တောင်ယာခင်းထဲ အလုုပ်အဆင်းနေသော ကယားမတစ်ဦး(ဓါတ်ပုုံ-မော်ဦးမြာ)

မော်ဦးမြာ ရေးသားသည်။

ကယားပြည်နယ်ရဲ့ ခက်ခဲဆင်းရဲရာဒေသ

ရှားတောမြို့နယ်၊ ဖေစိုးလေးဒေသဟာ ကယားပြည်နယ်ထဲမှာ ရှိတဲ့ မြို့နယ်(၉) မြို့ထဲမှ ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသဖြစ်နေဆဲပါ။ လွိုင်ကော်မြို့ကနေ မိုင် ၄ဝ ကျော် ၂ နာရီနီးပါး သွားရတဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါတယ်။

ဒေသခံတွေဟာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ကြပြီး ဝင်ငွေရရှိဖို့ တနိုင်တပိုင် နှမ်းကို စိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ မိသားစုဝင်ထဲမှာ အလုပ်လုပ်နိုင်တဲ့ အမျိုးသားတွေ ရှိမှသာ နှမ်းစိုက်ပျိုးဖို့ အားသာကြတာ ဖြစ်ပါတယ်။

မိသားစုတိုင်းတော့ မစိုက်နိုင်ကြပါဘူး။ နေ့စဉ်ညတိုင်း စားသောက်ရဖို့အတွက် တောင်ယာခင်းတွေထဲမှာ ပြောင်း၊ မြေပဲ၊ စပါးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကထား စိုက်ပျိုးကြတယ်။

ရှားတောမြို့နယ်အတွင်းမှ ဒေါကလော်လဲကျေးရွာမှာ နေထိုင်တဲ့ အသက် ၆ဝ အရွယ် ဒေါ်ဆော်မယ်ကတော့ မိသားစုဝင် ငါးယောက်နဲ့ နေထိုင်ပြီး ဆွံ့အတဲ့ အသက် ၅ဝ အရွယ် ညီမလေးတစ်ယောက်နဲ့အတူ နေ့တိုင်း တောင်ယာခင်းထဲကို ပေါင်းရှင်းသွားဖို့ ပြင်နေတယ်။

ဝမ်းစာအရေး မမျှော်မှန်းရဲသေး

ရှားတောမြို့နယ်ဟာ ဖွံ့ဖြိုးမှု နောက်ကျနေသေးတဲ့အတွက် တစ်နိုင်တစ်ပိုင် ဝင်ငွေလေးတွေ ရှာဖို့အတွက် လမ်းကြောင်းနည်းပါးတဲ့အပြင် တောင်ယာလုပ်ငန်းကလည်း ရာသီဥတုနဲ့ စိုက်ပျိုးသီးနှံဈေးကောင်းမှ တစ်နှစ်စာဝမ်းရေးအတွက် ဝမ်းရေး ဖူလုံလောက်ရုံသာ ဖြစ်တယ်။

ဒီလိုပဲ လုပ်ကိုင်စားသောက်နေရတဲ့အတွက် စားဝတ်နေရေးအတွက် ရုန်းကန်နေရတာဟာလည်း ယနေ့အထိ ဒုံရင်းဒုံရင်းနဲ့ အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေါ်ဆော်မယ်က ပြောပါတယ်။

“မလုံလောက်ဘူးလေ ကျမတို့ ဆား၊ငရုတ်ဝယ်စားဖို့လည်း ပိုက်ဆံမရှိဘူး။ နေ့စားလိုက်ပြီး ဆား၊ငရုတ်ဝယ်စားဖို့ ရှာရင်လည်း ဆန်ဝယ်စားရဦးမယ်။”

ဒေါ်ဆော်မယ်တို့ မိသားစုငါးယောက်ထဲမှာ အသက် ၂ဝ အရွယ် တူလေးတစ်ယောက် ရှိပေမဲ့ တခြားသော ဝင်ငွေတွေ ရရှိဖို့ မရှာဖွေနိုင်ပဲ ဝမ်းစာအတွက်ကိုပဲ ဦးစားပေး လုပ်ကိုင်နေပေမဲ့လည်း “တစ်နှစ်စာဖူလုံတဲ့နှစ်တွေကို ဒီအသက်အရွယ်အထိ မခံစားခဲ့ရဖူးသေးဘူး။”လို့ သူက ညီးတွားတယ်။
ရေကြည်မြက်နုရာရွေ့ရတဲ့ အခက်အခဲ

