ကျောင်းပြင်ပ ပညာရေးနဲ့ လူငယ်တွေရဲ့ အလားအလာ

ခွန်းကလိုင်းဖရီး

ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်ကနေ လွိုင်ကော်-တောင်ငူလမ်းအတိုင်း (၄၇) မိုင်လောက်သွားရင် ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုထဲက ဆီးဘူးဆိုတဲ့ ကျေးရွာကို ရောက်ပါတယ်။

အဲဒီကျေးရွာက လွိုင်ကော်-တောင်ငူလမ်းဘေးမှာရှိလို့ လမ်းပန်းဆက်သွယ်ရေး အတော်လေး အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။ အိမ်ခြေ (၁၅၀) လောက်ရှိတဲ့ အဲဒီကျေးရွာက ရွာသူ/သားတွေဟာ ကုန်းမြင့်တောင်ယာတွေနဲ့ လယ်တွေကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အဓိက လုပ်ကိုင်နေကြတာပါ။

ကယန်းအမျိုးသားတွေရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေထဲနယ်က အဲဒီကျေးရွာမှာ ကယန်းပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိသလို အစိုးရ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးရုံးနဲ့ ဒေသဖွံ့ဖြိုးရေးဈေးတွေရှိတာကြောင့် အလယ်ကယန်းကျေးရွာအုပ်စုမှာတော့ အချက်အခြာကျတဲ့ ကျေးရွာတစ်ရွာလို့လည်း ဆိုနိုင်ပါတယ်။

ကယန်းပြည်သစ်ပါတီနဲ့ အစိုးရတပ်မတော်တို့ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲဖို့အတွက် သဘောတူခဲ့တဲ့နောက် အခုချိန်မှာတော့ ဒေသအခြေအနေက တည်ငြိမ်နေပါတယ်။ အပစ်အခတ်ရပ်စဲရေး ကာလနှစ်ပေါင်း (၂၀) ကျော်လွန်လာတဲ့ အချိန်မှာတော့ အလယ်ကယန်းဒေသက လူထုတွေကလည်း
စစ်ဘေးသင့်ဘဝကနေလွတ်မြောက်ခဲ့လို့ တောင်ယာ၊ လယ်ယာ လုပ်ငန်းတွေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ဘဝတွေကို ငြိမ်းငြိမ်းချမ်းချမ်း တည်ဆောက်နေကြပါတယ်။ ဒေသခံတွေရဲ့ သားသမီး ပညာရေးအနာဂတ်ဟာလည်း ပိုလို့
တောက်ပနေပါတယ်။

အပစ်ခတ်ရပ်စဲပြီး နောက်ပိုင်း ဆီးဘူးကျေးရွာ မီးလင်းရေးအတွက် အစိုးရက ဒီဇယ်ဆီနဲ့ မောင်းနှင်တဲ့ မီးစက်ကြီးတစ်လုံးကိုလည်း ရွာအတွက်ချပေးခဲ့ပါတယ်။ ခုဆိုရင် ဆီးဘူးကျေးရွာမှာ တစ်ညကို (၁) နာရီခွဲလောက် မီးရနေလို့ ကျောင်းသူ၊သားတွေ စာကျက်မှတ်လေ့လာဖို့အတွက် အထောက်အကူရနေပါတယ်။ ဒါ့အပြင် သိပ်မကြာ သေးခင်နှစ်တွေကပဲ အလယ်တန်းအဆင့်ကနေ အထက်တန်းအဆင့် ကျောင်းအဆင့်တိုးမြှင့်ရရှိခဲ့လို့ အလယ်ကယန်း ဒေသနဲ့ အနီးဝန်းကျင်ကျေးရွာတွေအတွက်လည်း အကျိုးများခဲ့ရပါတယ်။

