ဒေသထွက် ငရုပ်ဈေး အတက်အကျဒီရေနဲ့ မိသားစု ဝမ်းရေးပြဿနာ

ခွန်းကလိုင်းဖရီး

ကယန်းဒေသမှာ ရိုးရာခေါင်ရည်၊ ဖာလာနဲ့ ငရုပ်သီးဟာ ဒေသခံတွေကို ဝင်ငွေရှာပေးနေတဲ့ အဓိက လုပ်ငန်းဖြစ်ပါတယ်။ ကယန်းတောင်သူတွေဟာ ကောက်ညှင်းစပါးတွေကို စိုက်ပျိုးပြီး ရိုးရာခေါင်ရည်ကို ချက်လုပ်ကြသလို ဖာလာစိုက်ခင်းနဲ့ ငရုပ်ခင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြတာပါ။

ရာသီထွက်ဖာလာသီးနှံကတော့ ဈေးကောင်းမရခဲ့လို့ တောင်သူတွေ အတော်ကိုအကြပ်အတည်းကြုံခဲ့ရပေမယ့် ငရုပ်သီးထွက်ရာသီမှာတော့ ပြန်ပြီးအသက်ရှူချောင်ခဲ့ရပါတယ်။

“ဈေးကတော့ အရင်နှစ်က ပိုပြီးတော့ နှိမ့်တယ်ပေါ့နော်။ အရင်နှစ်က ၁ပိဿာကို ၈ ထောင်၊ အဲလိုပေါ့နော်။ ဒီနှစ်တော့ ၁ ပိဿကို ပေါက်ဈေး ၁ သောင်း၂ ထောင် အဲ့လိုရနေတယ်” လို့ ခွန်းမာနွေးလယ်က ပြောပါတယ်။

ခွန်းမာနွေးလယ်ဟာ အလယ်ကယန်းဒေသ ဆီးဘူးကျေးရွာမှာနေထိုင်ပြီး (၂) ဧကလောက် ကျယ်ဝန်းတဲ့ ငရုပ်ခင်းကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ငရုပ်သီးဈေးဟာ နှစ်တိုင်းလိုလို မတည်ငြိမ်ပါဘူး။ ဈေးအတက်အကျကြမ်းပါတယ်။ တချို့နှစ်တွေမှာ ကျပ် ၄ ထောင်လောက်ထိ ဈေးထိုးကျတတ်ပြီး တချို့နှစ်တွေမှာတော့ ကျပ် ၁သောင်းခွဲလောက်အထိလည်း ဈေးမြှင့်နေတတ်ပါတယ်။ ငရုပ်သီးကို စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ တောင်သူတွေကတော့ ဒီလုပ်ငန်းကို ကံစမ်းမဲလို့ပဲ သဘောထားကြပါတယ်။ ဒေသခံတွေကတော့ ဈေးကွက်ဝင် ဒီဒေသထွက်ငရုပ်သီးတွေကို ကုလားအော်သီးလို့ ခေါ်ကြပါတယ်။ ငရုပ်စိုက်ခင်းတွေကို စီးပွားဖြစ်လုပ်ကိုင်ကြသလို အိမ်စားဖို့အတွက်လည်း ဒီငရုပ်ခင်းတွေကိုပဲ အားကိုးကြတာပါ။

ဒီငရုပ်စိုက်ခင်းကို တောင်သူတွေက ရွှေ့ပြောင်းတောင်ယာအဖြစ်နဲ့ပဲ စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ တောအိုတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးလုပ်ကိုင်တာဟာ ငရုပ်ပင်နဲ့ အသီးကို ပိုပြီး
ဖွံ့ဖြိုးစေတာကြောင့် အထွက်နှုန်းလည်း ပိုကောင်းတယ်လို့ ဆိုပါတယ်။ (၅)နှစ်ဒါမှမဟုတ် (၅) နှစ်နဲ့အထက် မြေကို အနားပေးစနစ်နဲ့ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်တာဟာ သစ်တောပြုန်းတီးသွားနိုင်တဲ့အဆင့် မဖြစ်နိုင်ဘူးလို့ယူဆကြပါတယ်။ ဒါပေမယ့်လည်း ဒီလုပ်ငန်းဟာ ငရုပ်စိုက်တောင်သူတွေအတွက် တစ်နှစ်မှ တစ်ခါ အကျိုးအမြတ်ရတဲ့ လုပ်ငန်းဖြစ်နေပါတယ်။