သူတို့မိသားစုကတော့ ၂၀၁ရ မတိုင်ခင်အထိ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ထဲက ကယားပြည်နယ်စပ် နယ်စွန်နယ်ဖျားလေးဖြစ်တဲ့ ဒေါပဲ့ဒူကျေးရွာမှာ နေထိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့အတွက် နှစ်စဉ်မိမိတို့ လုပ်ကိုင်လာတဲ့ တောင်ယာတွေထဲက ရလာတဲ့ အသီးအနှံတွေကို နယ်မြေအုပ်ချုပ်တဲ့ ပအို့ဝ်လက်နက်ကိုင်အဖွဲ့အစည်း(PNLO)အတွက် မိသားစုတစ်စုကို ၅ဝ ရာခိုင်နှူန်းဝေမျှပေးရတာကြောင့် လုပ်ကိုင်နိုင်သလောက် မခံစားရတဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာပဲ ရှားတောမြို့နယ်ထဲက ဒေါကလော်လဲကျေးရွာကို ပြောင်းရွေ့နေထိုင်လာတာ ဖြစ်ပါတယ်။

“ကျွန်မတို့ နေရပ်ဟောင်းက အဆင်ပြေပါတယ်။ ဒါပေမဲ့ သူများကို တစ်ဝက်ပေးရတယ်။ ကိုယ်က တစ်ဝက်ပဲ စားရတယ်လေ။ သူများကို ပေးရတာ အရမ်းများတော့ ကျမတို့ စားဖို့ မလုံလောက်တော့ဘူးလေ။”လို့ ဒေါ်ဆော်မယ်က ပြောတယ်။

ဒေါ်ဆော်မယ်တို့ မိသားစုတွေလိုပဲ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ကနေ ရှားတောမြို့နယ်ထဲက ကျေးရွာတွေမှာ ပြောင်းရွေ့နေထိုင်လာတဲ့ အိမ်ခြေမိသားစု တစ်ဒါဇင် နီးပါးလောက်ရှိတယ်။

“ရေကြည်ရာ မြက်နုရာ”သို့ ရည်ရွယ်ပြီး စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ပညာရေး အဆင်ပြေစေမယ့် နေရာကို သူတို့ပြောင်းရွေ့လာပေမယ့် ယနေ့အထိတော့ ခက်ခဲနေဆဲပါ။

အနေကြာပေမယ့် မပြေလည်နိုင်

သူတို့မိသားစုတွေလိုပဲ ရှားတောမြို့နယ်ထဲက ဒေါလဲဒူကျေးရွာမှာ နှစ်ပေါင်း ၄ဝ ကျော် နေထိုင်လာပြီဖြစ်တဲ့ မိသားစုလည်း အဆင်ပြေလှတာတော့ မဟုတ်ပါဘူး။

အသက် ၅ဝ အရွယ် သား၊သမီး သုံးယောက်ကို ကျွေးမွေးပြုစုရတဲ့ ဦးငါးရယ်က
“မဖူလုံဘူးလေ တစ်နှစ်စာဆို ကျနော် သား၊သမီးတွေနဲ့ဆို တအားခက်ခဲတယ်။ ကျနော်တစ်ယောက်ပဲ တောင်ယာလုပ်တယ်။ ကျနော် ကျန်းမာရေးလည်း မကောင်းဘူးလေ။ နေမကောင်းရင်လည်း တောင်ယာ မသွားနိုင်ဘူးလေ။ မနေ့ကအထိ ဖျားတယ် ဒီနေ့မှပဲ တောင်ယာပြန်လာတာ။”လို့ သူက ပြောတယ်။

တောင်ယာလုပ်ငန်းကို အမှီပြုပြီး အသက်မွေးကြတဲ့ တောင်သူများကတော့ ကံစီမံရာအတိုင်းသာ မျှော်လင့်ရင်း စားဝတ်နေရေးကို ရုန်းကန်နေကြရတာပါ။ တချို့သော မိသားစုတွေမှာတော့ ဝမ်းစာအတွက် အရေးကြီးဆုံးဖြစ်တဲ့ စပါးပင်တွေ ဖျက်ဆီးခံရရင်တော့ တစ်နှစ်စာ နစ်နာမှူတွေကို ရင်ဆိုင်နေကြရပါတယ်။

ဒါကြောင့်လည်း တောင်ပေါ်ဒေသက တောင်သူတွေဟာ အသက်ရှိသရွေ့ ဝမ်းဝဖို့အတွက်ကို နေပူ၊မိုးရွာမရှောင်၊ ကျန်းမာရေးကို မငဲ့ညာနိုင်ဘဲ ကြိုးစားရုန်းကန်နေကြရတယ်။

ဒါကြောင့်လည်း ဒေါ်ဆော်မယ်တို့ မိသားစုတွေလိုပဲ တောင်ယာလုပ်ငန်းကို အမှီပြုပြီး အသက်မွေးကြတဲ့ ဒီဒေသနေ တောင်သူများကတော့ နေ့စဉ်ဝမ်းရေးအတွက် ဆက်ရုန်းကန်နေရမှာပဲ။

Comments

comments