spot_img
Sunday, January 29, 2023
spot_img

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအသစ်နဲ့ သိရှိရန်လိုအပ်တဲ့အချက်များ

spot_imgspot_imgspot_imgspot_img

သျှံထွန်းတောက် ရေးသားသည်။

၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသစ်ဟာ စတင်အသက်ဝင် လာမှာဖြစ်ပါတယ်။ ယခင်ကတော့ ကုမ္ပဏီတည်ထောင်ခြင်းဆိုင်ရာ ကိစ္စတွေအတွက် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ (၁၉၁၄) ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ယခုဥပဒေအသစ် (၂၀၁၇) ကအဟောင်းနဲ့ဘာတွေ ကွာခြားလာမှာလဲဆိုတာကတော့ ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်နေသူအတော်များများ သိချင်နေကြတဲ့ အကြောင်းအရာတစ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ကုမ္ပဏီဥပဒေအသစ်အရ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာ သိရှိထားဖို့လိုပါတယ်။

          ဥပဒေအဟောင်းမှာတုန်းက ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ အနည်းဆုံး ဒါရိုက်တာ(၂)ဦးလိုအပ်ခဲ့ပါတယ်။ ဒီလိုဆိုတော့ ကုမ္ပဏီတည်ထောင်လိုသူအနေနဲ့ မိမိတစ်ဦးတည်းနဲ့ ကုမ္ပဏီ တည်ထောင်လို့မရဘဲ ဒါရိုက်တာ အနည်းဆုံး(၂)ဦးဖြစ်ဖို့ အခြားတစ်ဦးကိုမဖြစ်မနေ ရှာဖွေရပါတယ်။ ဒီလို ရှာဖွေထည့်သွင်းရာက အကျိုးအမြတ်ခွဲဝေမှု၊ ပိုင်ဆိုင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ပွားကြတဲ့ အနေအထားတွေ မကြာခဏ ကြုံတွေ့ရပါတယ်။ မိသားစုပိုင်ကုမ္ပဏီတွေဆိုရင် အိမ်ထောင်ဦးစီးက နောက်လိုတဲ့ ဒါရိုက်တာတစ်ယောက်နေရာအတွက် စီးပွားရေးအကြောင်း ဘာမှနားမလည်တဲ့ဇနီးဖြစ်သူကို ခန့်လိုက်တာမျိုတွေ တွေ့ရလေ့ရှိပါတယ်။ တစ်ချို့ဆို စာအရေး အဖတ်တောင်မတတ်သူ၊ စိတ်ပေါ့သွပ်နေသူကို ဒါရိုက်တာရာထူးကို အခြေအနေအရ ပေးထားတဲ့သူတွတောင် တွေ့ဖူးပါတယ်။ အခု မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအသစ်မှာတော့ အစုရှယ်ယာတစ်စု၊ အစုရှယ်ယာရှင် တစ်ဦးတည်းပိုင် ကုမ္ပဏီနှင့် ဒါရိုက်တာ တစ်ဦးတည်းသာပါတဲ့  ကုမ္ပဏီတွေ တည်ထောင်လို့ရလာပါလိမ့်မယ်။