အဖေဆုံးပြီးတဲ့ နောက်ပိုင်းမှာတော့ မိသားစုစားဝတ်နေရေး ကြပ်တည်းလာတဲ့ သူတို့မိသားစုအတွက် မောင်နှမ (၄) ယောက်ထဲက အကြီးဆုံးသားဖြစ်တဲ့ ခွန်းမာနွေးလယ်ဟာ (၉)တန်းတက်နေရင်းနဲ့ ကျောင်းထွက်လိုက်ရသလို ဒီငရုပ်ခင်းကိုပဲ အားကိုးပြီး မိသားစုဝမ်းစာကို ဖြေရှင်းခဲ့တာပါ။

“ဒီငရုပ်ကနေရတဲ့ ဝင်ငွေဟာ ကျွန်တော်တို့ မိသားစု စားဝတ်နေရေးအတွက် အဓိကပါပဲ။ ဆန်၊ ဆီ၊ ဆားတွေ ဝယ်ရတာပေါ့နော်။ ပြီးတော့ အထွေထွေသုံးပေါ့။ ကလေးတွေကို ကျောင်းထောက်ဖို့အတွက် သုံးပါတယ်။ နှစ်တစ်နှစ်ရဲ့ အဓိက ဝင်ငွေက ငရုပ်ပဲပေါ့။ အခြားစီးပွားရေးလည်း ဘာမှမရှိဘူးပေါ့။ ကျနော်တို့ တောင်သူက” လို့ ဆိုပါတယ်။

သူတို့ မောင်နှ (၄) ယောက်ထဲက အမကြီးက မနှစ်ကပဲ အိမ်ထောင်ကျသွားပြီဖြစ်လို့ အိမ်ခွဲနေပါပြီ။ သူ့ညီအငယ်ဆုံးကတော့ ဆီးဘူးအ.ထ.ကကျောင်းမှာ (၁၀)တန်းကျောင်းသား တစ်ဦးဖြစ်ပါတယ်။

အဲ့ဒီအတွက်ကျောင်းစရိတ်တွေကို ခွန်းမာနွေးလယ်ကပဲ ပံ့ပိုးပေးနေရတာပါ။ သူ့ကိုအချိန်ပိုင်း ကူညီပေးနိုင်တာကတော့ ဆီးဘူး အ.ထ.က ကျောင်းမှာ အချိန်ပိုင်းကယန်းစာပေသင်ကြားတဲ့ မူလားတာပါ။ နေ့စဉ်လိုလိုပဲ မူလားတာဟာ သူ့စာသင်ချိန်မရှိတဲ့အချိန်ဆို သူတို့ မိသားစုပိုင် ငရုပ်ခင်းလေးထဲမှာ သူ့အစ်ကို ခွန်းမာနွေးလယ်နဲ့အတူ အလုပ်အတူကူ လုပ်ပေးပါတယ်။

“မနက်ပိုင်းက ကျွန်မစာသင်ချိန်မဟုတ်ဘူး။ ကျွန်မက တစ်ရက်တစ်ချိန်ပဲကျောင်းတက်ရပါတယ်။ မနက်ဆိုအလုပ်သွားတယ်။ နေ့ခင်း (၁၂) နာရီဆို ကျွန်မအိမ်ပြန်ပါတယ်။ (၁) နာရီဆို ခြေလက်တွေ ဆေးပြီးတော့ကျွန်မကျောင်းသွားပါတယ်။ (၂) နာရီခွဲဆို ကျွန်မ စာစပြီးဝင်သင်ပါတယ်။ (၂)

နာရီခွဲကနေ (၃) နာရီ (၁၅) မိနစ်အထိပါ။ ကျွန်မအချိန်တွေကို အဲ့လိုပဲနေ့တိုင်း ပုံမှန်လုပ်သွားပေးပါတယ်။” လို့ မူလားတာက ပြောပြပါတယ်။

