spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေသလွှတ်တော်များနှင့် ဝန်ထမ်းဖွဲ့စည်းတည်ဆောက်ပုံ

Author

Date

Category

၂၀၁ဝ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့သော ဒေသလွှတ်တော်များသည် ထိုအချိန်အခါ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများဖြင့်သာ ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသော ဒေသအစိုးရအဖွဲ့ရုံး ဝန်ထမ်းများမှာလည်း ထွေအုပ် ဝန်ထမ်း များပင် ဖြစ်ပေသည်။

ထိုအချိန်အခါကတည်းက အစိုးရ၊လွှတ်တော်နှင့် ထွေအုပ် ဌာနသုံးခုစလုံးကို ထွေအုပ်ဝန်ထမ်း များဖြင့်သာ ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။

၂၀၁၃ ခုနှစ်တွင် ထွေအုပ် အကြီးအကဲကို ဒုညွှန်ချုပ် ရာထူးတိုးမြှင့်ကာ ဒေသလွှတ်တော်ရုံးအကြီးအကဲနေရာတွင်လည်း ထွေအုပ် ညွှန်မှူးများဖြင့် ဝန်ထမ်းရေးရာများ လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပေသည်။

 ဒေသအဆင့်တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူးရှိသော ဌာနမှာ အနည်းငယ်ပင် ရှိပေသည်။

အများစုမှာ ညွှန်ကြားရေးမှူး အဆင့်ဖြင့် အမြင့်ဆုံးပင်ဖြစ်ကြပေသည်။

ထိုကာလတွင် အစိုးရအတွင်းရေးမှူး/ထွေအုပ်ဒုချုပ် အောက်မှ လွှတ်တော် ညွှန်မှူးများမှာ ဥက္ကဌ ထက် တွင်းမှူးနှင့် ဝန်ချုပ်ကိုသာ ပိုကြောက်ရသော ဖွဲ့စည်းတည်ဆောက်မှုဖြစ်ခဲ့ပေသည်။

 ဌာနလက်ကိုင် မရှိသော ဝန်ကြီးများထက် ထွေအုပ် အတွင်းရေးမှူးက ပိုမို လုပ်ပိုင်ခွင့် အာဏာ ရှိနေသော စနစ်ကို တွေ့ရပေသည်။

ဒါ့အပြင် ဒု ဗိုလ်မှူးကြီး အဆင့်လောက် အနိမ်ဆုံးကိုမှ ဝကခ ပေးခဲ့သော စနစ်တွင် လွှတ်တော် ဥက္ကဌ အများစုမှာ ပါတီပိုင်းက လူများ ဖြစ်သောကြောင့် လွှတ်တော်များ၏ စီမံအုပ်ချုပ်မှုမှာ အားရစရာ မရှိခဲ့ပေ။

ဖယ်ဒရယ် ဒီမိုကရေစီ အစ ရွေးကောက်ခံ ကိုယ်စားလှယ်တို့၏ အရည်အချင်းကလည်း လွှတ်တော်များ၏ အခန်းကဏ္ဍကို မှေးမှိန်စေခဲ့ပေသည်။

 သို့ရာတွင် ဦးဆန်းဆင့် လို လူမျိုး လွှတ်တော်ဥက္ကဌ ဖြစ်သော ဧရာဝတီတွင်မူ အစိုးရနှင့် လွှတ်တော်ကြား ပွတ်တိုက်မှုမှာ အင်မတန် အသက်ဝင်လှတာကို တွေ့ရသော်လည်း သူအကျတွင်တော့ ကျန်လွှတ်တော်များပါ ငြိမ်ကျသွားပေတော့သည်။

လွှတ်တော် ၏ ဘတ်ဂျက်ကိုလည်း ၂၀၁၃ လောက်တွင် သီးခြား ရေးဆွဲ ကျင့်သုံးနေပြီ ဖြစ်သော်လည်း ဝန်ထမ်းရေးရာကမူ ထွေအုပ်ကသာ ဖြစ်ခဲ့ပေသည်။

၂၀၁၅ နိုင်ငံတော်သမ္မတ ၏ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုဖိုရမ် အပြီးတွင် လွှတ် တော်များ သီးခြားခွဲထွက် ရပ်တည်ရေးမှာ ပိုမို ကျယ်လောင်လာပေသည်။

 ၂၀၁၅ တွင် တက်လာခဲ့သော အစိုးရသစ်လက်ထက်တွင်မူ ထိုမူဝါဒမှာ ပိုမို အားကောင်းလာခဲ့သလို ကိုယ်တိုင်ကြုံတွေ့နေရသော ဒေသလွှတ်တော်ဥက္ကဌများမှ MPU စည်းဝေးများတွင် ပိုမို တောင်းဆိုလာခဲ့ကြပေသည်။

 ၂၀၁၆ မှစ၍ သီးခြားရပ်တည်ရေး အတွက် ပြင်ဆင်ဆောင်ရွက် ခဲ့ကပြီး ပြည်ထောင်စုနှင့် ချိတ်ဆက်ဆောင်ရာတွင် ပြည်ထောင်စုလွှတ်တော်အောက်မှတစ်ဆင့် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွဲခဲ့ကြပေသည်။

Advertisement

၂၀၁ရ ဧပြီ လ ၁ ရက်နေ့မှ စတင်ကာ သီးခြားခွဲထွက် ရပ်တည်ခဲ့ကပြီး ဝန်ထမ်း အများစုမှာ ထွေအုပ်၏ လွှတ်တော်ဌာနခွဲမှ လိုက်ပါလာကြသော ဝန်ထမ်း များ ဖြစ်ပေသည်။

