ကုုန်းသာလင်းကျေးရွာရှိ မူလတန်းကျောင်းတွင် စာသင်ကြားနေသော ကလေးငယ်များ(ဓါတ်ပုုံ-ကန္တာရဝတီတိုုင်းမ်)

မူအက်စတာ ရေးသားသည်။

တောင်ကုန်းထက်က မြေပြင်ညီတစ်နေရာမှာ ဝါးထရံကာတစ်ဝက်၊ သွပ်အကာတစ်ဝက်၊ သွပ်မိုးနဲ့ ကျောင်းဆောင်လေးတစ်ဆောင် တွေ့ရတယ်။ ကျောင်းဆောင်ထဲကနေ စာအံနေတဲ့ အသံတွေ ကြားနေရတယ်။ ဆရာတွေရဲ့ အသံလည်း ကြားနေရတယ်။အဝေးကနေ နားထောင်ရတဲ့ အသံတွေက တစ်ယောက်တစ်ပေါက်နဲ့ ကျောင်းသားအနည်းငယ်သာ ရှိမယ်။

မြို့နဲ့ အလှမ်းဝေးနေပေမယ့် ကတ္တရာလမ်းပေါက်ပါတယ်။ တောရွာဖြစ်တဲ့အတွက်ကြောင့် လူသွားလူလာနည်းတယ်။ ကားတွေ၊ စက်တွေမရှိဘဲအေးချမ်းနေတဲ့ တောရွာလေးတစ်ရွာပေါ့။ မြို့ပြရဲ့ အငွေ့အသက်တွေနဲ့ ဝေးနေတော့ လောဘတွေလည်းနည်းတဲ့ရွာလေးပါ။

ဆက်သွယ်ရေးအတွက်တော့ တောင်ထိပ်မှာဖြစ်တဲ့အတွက် အဆင်ပြေပြန်တယ်။
အရပ်လေးမျက်နှာကို ကြည့်ရင် တောင်ကုန်းတောင်တန်းတွေကိုကွေ့ဝိုက်နေတဲ့ ကားလမ်းမကြီးကိုပဲတွေ့ရပါမယ်။ တောင်စောင်းမှာတော့ တောင်ယာစပါးခင်းတွေ ရှိတယ်။

ကုုန်းသာလင်းရွာသိုု့ သွားရာလမ်းတနေရာ(ဓါတ်ပုုံ-မူအက်စတာ၊ ကန္တာရဝတီတိုုင်းမ်)

အချို့တောင်ယာတွေထဲမှာတော့ ဟင်းစားပင်အချို့(ဂျင်းပင်၊ ဂျူးမြစ်ပင်၊ ဖရုံပင်၊ ပြောင်းဖူးပင်)စတာတွေကိုမိသားစုစားဖို့အတွက် စိုက်ပျိုးထားကြပါတယ်။ တောင်ပေါ်မှာပေါက်နေတဲ့ သစ်ပင်တွေကိုခါးလယ်လောက်ထိခုတ်ပြီးမြေတွေရှင်း၊ တောင်ယာတွေစိုက်ပျိုးကြပါတယ်။ တောင်ထိပ်ဆိုပေမယ့် လမ်းတလျှောက်မှာ
လှေကားထစ်လယ်ခင်းတွေ အများအပြားတွေ့ရပါတယ်။

ကုုန်းသာလင်းရွာအဝင် ဆိုုင်းဘုုတ်

ဒီးမော့ဆိုရဲ့ အနောက်ဘက် လိုဘာခိုလမ်းခွဲ အတိုင်း ဒီးမော့ဆိုကနေ ဆိုင်ကယ်နဲ့ ၃ နာရီနီးပါး သွားမှ ရောက်တဲ့ ဒီဒေသက အိမ်ခြေရှိလှမှ ၁၅ အိမ်။ ခူးပရာရွာသစ်ကနေပြောင်းရွှေ့လာတယ်လို့ ဆိုပါတယ်။ အဲ့ဒီ ကုုန်းသာလင်းရွာရဲ့  အိမ်တိုင်းမှာ ကျောင်းတက်တဲ့ ကလေးငယ်အရွယ်လေးတွေ ရှိတယ်။ ကလေးငယ် အယောက်တိုင်းလိုလို ကျောင်းတက်နေကြပါတယ်။

ဒီရွာမှာအစိုးရမူ လတန်းကျောင်းတစ်ကျောင်း ရှိပါတယ်။ ကျောင်းဆောင်တစ်ခုလုံးမှာမှ အခန်း ၃ခန်းပဲရှိပါတယ်။ KG နဲ့ Grade 1 ကို တစ်ခန်းတည်းထားထားပြီး ကျန်တဲ့ Grade 2/3ကိုတော့ တစ်ခန်းစီထားတယ်။