မူလားတာဟာ Grade 1 နဲ့ Grade 2 အတန်းက ကလေးငယ်တွေကို ကယန်းစာပေသင်ကြားပေးရသူပါ။ ခုလို ကယန်းစာပေကို အချိန်ပိုင်း သင်ကြားပေးရင်းအစိုးရက ထောက်ပံ့ပေးတဲ့ ကျပ်ငွေ (၃) သောင်းကို လစဉ်ရရှိပါတယ်။

ဒါပေမယ့်လည်း သူ့ခံယူချက်ကတော့ ငွေက အဓိကမဟုတ်ပဲ ကလေးငယ်တွေ
ကယန်းစာတတ်ဖို့အတွက်ပဲ အရေးကြီးပါတယ်လို့ ဆိုပါတယ်။

သူတို့ မိသားစုပိုင်တဲ့ ငရုပ်စိုက်ခင်းဟာ (၂) ဧက လောက်ကျယ်ဝန်းသလို ငရုပ်သီး ခူးဆွတ်ဖို့အတွက် လုပ်အားငှါးရင် အလုပ်သမား အယောက် (၃၀)လောက် ငှါးဖို့ လိုအပ်ပေမယ့် သူတို့ မိသားစုဝင်တွေကပဲ တပိုင်တနိုင်နဲ့ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကိုင်နေကြပါတယ်။

ခုလို ငရုပ်ဈေးကောင်းတဲ့ နှစ်မျိုးမှာဆို ငရုပ်သီးစိုက်တဲ့ တောင်သူတွေအဆင်ပြေကြပေမယ့် ငရုပ်သီးဈေးမကောင်းတဲ့ နှစ်တွေမှာတော့ တောင်သူတွေ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်ကြရပါတယ်။

ငရုပ်သီးစိုက်ပျိုးရေးလုပ်ငန်းဟာ ကယန်းဒေသရဲ့ စီးပွားရေး အတက်အကျကို သက်ရောက်မှု ရှိစေတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။

ဒီနှစ်ငရုပ်ဈေးကောင်းတဲ့ အပေါ်မှာ အလယ်ကယန်းအုပ်စု ဆီးဘူးကျေးရွာမှာနေထိုင်တဲ့ ရပ်မိရပ်ဖဦးသန်းကျော်လှက ခုလိုပဲ ရှင်းပြပါတယ်။

“ဒီဖက်ကထွက်တဲ့အထဲမှာ အဓိက ငရုပ်ပေါ့လေ။ ပတ်ဝန်းကျင်ရွာက ဖာလာတွေလည်း ကပ်ပါလာတာပေါ့လေ။ ငရုပ်သီးအပိုင်းကြည့်မယ်ဆိုရင် ဒီနှစ်ကတော့ အားရပါတယ်။ ဈေးအားဖြင့် အပြိုင်အဆိုင်ပါပဲ။ ဒီမှာ ဝယ်ဖို့ ခြမ်းဖို့တောင်မှပွဲစားကို လိုက်လို့ မမီဘူးပေါ့လေ။ နောက်ဆုံးပေါက်ဈေးက ၁ သောင်း ၂ထောင်ထိ ပေါက်ပါတယ်။ ကောင်းကောင်းမခြောက်တာတောင် ဝယ်ပေးတယ်ဆိုတဲ့ အနေအထားမှာ တကယ်လို့ ကောင်းကောင်းခြောက်ရင်တော့ ဒီထက်တောင်ဈေးကောင်းမှာပဲ။”

ဒေသခံ ငရုပ်စိုက်တောင်သူတွေဟာ ခူးဆွတ်ထားပြီးငရုပ်သီးတွေကို အခြောက်လှန်းပြီး ပွဲစားတွေဆီကို ရောင်းချကြတာပါ။ ဒါဟာ ဒေသထွက် ထုတ်ကုန်တစ်ခုကို ကုန်ကြမ်းအနေနဲ့ပဲ ထုတ်ရောင်းတာဖြစ်လို့ အမြတ်အစွန်းနည်းကြပါတယ်။ တကယ်လို့များ ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရင် အမြတ်အစွန်းပိုများလိမ့်လို့ ဆိုပါတယ်။