ဒါရိုက်တာကိုလည်း အထက်ကပြောခဲ့သလို တွေ့ရာလူခန့်တာမျိုး မဖြစ်စေဖို့ ဥပဒေမှာသတ်မှတ်ထားတဲ့ အချက်တစ်ချိꤢꤪု့ရှိပါတယ်။ ဒါကတော့ ဒါရိုက်တာလုပ်မယ့်သူဟာအသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမယ်၊ စိတ်ပေါ့သွပ်သူမဖြစ်စေရ၊ ဥပဒေတစ်ရပ်ရပ်အရ ဒါရိုက်တာဖြစ်ခွင့်ပိတ်ပင် ခံထားရသူ မဖြစ်စေရ၊ လူမွဲအဖြစ် ခံယူထားသူ မဖြစ်စေရစတဲ့အချက်တွေပါ။ ဒါတွေကတော့ အနိမ့်ဆုံးလိုအပ်ချက်ပေါ့။ ဒီထက်ပိုမိုတင်းကြပ်တဲ့ အချက်တွေကတော့ ကုမ္ပဏီ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းမှာ ထည့်သွင်းဖော်ပြခွင့်ရှိပါတယ်။ သူ့ထက်တော့ လျှော့ပေါ့သတ်မှတ်လို့မရပါဘူး။ ဥပမာ အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဆိုတဲ့နေရာမှာ အသက် (၃၀) ပြည့်ပြီးသူဖြစ်ရမည်လို့ ပိုမိုတင်းကြပ်သတ်မှတ်လို့ရပေမဲ့ အသက်(၁၆)နှစ်ပြည်ပြီးသူ ဖြစ်ရမည်လို့ လျှော့ပေါ့ပြီး သတ်မှတ်လို့မရပါဘူး။

ဒီနေရာမှာ ပြောချင်တာတစ်ခုက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသစ်ရဲ့ဖော်ပြချက်အရ ဒါရိုက်တာဆိုတာ ကုမ္ပဏီကိုပိုင်ဆိုင်သူ မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ဝန်ထမ်းသာဖြစ်ပါတယ် ကုမ္ပဏီကိုပိုင်ဆိုင်သူက ရှယ်ယာရှင်တွေပါ။ ဒါရိုက်တာတွေအနေနဲ့ ကုမ္ပဏီရဲ့စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲဆောင်ရွက်နိုင်ပါတယ်။ ယေဘုယျအားဖြင့် ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ချက်ချနိုင်တာတွေကတော့ အစုရှယ်ယာအသစ်တွေကို ထုတ်ဝေရောင်းချခြင်း၊ ရှယ်ယာရှင်အစည်းအဝေးခေါ်ယူခြင်း၊ အမြတ်ငွေခွဲဝေခြင်းနဲ့ ရှယ်ယာလွှဲပြောင်းမှုကိုအတည်ပြုခြင်း တို့ ဆောင်ရွက်နိုင်ပါတယ်။ အစုရှယ်ယာရှင်တွေအနေနဲ့ကတော့ ဒါရိုက်တာခန့်အပ်တာ သို့မဟုတ် ထုတ်ပယ်တာကို ဆုံးဖြတ်ခြင်း၊ နှစ်ပတ်လည် အထွေထွေအရပ်ရပ်အစည်းအဝေးခေါ်ယူခြင်း၊ ကုမ္ပဏီအမျိုးအစား၊ အမည် ပြောင်းလဲခြင်းနဲ့ ဒါရိုက်တာတွေရဲ့လစာကို အတည်ပြုခြင်းတို့အပေါ် မဲဆန္ဒပေးတဲ့နည်းလမ်းနဲ့ ဆုံးဖြတ်နိုင်ပါတယ်။

ဒီလိုလုပ်ဆောင်ချက်တွေကိုလည်း ကုမ္ပဏီရဲ့ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရသော်လည်းကောင်း၊ အထွေထွေအရပ်ရပ်အစည်းအဝေး သဘောတူညီချက်အရသော်လည်းကောင်း ကန့်သတ်ချက်တွေ ထားရှိနိုင်ပါတယ်။ ဒီနေရာမှာ ထပ်မံဖြည့်စွက်ပြောချင်တာကတော့ ဒါရိုက်တာတစ်ဦးဟာ မိမိတာဝန်ထမ်းဆောင်နေတဲ့ ကုမ္ပဏီကရှယ်ယာကိုလည်း ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ဒါရိုက်တာ ဖြစ်တဲ့အတွက် ဒါရိုက်တာတစ်ဦးရဲ့ လစာနဲ့ခံစားခွင့်ကိုလည်း ရရှိမှာဖြစ်သလို၊ အကျိုးအမြတ် ခွဲဝေတဲ့အခါမှာလည်း ရရှိခံစားနိုင်ပါတယ်။ ဒါရိုက်တာလုပ်သူတွေအနေနဲ့ မိမိတာဝန်ယူထားတဲ့ ကုမ္ပဏီရဲ့အောင်မြင်မှုအတွက် လုံ့လစိုက်ထုတ် ဆောင်ရွက်ကြရမှာဖြစ်ပြီး ဒါရိုက်တာတွေရဲ့ လုပ်ဆောင်မှုအပေါ် အကဲဖြတ်ကြမှာက ရှယ်ယာရှင်တွေပါပဲ။