ကုုန်းသာလင်းကျေးရွာရှိ မူလတန်းကျောင်းတွင် စာသင်ကြားနေသော ကလေးငယ်များ(ဓါတ်ပုုံ-ကန္တာရဝတီတိုုင်းမ်)

ဆရာမတွေတော့ အတန်းကို ကြားညှပ်ပြီး သင်ပေးနေရပေမယ့် အဓိကအတန်းကြီးတွေကို သင်ကြားပေးနေရတယ်လို့ ဆရာမတွေက ဆိုပါတယ်။ ကျောင်းတစ်ကျောင်းလုံးမှာမှ ကလေးငယ် ၁ရ ဦးရှိတယ်လို့ သိရပြီး သင်ကြားပေးတဲ့ဆရာမ နှစ်ယောက်ပဲရှိတယ်။

ကျောင်းကတော့ အစိုးရကျောင်းလို့ ပြောပေမယ့် ကျောင်းခန်းကိုရွာသူ/သားတွေက ကိုယ်ထူကိုယ်ထနဲ့ပဲ ဆောက်လုပ်ထားကြတယ်လို့ သိရပါတယ်။ အစိုးရကျောင်းဖြစ်ပေမယ့်လို့ အစိုးရကခန့်ထားတဲ့ ဆရာ/မ မရှိပါဘူး။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က စေတနာ့ဝန်ထမ်း ဆရာမတွေက ကယန်းစာပေသင်ကြားပေးဖို့အတွက် ရောက်လာခဲ့တာဖြစ်ပေမယ့် ကျောင်းသားလေးတွေကို အစိုးရရဲ့ ပြဋ္ဌာန်းစာသင်ကြားပေးသူ မရှိတဲ့အတွက်ကြောင့် အဲ့ဒါကိုပဲ ဦးစားပေးသင်နေရပြီး ကယန်းစာပေကို အခြေအနေအရ မသင်ရသေးပါဘူးလို့ ဆရာမဒေါ်နော်ညေးမူက ပြောတယ်။

“တတိယတန်းကလေးတွေကိုအခုချိန်ထိအေ၊ ဘီ၊ စီတွေကနေပြန်သင်ပေးနေရသေးတယ်လေ”လို့ ဆရာမဒေါ်နော်ညေးမူက ပြောပါတယ်။ “ခက်တော့ခက်တယ် ဘယ်လိုလုပ်ပြီး တတိယတန်းရောက်လာလဲ မသိပါဘူး၊ ဒါကြောင့်မို့ကယန်းစာကတော့ အခြေအနေတွေ ပြန်ကြည့်ရတော့မှာပဲ။”

KG တန်းနဲ့ Grade1 ကိုတော့ သိပ်မကြည့်ပေးဖြစ်ဘဲ အတန်းကြီးတွေကို ပိုပြီးဦးစားပေးနေရတယ်လို့ ဆရာမဒေါ်ဂျူးစဖင်းက ပြောပါတယ်။

ကုုန်းသာလင်းကျေးရွာ နေထိုုင်သူများ(ဓါတ်ပုုံ-မူအက်စတာ၊ ကန္တာရဝတီတိုုင်းမ်)

̏ကလေးတွေက ဒီပုံစံပဲဖြစ်နေတော့ ကျွန်မတို့အငယ်တန်းတွေကိုတောင် သိပ်မဝင်ဖြစ်တော့ဘဲ အတန်းကြီးတွေကို ပိုဖိထားရပါတယ်။˝ လို့ဆရာမကပြောပါတယ်။

အခန်းကသုံးခန်းပဲရှိတာ ဖြစ်တဲ့အတွက်ကြောင့် KGတန်းတွေကို စာသင်ရင် Grade1 အခန်းအနောက်ဘက်မှာ ဆုတ်ပေးခိုင်းရတယ်လို့ ဆရာမကပြောပါတယ်။

ဆရာမတွေအတွက် ထောက်ပံ့ကြေးကို ကျေးရွာကနေ ပေးထားရတာဖြစ်တဲ့အတွက် အခက်အခဲအနည်းငယ်ဖြစ်တယ် လို့ ရွာမိရွာဖတစ်ဦးက ဆိုပါတယ်။

̏ ဖြစ်နိုင်ရင် အစိုးရက ကျောင်းဆရာမလစာပေးနိုင်ရင် အဆင်ပြေတယ်ပေါ့၊ ကျွန်တော်တို့က ရွာမှာသိတဲ့အတိုင်းပဲ ဘာမှမရှိဘူးလေ˝ လို့ ဆိုပါတယ်။  အစိုးရကျောင်းဖြစ်ပေမယ့်လို့ ရွာသူရွာသားတွေကပဲ ထောက်ပံ့ပေးထားတဲ့ ကျောင်းလေးတစ်ကျောင်းဖြစ်ပါတယ်။