“ကုန်ကြမ်းတောင် အဲ့လောက်ဈေးပေါက်တယ်ဆိုလို့ရှိရင်တော့ ကုန်ချောအဖြစ် ထပ်ပြီးတော့မှ တစ်ဆင့်တိုးပြီး ထုတ်လုပ်ပြီးတော့မှ ပါကင်နဲ့ ထုတ်ရောင်းနိုင်မယ်ဆိုလို့ရှိရင် ပိုပြီးတော့မှ ထွက်တဲ့ဒေသက တိုက်ရိုက်အကျိုးခံစားခွင့် ပိုရှိမယ်လို့တော့ ကျွန်တော်မြင်တယ်။ ငရုပ်သီးမှုန့်ဘူးနဲ့ ထုတ်လုပ်မယ်။ မက်ခါသီးနဲ့ရောမယ်။ ဖရုံစေ့နဲ့ရောမယ်။ အဲဒီအမှုန့်ကို ပါကင်နဲ့ ထုတ်နိုင်မယ်ဆိုတဲ့အဆင့် ထပ်ပြီးတော့မှ လုပ်မယ်ဆိုလို့ရှိရင် ပိုပြီးတော့မှ ဝင်ငွေပိုတိုးမယ်လို့ ကျွန်တော်ထင်မြင်ယူဆပါတယ်”လို့ ဦးသန်းကျော်လှက ဆက်ပြောပါတယ်။

ဒါပေမယ့်လည်း ဒေသခံတောင်သူတွေကတော့ ငရုပ်သီးတွေကို ကုန်ကြမ်းအဖြစ်နဲ့ပဲ ထုတ်ရောင်းကြပါတယ်။ တကယ်လို့များ ကုန်ချောအဖြစ်ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုကို ဦးတည်သွားမယ်ဆိုရင်တော့ ကယန်းဒေသရဲ့ အခြေခံစီးပွားရေးဟာလည်း ပိုပြီးပြောင်းလဲ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ခွန်းမာနွေးလယ်တို့ မိသားစုကတော့ ဒီတစ်နှစ်အတွက် သူတို့ စိုက်ပျိုးလုပ်ကိုင်နေတဲ့ ငရုပ်ခင်းကနေ ငရုပ်သီး အချိန်(၁၀၀) လောက် ထွက်မယ်လို့မှန်းထားပါတယ်။

လက်ရှိအချိန်မှာ သူတို့မောင်နှမ တစ်သိုက်က သူတို့ အဖေအမွေချန်ခဲ့တဲ့ အိမ်ကိုပဲ ပြုပြင် မွမ်းမံပြီး နေထိုင်နေကြပေမယ့် အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခွန်းမာနွေးလယ်ဟာ သူ့ကိုယ်ပိုင်မိသားစုဘဝကို တည်ဆောက်ဖို့ မျှော်လင့်နေသူပါ။ အဲဒီအတွက် ငရုပ်ခင်းက ရတဲ့ဝင်ငွေနဲ့ အိမ်ဆောက်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။

“ ကျွန်တော့်အနာဂတ်အတွက်တော့ ကလေးကျောင်းအပ်တာ နဲနဲပါးပါးပိုတဲ့ဟာကို ကျွန်တော့်အနာဂတ်အတွက် အိမ်တစ်လုံးလိုချင်တယ်ပေါ့။ ဒီနှစ်ဆိုရင် သွပ်မိုးအချပ် (၂၀) လောက် ကျွန်တော် ဝယ်နိုင်ပါတယ်။ ငရုပ်သီးကနေ ရလာတဲ့ဝင်ငွေပေါ့။ တစ်နှစ်တစ်နှစ် ဒီလိုပဲ စုတယ်။” လို့ သူကပြောပါတယ်။