 လွှတ်တော်ရုံး အကြီးအမှူးကို ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် ဒေသတွင်း ကျန်ဌာနများအပေါ် ထိန်းကြောင်း နိုင်အောင် ခွင့်ပြု ဖွဲ့စည်း တည်ဆောက်ခဲ့ပေသည်။

 ဒေသ သုံး လေးခု တွင်သာ ကျန်ဌာနပေါင်းစုံမှ ဝန်ထမ်းများကို ခေါ်ယူခဲ့ခြင်း ဖြစ်ပေသည်။အများစုမှာ အရာရှိပိုင်းသာ ဖြစ်ပေသည်။

အုပ်ချုပ်ရေးမှူးသာ လုပ်ချင်ကြသော ထွေအုပ် အရာရှိ အများစုမှာ လိုက်မလာကြပေ။

ထိုသို့ သီးခြား ရပ်တည်ရာတွင်လည်း ပြည်ထောင်စုလွှတ်တော် နယက ဦးမန်းဝင်းခိုင်သန်းမှ ဒေသ လွှတ်တော်ဥက္ကဌ များသို့ ဝန်ထမ်းရေးရာ များ စီမံ ခန့်ခွဲပိုင်ခွင့်ကို လွှဲအပ်ပေးကာ ဗဟို ချုပ်ကိုင်မှုကို လျော့ချခဲ့ပေသည်။

ထို့ကြောင့် ဒေသလွှတ်တော်ဥက္ကဌများသည် ၎င်းအောက်က ဝန်ထမ်းရေးရာ ကိစ္စ များကို ပြည်ထောင်စု အဖွဲ့အစည်း ဥက္ကဌ များ၊ ဝန်ကြီးများ ကဲ့သို့ပင် နိုင်ငံဝန်ထမ်း ဝန်ထမ်း ဥပဒေနဲ့အညီ အပြည့်အဝ စီမံ ခန့်ခွဲ အုပ်ချုပ်နိုင်တာကို တွေ့ရပေသည်။

 ပြည်ထောင်စုလွှတ်တော်ရုံးအနေဖြင့်လည်း ဒေသလွှတ်တော်ရုံးများ အပေါ် ထိန်းချုပ်ထားမှုမရှိပဲ ပြည်ထောင်စု အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်ရာများ အပေါ်တွင်သာ ကြားခံ အဖြစ် ကူညီ ဆောင်ရွက်ပေးခြင်း ဖြစ်ပေသည်။

 ဒေသလွှတ်တော်များ အနေဖြင့် ဝန်ထမ်း ရာထူးတိုးများတွင် ဥပဒေနဲ့ အညီ UCSB နှင့် ပြည်ထောင်စုလွှတ်တော် မှ တဆင့်ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အပြောင်းရွေ့များတွင် လွှတ်တော်ဥက္ကဌ အချင်းချင်း သဘောတူညီချက်များဖြင့်သာ ပြောင်းရွေ့ခြင်း စသည်တို့ကို နိုင်ငံဝန်ထမ်းဥပဒေနဲ့အညီ လုပ်ဆောင်နိုင်ပေသည်။

ဒေသတွင်း ဌာနအဖွဲ့အစည်းများ အနက် စည်ပင်သာယာ ကော်မတီများထက်ပင် ဖယ်ဒရယ် အဆန်ဆုံး ဖြစ်ပေသည်။ ဝန်ကြီးချုပ်ပင်လျင် ၎င်းလက်အောက်က ဌာနဆိုင်ရာ များမှ ရာထူးတိုးများ အပေါ် တိုက်ရိုက်လုပ်ပိုင်ခွင့် မရှိတာကို တွေ့ရပေသည်။ သို့ရာတွင် စနစ်တိုင်းတွင် အားသာချက် ၊ အားနည်းချက် ဒွန်တွဲလျက် ရှိပေသည်။လွှတ်တော်များ အားကောင်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များထက် လွှတ်တော်ရုံး ဝန်ထမ်းများကလည်း အခရာ ကျပေသည်။

ကိုယ်စားလှယ်က ငါးနှစ်သက်တမ်းသာ ဖြစ်ပြီး ဝန်ထမ်းက ပင်စင်မယူမချင်း လုပ်ဆောင်ရမည် ဖြစ်ပေသည်။

 လွှတ်တော်ကော်မတီများ အပေါ် ဝန်ထမ်းများ၏ စနစ်တွင်း အတွေ့အကြုံများဖြင့် ကိုယ်စားလှယ်များအပေါ် ကူညီ ဆောင်ရွက်ပေးခြင်းက လွှတ်တော်တွေကို အလျင်အမြန် အားကောင်းစေမည့် အချက်ပင်ဖြစ်ပေသည်။

 အချုပ်အားဖြင့်ဆိုသော် ဖယ်ဒရယ် ၏ အနှစ်သာရမှာ ဗဟိုချုပ်ကိုင်မှုကို နေရာကဏ္ဍတိုင်းတွင် လျော့ချ၍ ဒေသများသို့ ခွဲဝေပေးခြင်း ဖြစ်သော်လည်း ထိုလုပ်ပိုင်ခွင့်၏ တန်ဖိုးကို သိနားလည်နိုင်သော အရည်အချင်း ရှိဖို့က ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် အင်မတန် အရေးကြီးသောအချက်ပင် ဖြစ်ပါကြောင်း ရေးသားအကြံပြုလိုက်ရပေသည်။

ကျော်စိုးသူ (လွှတ်တော်)

 Economic Development

spot_img
spot_img

Recent posts