ကယန်းဒေသတစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် ဆယ်တန်းအောင်မြင်သူတွေ၊ တက္ကသိုလ်တက်ရောက်နေသူ တွေ ၊ ဘွဲ့ရပြီးသူတွေ အမြောက်အများရှိလာပြီဖြစ်ပေမယ့် ဆယ်တန်းမအောင်ပဲ ပညာရေးတစ်ပိုင်းတစ်စနဲ့ တစ်ဆို့ နေသူတွေလည်း ဒုနဲ့ဒေး ရှိနေပြန်ပါတယ်။ ဒီလူငယ်တွေကပဲ အလုပ်အကိုင်ရရှိဖို့အတွက်
ပြည်သူ့ဝန်ထမ်းတွေအဖြစ် ဝင်လုပ်သူက လုပ်၊ ကုမ္ပဏီတွေမှာ အလုပ်လုပ်သူတွေကလုပ်၊ INGOs၊ NGOsနဲ့ CSOs လို့ခေါ်တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေမှာ လုပ်နေသူတွေကလည်း လုပ်နေကြပြီး အဲဒီလို လုပ်ကိုင်ဖို့
ခက်ခဲနေကြသူတွေကတော့ နိုင်ငံခြားထွက် အလုပ်ရှာနေကြသူတွေလည်း များလှပါတယ်။

ခုလို လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ လူငယ်တွေရှိသလို ပညာဆက်ပြီး သင်ယူဆည်းပူးနေပြီး လုပ်ငန်းခွင်ထဲ ဝင်ဖို့ ပြင်ဆင်နေကြတဲ့ လူငယ်တွေလည်း ပညာရေးလမ်းကြောင်းတစ်ခုပေါ် လျှောက်လှမ်းနေကြဆဲပါ။ ဆီးဘူးကျေးရွာရဲ့ အနောက်ဖက် မတ်စောက်တဲ့ တောင်ကုန်းလေးပေါ်
တွယ်တက်သွားတဲ့ လမ်းလေးအတိုင်းသွားရင် စတုရန်းပုံ အဆောက်အဦးသုံးခုနဲ့ သက်ငယ်မိုးထားတဲ့ တဲအိမ်လေးတစ်လုံးကို တွေ့ရပါတယ်။ သူစိမ်းဧည့်သည်တွေလာတိုင်း ပြတင်းပေါက်အပြင်ဖက်ကို ငေးကြည့်တတ်သလို တက်ကြွတဲ့ မျက်လုံးပိုင်ရှင် လူငယ်လေးတွေ အခန်းတစ်ခုထဲမှာ စုဝေးလို့ ရောက်ရှိနေကြပါတယ်။

“အလုပ်ရှာရတာလည်းခက်တယ် အခုချိန်မှာ၊ သေချာပြီပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမြှင့်ဖို့လိုပြီ ဆို တဲ့အတွက်ကြောင့် ကိုယ်လိုချင်တဲ့ ဘာသာရပ်တွေလည်းပါတဲ့အတွက်ကြောင့် ကျွန်မ ဒီနေရာကို လာရခြင်းဖြစ်တယ်”လို့ ပိန်ပိန်သေးသေးကိုယ်ထည်နဲ့ အသက် ၂၃ နှစ်ဝန်းကျင်အရွယ်ရှိတဲ့ မူနန်းအေးက သူပြောချင်တာကို ခပ်သွက်သွက် ပြောပါတယ်။

ဓာတုဗေဒဘာသာရပ်နဲ့ ဘွဲ့ရထားတဲ့ မူနန်းအေးဟာ အလုပ်ရဖို့အတွက် အခက်အခဲဖြစ်နေတုန်းပါပဲ။ သူမကဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စုက ပင်သာရွာမှာ နေထိုင်ပါတယ်။ မူနန်းအေးနဲ့အတူ သူမလို ပညာဗဟုသုတတွေ ဆည်းပူးလိုတဲ့ နေရာဒေသအစုံက လူငယ်
၁၈ ဦးကလည်း ခုနေရာမှာ လာရောက်ပြီး ပညာသင်ယူနေကြပါတယ်။ ဆီးဘူးကျေးရွာကို တစ်ခါမှ မရောက်ဖူးတဲ့ မူနန်းအေးကတော့ အခုနေရာမှာ ပညာသင်ယူနိုင်ဖို့အတွက် online ကနေတစ်ဆင့် သိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မူနန်းအေးနဲ့အလားတူ ဒီနေရာမှာ ပညာသင်ယူနေတဲ့ နောက်တစ်ယောက်ကတော့ မိုးဗြဲကျေးရွာအုပ်စု အရှေ့ကဖုကျေးရွာမှာ နေထိုင်တဲ့ ခွန်းကနေဒီပါ။ ခွန်းကနေဒီဟာ ဆယ်တန်းအောင်မြင်ထားပြီးတော့ တက္ကသိုလ်မှာ ပညာဆက်ပြီး သင်ယူမယ့် လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူ့ရဲ့ရည်မှန်းချက်အတိုင်း သွားနိုင်ဖို့အတွက် ခုလိုနေရာမျိုးမှာ ပညာလာသင်ယူနေပါတယ်။ “ကျွန်တော်က ဒေသအကျိုးပြုဖို့အတွက် စိတ်ဝင်စားတဲ့ သူတစ်ယောက်ဖြစ်တယ်။ တကယ်လည်း စိတ်အား ထက်သန်တာပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်တော့် ဝါသနာ၊ ကျွန်တော့် ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီတဲ့အတွက် ဒီသင်တန်းကို လာတက်တာပေါ့နော်” လို့ ခွန်းကနေဒီက စကားကို တစ်ခွန်းချင်း လေးလေးပင်ပင် ပြောပါတယ်။