ကုမ္ပဏီနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာ ဘယ်သူဆုံးဖြတ်ရမှာလဲဆိုတာနဲ့ ဘယ်လို အစည်းအဝေးမျိုးတွေ ကျင်းပရမှာလဲဆိုတာကိုလည်း တိတိကျကျ သိထားဖို့လိုပါလိမ့်မယ်။ နှစ်ပတ်လည်အထွေထွေအရပ်ရပ် အစည်းအဝေး (Annual General Meeting – AGM)၊ အထူး အထွေထွေအရပ်ရပ်အစည်းအဝေး (Special General Meeting) နှင့်ဥပဒေအရ ကျင်းပတဲ့ အစည်းအဝေး (Statutory Meeting) တွေမှာဆိုရင် ရှယ်ယာရှင်တွေကို ဖိတ်ကြားရမှာဖြစ်ပြီး အဲဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေကို ရှယ်ယာရှင်တွေက ချမှတ်ရမှာပါ။ ဒါရိုက်တာတွေအနေနဲ့ကတော့ ဒါရိုက်တာအစည်းအဝေးနဲ့ ကော်မတီ အစည်းအဝေးတွေကျင်းပနိုင်ပြီး အဲ့ဒီအစည်းအဝေးတွေမှာ ၎င်းတို့ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ချက် ချမှတ် နိုင်ပါတယ်။ တကယ်လို့ ကုမ္ပဏီမှာ ရှယ်ယာရှင်တွေအပြင် ဒီဘင်ချာ စတဲ့ ကြွေးမြီရှင်တွေရှိနေရင်တော့ ဒီဘင်ချာပိုင်သူများအစည်းအဝေးတို့၊ အကြွေးရှင်နှင့် စိုက်ထုတ်ပါဝင်သူများ အစည်းအဝေး တို့ကို ကျင်းပပေးဖို့လိုပါတယ်။ အကြွေးရှင်အစည်းအဝေးကတော့ ကုမ္ပဏီစာရင်းရှင်းလင်းဖျက် သိမ်းခြင်း လုပ်တဲ့အခါမှသာကျင်းပပေးဖို့ လိုအပ်တာပါ။

ရှယ်ယာရှင် အစည်းအဝေးတွေကျင်းပတဲ့အခါ ဆုံးဖြတ်ချက်ချမှတ်ရမှာလည်း (၂) မျိုးကွဲပါသေးတယ်။ အထူးဆုံးဖြတ်ချက်နဲ့ သာမန်ဆုံးဖြတ်ချက်ပေါ့။ သာမန်ဆုံးဖြတ်ချက်ဆိုတာကတော့ ဒါရိုက်တာခန့်တာ/ ထုတ်ပယ်တာ၊ စာရင်းစစ်ခန့်တာ၊ ဘဏ္ဍာရေးအစီရင်ခံစာကို အတည်ပြုတာ၊ ဒါရိုက်တာရဲ့လစာနဲ့ ခံစားခွင့်တွေကို အတည်ပြုတာ စတာတွေကိုခေါ်တာပါ။ ဒီလိုဆုံးဖြတ်ချက်အတွက် ရှယ်ယာရှင်အများစုရဲ့ မဲဆန္ဒရလဒ် (Voting result) အတိုင်း ဆုံးဖြတ်ပါတယ်။ အထူးဆုံးဖြတ်ချက်ဆိုတာကတော့ ကုမ္ပဏီရဲ့ အမည်ကို ပြောင်းလဲတာ၊ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကို ပြောင်းလဲတာ၊ မတည်ငွေရင်းလျှော့ချတာနဲ့ ရှယ်ယာပြန်လည် ဝယ်ယူတာ၊ ဦးစားပေးအစုရှယ်ယာထုတ်ဝေတာ၊ ရှယ်ယာပုံစံ ပြောင်းလဲတာတွေအတွက် ဆုံးဖြတ်ပေးရတာပါ။ ဆုံးဖြတ်ချက်ကတော့ အထူးဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် အစုရှယ်ယာရှင် ၇၅ % ကျော်သဘောတူမှသာ ပြောင်းလဲပြင်ဆင်ခွင့်ရှိတယ် ဆိုတာကိုလည်း မှတ်သားထားဖို့ လိုပါတယ်။

