spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငွေတောင်ဆည်ဘေးတွင် ခေတ်မီအားကစားကွင်း တည်ဆောက်သွားမည်

Author

Date

Category

မူအက်စတာ

ငွေတောင်ဆည်၏ အနောက်တောင်ဘက်ရှိ ဧည့်ရိပ်သာ(ဗိုလ်တည်း)နေရာ၌ ခေတ်မီကစားကွင်းတည်ဆောက်ရန် ငွေတောင်ဆည်ဧည့်ရိပ်သာ (ဗိုလ်တည်း)အဆောက်အအုံနှင့် မြေနေရာကို နှစ်ရှည်ငှါးရမ်းရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါနေရာ၌ ခေတ်မီကလေးကစားကွင်းနှင့် အပန်းဖြေပန်းခြံ၊ ရိုးရာအစားအစာ၊ ရိုးရာအဝတ်အထည်ဆိုင်များ ဖွင့်လှစ်ရန်အတွက် နှစ်ရှည်ငှါးရမ်းမည် ဖြစ်သည်။

“ရိပ်သာက ကျွန်တော်တို့ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးကနေပြီးတော့ ဒါကို ကလေးကစားကွင်းလိုပုံစံမျိုး၊ ဒါကိုတင်ဒါခေါ်ထားတယ်။ ဒီတင်ဒါအိတ်ဖွင့် ဖောက်စစ်တာကလည်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးက လုပ်မှာ” ဟု ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းက ပြောသည်။

တင်ဒါခေါ်ယူနေမှုနှင့် ပတ်သက်ပြီး ဒေသခံများကို ဦးစားပေးသင့်ကြောင်းနှင့် ဖြစ်ပျက်လာမည့် နောက်ဆက်တွဲဆိုးကျိုးကောင်းကျိုးများကို တာဝန်ယူမှု တာဝန်ခံမှုရှိနေစေလိုကြောင်း ဒေသခံများက လိုလားနေကြသည်။

ဒေသခံတစ်ဦးဖြစ်သူ ကိုဖိုးဆွိက “တင်ဒါမခေါ်ခင် လူထုတွေကို နံပါတ်၁ ဦးစားပေးဖို့လိုတယ်၊ သူတို့လုပ်မယ့်လုပ်ငန်းတွေမှာ လူထုတွေ လုပ်နိုင်မယ့်အပိုင်းတွေရှိမယ် မလုပ်နိုင်မယ့်အပိုင်းတွေလည်း ရှိမယ်ပေါ့နော၊ ဆိုတော့ လုပ်နိုင်မယ့်အပိုင်းကို လူထုတွေနဲ့ ပူးပေါင်းပြီး မလုပ်နိုင်မယ်အပိုင်းတွေကို တင်ဒါပစ်ရင်တော့ ပိုအဆင်ပြေမယ်လို့ ကျွန်တော်ထင်တယ် ဘာလို့လဲဆိုတော့ တစ်ခုခုလုပ်လိုက်ရင် ဒေသခံတွေက ခံစားရတာ သိပ်မရှိဘူးပေါ့နော” ဟု ပြောသည်။

ရိုးရာအစားအစာ၊ ရိုးရာအဝတ်အထည်ဆိုင်ကဲ့သို့သော တင်ဒါများအား ကယားပြည်နယ်ဒေသခံများကို ဦးစားပေးအစီအစဉ်တွင် ထည့်သွင်းလျာထားရန်နှင့် ဒေသခံများမှ လုပ်ဆောင်ခြင်း မပြုနိုင်သော လုပ်ငန်းများကိုသာ လုပ်ငန်းရှင်ကြီးများနှင့် ချိတ်ဆက်လုပ်ဆောင်ရန် လိုလားနေကြခြင်း ဖြစ်သည်။

ထို့အပြင် အသီးသီးလုပ်ကိုင်ကြမည့် လုပ်ငန်းများအပေါ်တွင်လည်း တာဝန်ယူမှု တာဝန်ခံမှုရှိရန်လည်း ဒေသခံများက တောင်းဆိုနေကြသည်။
ငွေတောင်ဆည်သည် ဒီးမော့ဆိုမြို့အတွင်း နေထိုင်ကြသူများအားလုံးအတွက် ရေသောက်မြစ်တစ်ခုဖြစ်သောကြောင့် အဆိုပါ ခေတ်မီအားကစားကွင်းမှ စွန့်ပစ်အမှိုက်၊ အညစ်အကြေးများကို ဆည်အတွင်း စွန့်ပစ်မည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။
ထို့အပြင် အပန်းဖြေပန်းခြံ၊ ကစားကွင်းဆောက်လုပ်ပြီးလျှင် ဘေးနားပတ်လည်တွင် ယခုလို လွတ်လွတ်လပ်လပ် သွားလာကစားခွင့်များ ပိတ်ပင်သွားမည်ကို စိုးရိမ်နေကြသည်။

ခေတ်မီအားကစားကွင်းတည်ဆောက်ရန် လျာထားသော မြေနေရာ ငွေတောင်ဆည်ဧည့်ရိပ်သာ(ဗိုလ်တည်း)သည် ငွေတောင်ဆည်၏ အနောက်တောင်ဘက် မြေဧရိယာ (၆.၈၀၁)ဧက ကျယ်ဝန်းသည့် ခြံဝန်းကြီးဖြစ်သည်။ ၂၀၁ရ ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့က နောက်ဆုံးထားခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ – စိုင်းလင်းလင်းဦး

spot_img
spot_img

Recent posts