ဒီလူငယ်တွေဟာ ကယန်းလူထုဖွံ့ဖြိုးရေး ဝန်ဆောင်မှုအဖွဲ့(KCDS)က ဦးစီးပြီး ဖွင့်လှစ်ထားတဲ့ လူငယ်ခေါင်းဆောင်မှု အရည်အသွေးဖွံ့ဖြိုးရေးသင်တန်းကို တက်ရောက်နေကြတဲ့ လူငယ်တွေဖြစ်ပါတယ်။ အခုသင်တန်းမှာ ခေါင်းဆောင်မှု အရည်အသွေး၊ စီမံခန့်ခွဲမှု၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာနဲ့ အခြားဒေသဖွံ့ဖြိုးရေးစီမံကိန်းနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို သင်ကြားပို့ချပေးနေတာပါ။ ပညာသင်ယူနေတဲ့ လူငယ်(၁၉)ဦးထဲမှာ ဘွဲ့ရပြီးသူတွေ၊ တက္ကသိုလ်တက်နေသူတွေ၊ ဆယ်တန်းအောင်မြင်ထားသူတွေနဲ့ ဆယ်တန်းမအောင်တဲ့ သူတွေလည်း ပါဝင်နေပါတယ်။ ဒီဘာသာရပ်တွေကို ပြည်ပကပညာသင်ယူပြီး ပြန်လာကြတဲ့ ဆရာ၊မ (၅) ဦးက ပြန်ပြီးသင်ကြားပေးနေတာဖြစ်ပါတယ်။ အစိုးရကျောင်းတွေက ခုလို ပညာဗသုတမျိုးကို တစ်ပြိုင်တည်းရဖို့ မလွယ်ကူတာကြောင့် ဒီလူငယ်တွေအများစုကတော့ ခုလိုကျောင်းပြင်ပ ပညာရေး နယ်ပယ်ကိုလာပြီး ကျက်စားနေရတာပါ။

“Proposal (အဆိုပြုလွှာ) ပဲရေးရေး၊ report (အစီရင်ခံစာ) ပဲရေးရေးအင်္ဂလိပ်စာက အရမ်းလိုအပ်တာပေါ့နော်။ ကျောင်းပဲလျှောက်လျှောက်၊ သူများမေးလာတာက အင်္ဂလိပ်လိုပဲနော်။ အင်္ဂလိပ်က သူတို့အတွက် အရေးကြီးတယ်လို့ ကျွန်တော်မြင်တယ်ပေါ့နော်။ ပြီးရင် နိုင်ငံခြားပဲသွားမလား၊ အင်္ဂလိပ်ဆိုတာ
နိုင်ငံတကာ ဘာသာစကားဖြစ်တဲ့အတွက် သူတို့သိသင့်တယ်။ ပြောတတ် သင့်တယ်။ ကိုယ့်အတွက် အခက်အခဲမဖြစ်အောင်ပေါ့”။ အဲဒီသင်တန်းမှာ အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ ခွန်းမောင်ရန်းက သူ့အမြင်ကို ပြောပြပါတယ်။