ဥပဒေဟောင်းအရဆိုရင် ကုမ္ပဏီတစ်ခု တည်ထောင်ပြီဆိုတာနဲ့ မတည်ငွေရင်းဆိုတာ သတ်မှတ်ရသလို အစုရှယ်ယာတစ်စု တန်ဖိုးကိုလည်း အသေသတ်မှတ်ပေးလိုက်ရပါတယ်။ ဒီလိုဆိုတော့ နှစ်ကာလတွေ ကြာမြင့်လာပေမဲ့ အစုရှယ်ယာတန်ဖိုးက ပြောင်းလဲမှုမရှိဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးက အမာငွေကြေး (Hard Currency) မဖြစ်လေတော့ ၂၀၀ဝ ခုနှစ် လောက် က ရှယ်ယာတစ်စုတန်ဖိုး တစ်ထောင် လို့သတ်မှတ်ထားခဲ့ပြီး ၂၀၁၈ ရောက်လာတဲ့ အချိန်မှာ ရှယ်ယာတစ်စုတန်ဖိုး ၁၀၀ဝ ဆိုတာ နိမ့်ပါးတဲ့ ရှယ်ယာတန်ဖိုးအဖြစ် ရောက်ရှိသွားပါပြီ။ ဥပဒေ အသစ်မှာ ရှယ်ယာ တစ်စုတန်ဖိုးကို အသေ သတ်မှတ်မထားတဲ့အတွက် ယေဘုယျအားဖြင့် ပြောရရင် ကုမ္ပဏီက အမြတ်အစွန်းများရင် ရှယ်ယာတန်ဖိုးတက်လာမယ်၊ အရှုံးပေါ်ရင်တော့ ရှယ်ယာ တန်ဖိုးတွေကျသွားမှာပါပဲ။

