်ရေးကုမ္ပဏီသည် ဖားဆောင်းမြို့ရှိ မော်ချီးဒေသ သတ္တုတွင်းတွင် ခဲမဖြူအဖြိုက်နက်နှင့် သတ္တုအကြီးစားထုတ်လုပ်ခွင့်ကို ၂၀၀၂ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ မူလသက်တမ်း ၁ဝ ဖြစ်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

သက်တမ်းတိုးအဖြစ် ၂၀၁၂- ၂၀၁၃ အထိ ပထမအကြိမ်၊ ၂၀၁၃-၂၀၁၄ အထိ ဒုတိယအကြိမ်၊ ၂၀၁၄-၂၀၁၉အထိ တတိယအကြိမ် နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှ သဘောတူညီချက်အရ ယခု စတုတ္ထအကြိမ် သက်တမ်းတိုး(၅)နှစ်ကို ၂၀၁၉-၂၀၂၄အထိ ထပ်မံ ရရှိခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်သတ္တုတူးဖော်ရေးကုမ္ပဏီ၏ Mining Area မှာ ဧက ၆၀၀ဝကျော်ရှိပြီး အန္တရာယ်ဖြစ်လာသည့် နေရာများကို တူးခွင့်မပြုကြောင်း၊ လူနေထိုင်ခွင့်လည်း မပြုကြောင်း တားမြစ်ထားပြီးဖြစ်ကြောင်း၊ အန္တရာယ်ရှိနိုင်သည့် Portion များကို ပိတ်သိမ်းပြီး လုပ်ပိုင်ခွင့်တားမြစ်ရန် ဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဟု ဖြေကြားထားသည်။

မော်ချီးဒေသတွင် လက်ရှိအချိန်ထိ ကြီးမားသော မြေပြိုမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၈၅ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၈၈ခုနှစ်တွင် ဒုတိယအကြိမ် နှင့် ၂၀၁၅ခုနှစ်တွင် တတိယအကြိမ် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် လူနေအိမ်များ ပျက်ဆီး ခဲ့ရသည်။

spot_img
spot_img

Recent posts