ခွန်းမောင်ရန်းအနေနဲ့ အရင်တုန်းက ဒေသတွင်းမှာ ခုလိုမျိုး ပညာသင်ယူလိုခဲ့ပေမယ့် အခွင့်အရေးမရခဲ့တဲ့အတွက် ထိုင်းနိုင်ငံအထိသွားပြီး ပညာသင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြည်ပနိုင်ငံမှာ ပညာသင်ရတဲ့အတွက် ကုန်ကျမှုလည်း ပိုများသလို ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက်ကြောင့် ခုလိုတောင်
အဆင်ပြေမှုမရှိခဲ့ဘူးလို့ သူ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ဒီသင်တန်းအပေါ် မှတ်ချက်ပြု ပြောဆိုပါတယ်။

ဒီသင်တန်းအပေါ်မှာ ဆီးဘူးကျေးရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးသန်းကျော်လှကလည်း သူ့အမြင်ကို ခုလိုပဲ ပြောပြပါတယ်။ “အဲဒီသင်တန်းမျိုးက ခါးမပြတ်အောင်ပေါ့လေ။ ဦးဆောင်သူအပြင်ကို အနီးကကျန်တဲ့လူက စီမံခန့်ခွဲမှုတွေ ကြီးကြပ်နိုင်ဖို့လိုတယ်။ ကလေးဆိုတဲ့မျိုးက စိတ်ဓါတ်ကျလွယ်တယ်။ ပြီးလို့ရှိရင် ဆရာသမားမရှိတဲ့အခါကတော့ စားရေးသောက်ရေးလည်း မ ဟာ သွားအောင် ဒီလိုဖြစ်သင့်တယ်။” လို့ သူက အကြံပြုပြောဆိုပါတယ်။ အဲ့ဒီသင်တန်းမှာလည်း သွားရောက်ပြီးတော့ အတွေ့အကြုံမျှဝေတာတွေနဲ့ လူ့ကျင့်ဝတ်နဲ့ပတ်သက်တဲ့ အလေ့အထတွေကိုလည်း မျှဝေ ပေးတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ ဩဂုတ်လကစခဲ့တဲ့ အဲ့ဒီသင်တန်းဟာ ၂၀၁၉ ခုနှစ်၊ ဧပြီမှာအဆုံးသတ်မှာဖြစ်လို့ ၉ လတာ ကြာမြင့်တဲ့ သင်တန်းဖြစ်ပါတယ်။ ကယန်းဒေသမှာတော့ အခုလို လရှည်သင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်တာလို့ ဆိုနိုင်ပါတယ်။

ကယန်းလူထုဖွံ့ဖြိုးရေးဝန်ဆောင်မှုအဖွဲ့(KCDS)ရဲ့ ဒါရိုက်တာလည်းဖြစ် ခုသင်တန်းကို ဦးဆောင်ပြုလုပ်သူကတော့ ခွန်းအနာတားရှိုနေဇာပါ။ သူ့အနေနဲ့ ခုလိုသင်မျိုးပြုလုပ်ရတာနဲ့ ပတ်သက်လို့ “လူငယ်လူ ရွယ်တွေ သူတို့ လိုအပ်တဲ့ အရည်အချင်းကို ဒီမှာလာရနိုင်ပြီးတော့မှ သူတို့ လုပ်ချင်တဲ့ လုပ်ငန်းတွေကို လုပ်နိုင်အောင် တစ်ဖက်မှာလည်း လူထုအတွက်၊ အများအတွက်
ပြန်အကျိုးပြုနိုင်အောင်ဆိုတဲ့ အဓိက ရည်မှန်းချက်က အဲ့ဒါရှိတာပေါ့နော်” လို့ ရှင်းပြပါတယ်။