ကျောင်းဆောင်ကိုု ဝါးထရံတွေနဲ့ပဲ ကာထားရတဲ့အတွက် မိုးရွာ၊ လေတိုက်ရင် ကျောင်းခန်းထဲထိ မိုးရေပက်ပြီး ကြမ်းပြင်က မြေပြင်ပေါ်မှာပဲဖြစ်တဲ့အတွက် ရေတွေဝင်ရောက်လာပါတယ်။

ကုုန်သာလင်း မူလတန်းကျောင်း(ဓါတ်ပုုံ-မူအက်စတာ၊ကန္တာရဝတီတိုုင်းမ်)

အစိုးရကျောင်းလို့ ဆိုပေမယ့် ကျောင်းသားတွေရဲ့ ထိုင်ခုံတွေဟာ ကျေးရွာက ကိုယ်တိုင်သစ်သားအပိုတွေကိုပဲ လက်သမားတွေမဟုတ်တဲ့ ကျောင်းသားမိဘတွေက ရိုက်ပေးထားဟန်ရှိတဲ့ ထိုင်ခုံတစ်လုံးတွေ့ရပါတယ်။ သင်ထောက်ကူတွေအဖြစ် ကေဂျီတန်းအတွက် အရုပ်ဆက်တွေ ထည့်ထားတဲ့ ပလပ်စတစ်ပုံးသေးနှစ်လုံး၊ white board တစ်ခန်းတစ်ချပ် ဒါပဲတွေ့ရပါတယ်။

̏ ဖြစ်နိုင်ရင် White Board(သင်ပုန်းအဖြူ)အကြီးလိုချင်တယ်။˝လို့ တောင်ပေါ် ဆရာမကပြောပါတယ်။ ̏ ဒါက အရမ်းသေးတော့ သိပ်အဆင်မပြေဘူး။˝

ရွာသားတွေဟာ နေ့စဉ်တောင်ယာအလုပ်တွေမှာပဲ အချိန်ကုန်ပြီး အပိုဝင်ငွေအဖြစ် မော်ချီးခဲသတ္တုတွင်းမှာ သွားရောက်အလုပ်လုပ်ကိုင်ကြရပါတယ်။

ရွာမှာကျန်ရှိနေတဲ့သူတွေကတော့ အများအားဖြင့် သက်ကြီးရွယ်အိုနဲ့ ကျောင်းတက်ကလေးငယ်အရွယ်တွေပဲ အတွေ့များတယ်။ လမ်းပန်းဆက်သွယ်ရေးအနေနဲ့ ဒီးမော့ဆိုမြို့အနောက်ဘက် ကယန်းဒေသနဲ့ ဖရူဆိုမြို့နယ်အနောက်ဘက် ကယောဒေသတို့ကို ဆက်သွယ်ထားတဲ့ ကတ္တရာလမ်းပေါက်လို့ နေ့ချင်းအသွားအပြန် လုပ်နိုင်ပါပြီ။

ကယန်းဒေသနဲ့ ကယောဒေသကထွက်ရှိလာတဲ့ သီးနှံတွေကို စီးပွားရေးလမ်းကြောင်းအရ အရမ်းအဆင်ပြေမယ့် လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

စာသင်ခန်းထဲရှိ ကျောင်းသားများ(ဓါတ်ပုုံ-မူအက်စတာ၊ကန္တာရယတီတိုုင်းမ်)

လက်ရှိဒီရွာကနေ ကျောင်းပြီ်းသွားတဲ့ ကလေးငယ်လေးတွေအနေနဲ့ အခြားဒေသကို ကျောင်းသွားတက်ဖို့ အခက်အခဲရှိကြပါတယ်။ အချို့အဆင်ပြေသူတွေက ဘော်ဒါဆောင်တွေမှာ နေနေကြရသလို၊ အဆင်မပြေတော့ ကျောင်းထွက်ခဲ့ကြရတဲ့ ကလေးငယ်လေးတွေ ရှိပါတယ်။

မူလွန်ကျောင်းဖြစ်ဖြစ်၊ အလယ်တန်းကျောင်းဖြစ်ဖြစ် အခြားကျေးရွာကို အသွားအပြန်တက်ဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့ အနေအထားပါ။ ရွာကတောင်ထိပ်မှာ တည်ရှိနေတဲ့အတွက် အခြားရွာတွေနဲ့ အလှမ်းဝေးနေပါတယ်။

ရွာအခြေအနေက အလယ်တန်းဆောက်ပေးဖို့ အဆင့်ထိလည်းမဖြစ်၊ ဒါကြောင့် ရွာသားတွေလိုချင်တဲ့ အစိုးရဆရာမလစာချပေးဖို့ရယ်၊ ကျောင်းဆရာမတွေ လိုချင်နေတဲ့ ကျောင်းသင်ထောက်ကူတွေ ဖြည့်ဆည်းပေနိုင်ရင် သူတို့ပျော်ရပါပြီလို့ ဆိုပါတယ်။

Comments

comments