နောက်တစ်ချက်က ဥပဒေအဟောင်းမှာ နိုင်ငံခြားသား အစုရှယ်ယာ တစ်ရာခိုင်နှုန်း ပါဝင်တာနဲ့ အဲ့ဒီကုမ္ပဏီကို နိုင်ငံခြားသား ကုမ္ပဏီရယ်လို့ သတ်မှတ်လိုက်ပါတယ်။ အခု ဥပဒေအသစ်မှာတော့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ နိုင်ငံခြားသားပိုင်ဆိုင်မှုအစုရှယ်ယာ ၃၅ % အထက်ပါဝင်မှသာ နိုင်ငံခြား ကုမ္ပဏီလို့ သတ်မှတ်သွားမှာပါ။ ဒါ့အပြင် ကုမ္ပဏီဆိုတာကလည်း သူတို့ရဲ့ လုပ်ငန်းနယ်ပယ်အရ သော်လည်းကောင်း၊ ငွေကြေးအင်အားအရသော်လည်းကောင်း တစ်ခုနဲ့တစ်ခုမတူနိုင်ပါဘူး။ ဒီလိုဆိုတော့ ငွေကြေးအင်အားနည်းတဲ့ ကုမ္ပဏီတွေနဲ့ ငွေကြေးအင်အားတောင့်တင်းတဲ့ ကုမ္ပဏီတွေအကြား ဥပဒေက တန်းတူထားဆောင်ရွက်မယ်ဆိုရင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာဖို့ ခက်ခဲပါလိမ့်မယ်။ ဒီတော့ ဥပဒေအသစ်မှာ ကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းဦးရေ ၃ဝ ဦးအောက်လည်းဖြစ်မယ်၊ တစ်နှစ်ဝင်ငွေကလည်း ကျပ်သိန်း ၅၀ဝ အောက်သာ ရှိနေမယ်ဆိုရင် အဲဒီလို ကုမ္ပဏီတွေကို အသေးစား ကုမ္ပဏီရယ်လို့ သတ်မှတ်ပြီး နှစ်ပတ်လည်အစည်းအဝေး ကျင်းပရမယ့်ကိစ္စနှင့် စာရင်းစစ် အစစ်ဆေးခံဖို့ ကိစ္စတွေကို ကင်းလွတ်ခွင့်ပြုပေးပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီအများစု(အထူးသဖြင့် မြန်မာကုမ္ပဏီများ)ဟာ ကုမ္ပဏီတစ်ခုတည်ထောင်ပြီး စီးပွားရေး လုပ်ကိုင်နေပေမဲ့ ကုမ္ပဏီတစ်ခုရဲ့ စံနှုန်းတွေနဲ့ညီအောင်လုပ်တဲ့ ကုမ္ပဏီက နည်းပါးပါသေးတယ်။ ဒီလိုအခြေအနေမျိုးကို ဖြေရှင်းပြီး ကော်ပိုရိတ် အုပ်ချုပ်မှုကောင်းကောင်းနဲ့ ဆောင်ရွက်မှသာ ကုမ္ပဏီအတွက်ရော ကုမ္ပဏီနှင့် ပတ်သက်ဆောင်ရွက်ကြသူများအတွက်ပါ ကောင်းမွန်တဲ့နယ်ပယ်တစ်ခု ဖြစ်တည်လာမှာပါ။ ဒါကြောင့်  ဥပဒေအသစ်မှာဆိုရင် ဒါရိုက်တာတွေရဲ့လုပ်ပိုင်ခွင့်တွေက ဘာတွလေဲတာဝန်တွေက ဘာတွေလဲဆိုတာကို သတ်သတ်မှတ်မှတ် ပြဌာန်းထားသလို ဒီလိုလုပ်ပိုင်ခွင့်အပေါ် အလွဲသုံးစားလုပ်တာ၊ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခြင်း မရှိတာတွေအတွက် ပြစ်မှုပြစ်ဒဏ်တွေကိုလည်း တိတိကျကျသတ်မှတ်ပေးထားတဲ့အတွက် လုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ပြီး လုပ်ငန်းတွေကို စနစ်တကျလုပ်ကိုင်ဖို့ လိုအပ်လာပါပြီ။

နိဂုံးချုပ်အနေနဲ့ပြောရရင် မြန်မာနိုင်ငံကုမ္ပဏီ ဥပဒေအသစ်ဟာ စည်းစနစ်တကျ လုပ်ငန်း လုပ်ကိုင်လိုသူတွေအနေနဲ့ အမှန်တကယ်ကောင်းမွန်တဲ့ ရလဒ်တွေကို ခံစားရစေမှာဖြစ်ပြီးတော့ ရှေးယခင်က ဖြစ်သလိုလုပ်မယ်ဆိုတဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ ဝေဒနာတွေခံစားသွားရနိုင်ပါတယ်။ ဥပဒေအတိုင်းသား ဆောင်ရွက်မယ်ဆိုရင် ကောင်းမွန်တဲ့ ကော်ပိုရိတ် အုပ်ချုပ်မှုစနစ်နဲ့အတူ နိုင်ငံရဲ့စီးပွားရေးလည်ပတ်မှုဟာလည်း နိုင်ငံတကာစီးပွားရေးနယ်ပယ်မှာ ပွဲလယ်တင့်နိုင်စေမှာဖြစ်ပါတယ်။

Related Stories