ခုလိုသင်တန်းမျိုးကို တစ်ချိန်က သူကိုယ်တိုင်လေ့လာသင်ယူဖို့ မနည်းကြိုးစားပြီး ထိုင်းနိုင်ငံအထိသွား လေ့လာခဲ့ရတာဖြစ်လို့ ခုလူငယ်တွေအတွက် ဒေသတွင်းမှာပဲ ပညာသင်ကြားခွင့်ရရှိဖို့ အခွင့်အရေးဖန်တီးပေးရတဲ့အတွက် သူကိုယ်သူ ကျေနပ်မိတယ်လို့ ဆိုပါတယ်။ ဒီသင်တန်းမှာ မိုးဗြဲနဲ့ အနောက်ကယန်းက လူငယ်တွေအများဆုံးပါဝင်ပြီးတော့ အလယ်ကယန်းဒေသ ဆီးဘူးရွာခံ လူငယ်အချို့လည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ခုလို လူငယ်အရည်အချင်းမြှင့်တင်ပေးတဲ့ သင်တန်းမျိုးကို KCDS အဖွဲ့ကပဲ (၆) လကြာပြုလုပ်ခဲ့တာရှိပေမယ့် ခုသင်တန်းကတော့ ပိုပြီးကြာမြင့်မှာဖြစ်လို့ လူငယ်တွေလေ့လာဖို့အတွက် အချိန်ပိုရမှာလည်းဖြစ်ပါတယ်။

သင်တန်းကို ဦးစီးနေတဲ့ ခွန်းအနာတားရှိုနေဇာကတော့ သင်တန်းတက်ရောက်နေတဲ့ လူငယ်တွေအပေါ် သူမျှော်လင့်ထားတာတွေလည်း ရှိပါတယ်။ “ ဒီသင်တန်းမှာ သူတို့ထိထိမိမိ သင်ကြားနိုင်မယ်ဆိုရင်တော့ အနည်းဆုံး သူတို့ ရပ်ရွာတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကျုံးဝင်မယ်ပေါ့နော်။ နောက်ပြီးတော့
NGOsနဲ့ အခြားလူမှုအဖွဲ့အစည်းတွေမှာ ပြန်လုပ်ရင်လည်း သူတို့အတွက် အဆင်သင့်ဖြစ်သွားပြီပေါ့”။

သင်တန်းကြေးအချို့သတ်မှတ်ထားတာရှိပေမယ့် အလှူရှင်တွေရဲ့ အကူအညီနဲ့ ခုသင်တန်းကို အဓိက လည်ပတ်နေတာဖြစ်ပါတယ်။ ခုလိုသင်တန်းမျိုးကိုပဲ လာမယ့်နှစ်မှာ (၁၀) လအထိ အချိန်ကာလတိုးမြှင့်သတ်မှတ်ဖို့ အစီအစဉ်ရှိသလို နှစ်စဉ်ဖွင့်လှစ်နိုင်ဖို့လည်း သူက ရည်ရွယ်ထားပါတယ်။

သင်တန်းသူ မူနန်းအေးက” ဒီသင်တန်းပြီးရင် အရင်ကထက်စာရင်တော့ အများကြီးပြောင်းလဲလာမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ပြီးတော့လည်း ဒီသင်တန်းပြီးရင် ကိုယ့်အတွက် နေရာတစ်ခုရှိပြီးသားလို့ ယုံကြည်တယ်။”

Comments

comments

Next Post

လွိုင်ကော်မြို့မှာ ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသူတွေရဲ့ ဘဝအခက်အခဲများ

Sat Nov 3 , 2018
ချွေးနည်းစာလေးနဲ့ ဝယ်ထားတဲ့မြေနေရာလေးနဲ့အတူ ဆောက်ထားတဲ့အိမ်ကလေးကတော့ စိတ်မကောင်းစွာပဲ ပုဒ်မ ၁၈၈ ကျူးကျော်မြေအဖြစ် သတ်မှတ်ခံလိုက်ရတာပါပဲ။ တချို့မိသားစုတွေက မိဘအမွေရပြီး နေထိုင်ကြသလို တချို့မိသားစုတွေကတော့ ချွေးနည်းစာလေးနဲ့ ဝယ်ထားကြပါတယ်။ ဒေါ်ကြည်ဌေးလိုပဲ ကျူးကျော်အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ မိသားစု ၁၀ဝ ဝန်းကျင်လောက် ရှိနေတာပါ။ ဒီမိသားစု ၁၀ဝ ဝန်းကျင်ဆိုတာကလည်း ဒီနှစ်အတွင်းမှာ သတ်မှတ်ခံလိုက်ရတဲ့ မိသားစုတွေပါ။ https://www.youtube.com/watch?v=m9wJhtYbmwc&feature=youtu.be&fbclid=IwAR2g29pQRH7aTrA8klQhcFhSYpsMcZ0L67Ei8uTmO9Udf3hTkay7y4cFsig Comments comments