ဒီနှစ်အတွက်တော့ သူတို့ မိသားစုလို ကယန်းဒေက ငရုပ်သီးစိုက် တောင်သူတွေစားဝတ်နေရေး ပြေလည်ကြတယ်လို့ဆိုနိုင်ပေမယ့် နှစ်စဉ်ဈေးကွက်အတက်အကျကြမ်းတာတွေ အစိုးရဘက်က ထိန်းချုပ်ပေးနိုင်ဖို့ လိုအပ်နေပါတယ်။

“ကျွန်တော်တို့ တောင်းဆိုချင်တာက ကျွန်တော်တို့ အစိုးရကိုပေါ့နော်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ၊ ကျွန်တော်တို့ ဒေသဆိုရင် ငရုပ်သီးတစ်ခုပဲလုပ်တတ်တယ်။ စိုက်တယ်၊ ရောင်းတယ်။ ပွဲစားတွေက အမျိုးမျိုးဈေးလာ ကစားသွားတာရှိတယ်။ နောက်ဆုံး ကျွန်တော်တို့ဈေးကောင်းမရတော့ ကျွန်တော်တို့ စားဝတ်နေရေး အကုန်ထိခိုက်ပါတယ်။ အစိုးရအနေနဲ့ ကျွန်တော်တို့ကို ဈေးကွက်တည်ငြိမ်အောင်လုပ်ပေးပါ။ ကောင်းကောင်းမွန်မွန် ပွဲရုံတွေကို သွင်းပေးပါလို့ ကျွန်တော်တို့တောင်းဆိုချင်ပါတယ်။”

Comments

comments

Next Post

ကျေးရွာဆေးပေးခန်းတွင် လာရောက်ကုသမှုမရှိသောကြောင့် ရက်သားကလေးငယ်များ သေဆုံးမှုများ ရှိနေသေးဟုဆို

Tue Jan 15 , 2019
မူဂျာမီလှိုင် ကျေးရွာဆေးပေးခန်းတွင် လာရောက်ကုသမှုမရှိသောကြောင့် ရက်သားကလေးငယ်များ သေဆုံးမှုများ ရှိနေသေးကြောင်း လွယ်ပေါကျေးရွာအုပ်စုရှိဆေးပေးခန်း တာဝန်ရှိဆရာမတစ်ဦးက ပြောသည်။ “တစ်ချိူ ့လူနာတွေက ဆေးရုံတွေလည်းမသွားကြဘူး ပြီးတော့သူတို့လဲမမွေးနိူင်ဘူး အဲ့ကြောင့်ကလေးတွေက ရေမွှာတွေကွဲတာကြာလို့ သေသွားကြတာ အဲ့လိုတွေတော့ ရှိတာပေါ့” လွယ်ပေါကျေးရွာအုပ်စုရှိဆေးပေးခန်း တာဝန်ရှိဆရာမတစ်ဦးဆိုသည်။ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာအုပ်စုတွင် ကျေးရွာဆေးပေးခန်းသို့ လာရောက်ကုသခြင်းမရှိသည့်အတွက် ယနေ့ချိန်တိုင်အောင် ရက်သားကလေးငယ်များ သေဆုံးမှုများ ရှိနေသေးကြောင်း လွယ်ပေါကျေးရွာအုပ်စုဆေးပေးခန်းရှိ တာဝန်ရှိဆရာမတစ်ဦးက ဇန်နဝါရီလ ၁ဝရက်နေ့တွင် ပြောကြားသည်။ “ဒီလိုဆေးခန်းရှိတော့ ပိုကောင်းဒါပေါ့ အရင်တုန်းကဆို တစ်ခုခုဖြစ်ပြီဆိုရင်ဖယ်ခုံကိုဘဲသွားရတော့ ပိုခက်တယ်လေ”ဟု လွယ်ပေါကျေးရွာ ဒေသခံဒေါ်မနွဲ့ကပြောသည်။ ဆေးပေးခန်းသို့ရောက်ရှိလာကြသောလူနာများသည် အများအားဖြင့် သွေးတိုးရောဂါများနှင့် ကလေးများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါများ အများဆုံးဖြစ်နေကြောင်းသိရသည်။ “သူတို့ကဆေးတော့ထုတ်ပေးတယ် ဒါပေမဲ့ မလောက်ဘူးပေါ့ တစ်ခါတစ်လေဆို […]