(၄) ကြိမ်မြောက် ပရဲ့နှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုပ်သာပြုလုပ်

0
701

စိုးထိုက်အောင်၊ အန်ထော်နီ

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့မှာ ကျရောက်တဲ့ ပရဲ့ နှစ်သစ်ကူးပွဲတော်ကို ပရဲ့လူမျိုးစုတွေ အများစုနေထိုင်တဲ့ ကေကော ကျေးရွာအုပ်စု လိုဒေးကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

ကိုဗစ်ကာလဖြစ်တာကြောင့် ပွဲတော်ကို အကျဉ်းချုံးပြီးတော့ ပြုလုပ်ခဲ့တယ်လို့ ပရဲ့အမျိုးသားကော်မတီ ဒုဥက္ကဌ ဦးဂျေအက်ဒွက် ကပြောပါတယ်။

“ ဒီတစ်နှစ်က ကိုဗစ်ကြောင့်ပေါ ပွဲကြီးလုပ်လို့မရဘူးဆိုပြီးတော့မှ ကျနော်တို့လည်း နိုင်ငံတော်ကပြောတဲ့ဟာကို ကျနော်တို့က လေးစားလို့ ကျနော်ပွဲငယ်ငယ်လေးပဲလုပ်မယ်လို့ ကျနော်တွေးထားပြီးမှ ဒီနှား သုံးရွာ လေးရွာလောက်ပဲ ကျနော်တို့အထိမ်းအမှတ်ရအောင်ဆိုပြီးတော့မှ ကျနော်လုပ်လိုက်ပါတယ်။” လို့ပြောပါတယ်။

နှစ်သစ်ကူးပွဲနေ့မတိုင်ခင် ည(၁၂)နာရီ တိတိမှာ မီးရှုးမီးပန်းဖောက်တာတွေ၊ သေနတ်ပစ်ဖောက်ခြင်းအပြင် ရိုးရာအကတွေနဲ့ သီဆိုဖျော်ဖြေရင်း နှစ်သစ်ကူးကိုကြိုဆိုကြပါတယ်။

နံနက် (၈) နာရီဝန်းကျင်မှာတော့ ပရဲ့လူမျိုးတို့ အထွဋ်အမြတ်ထားကြတဲ့ တံခွန်တိုင် တိုင်တော်ကိုအိုးစည်ဗုံမောင်းတီးကာ စိုက်ထူခဲ့ကြပြီး အားကစားပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။

အခုလိုပွဲကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ပရဲ့လူမျိုးပရဲ့ရိုးရာရှိနေသေးတဲ့အကြောင်းကို အများသိအောင်ထုတ်ဖော်ပြသနိုင်ဖို့ နဲ့ ရိုးရာဓလေ့ ပြန်လည်ထွန်းကားလာစေဖို့အတွက် ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ဒေသကတော့ ပရဲ့လူမျိုးပပျောက်သွားမှာစိုးလို့ပေါ့နော် ကျနော်တို့ ပရဲ့လူမျိုးဆိုပြီးတော့မှ စတင်ဖော်ခဲ့ပါတယ်။ နဂိုကတည်းက အစကတည်းကရှိပြီးသားပါ အဲ့ဒီသမိုင်းမှာလည်းရှိပါတယ်။ ဒါပေမယ့်ကျနော်တို့က အစိုးရဖြစ်ဖြစ် ကမ္ဘာဖြစ်ဖြစ်သိအောင်ဆိုပြီးတော့မှ ကော်မတီနဲ့ပဲလုပ်သွားပြီး လူငယ်တွေနဲ့ အသိပညာပေးလိုက်ဟောပြောတယ်။ အစည်းအဝေးတစ်နှစ်အနည်းဆုံး နှစ်ခါရှိတယ် ငါးခါရှိတယ်။ အဲ့တာတစ်ဖြည်းဖြည်းနဲ့ ပရဲ့လူမျိုးထွန်းပေါက်လာတယ်လို့ပဲ ကျနော်ပြောချင်တယ်ပေါ့နော်။” လို့ ဦးကျော်ဦးသာ ကပြောပါတယ်။

ပရဲ့လူမျိုးစုဟာ ကယားပြည်နယ်မှာ လူနည်းစုတစ်ခုဖြစ်တဲ့အတွက်ကြောင့် လူမျိုးရိုးရာမပျောက်ပျက်ဖို့အတွက်နှင့် ရိုးရာပွဲကိုတန်ဖိုးထားတဲ့အတွက်ကြောင့် ဒီပွဲကိုတက်ရောက်တာဖြစ်တယ်လို့ သိုသီးဖိုအုပ်စု ဒိုးမူခေါ ကျေးရွာမှ ပွဲတက်ရောက်သူ ဦးသောကော ကပြောပါတယ်။

“ ကျနော်တို့ပွဲလာရတဲ့အကြောင်းအရင်းက ကျနော်တို့ပရဲ့နှစ်သစ်ကူးမှာ အခုက(၄) ကြိမ်မြောက်ပေါ့။ နှစ်သစ်ကူးဆိုတော့ ကျနော်တို့ မဖြစ်မနေ ကိုယ့်ဓလေ့နဲ့ကိုယ့်နှစ်သစ်ကူးဆိုတော့ ကျနော်တို့အားပေးအားမြောက်ဖို့အတွက် လာရတာပေါ့နော်။ ဟိုးအရင်က ကျနော်တို့ဘိုးဘွားခေတ်ကဆိုရင် ပွဲနှစ်သစ်ကူးဆိုတာ မရှိဘူးလေး။ အခုမှပဲရှိတယ်ဆိုတော့ ကျနော်အသက်မွေးဝမ်းနဲ့ ပင်ပင်ပန်းပန်းနဲ့ ရှိတဲ့အလုပ်ကိုချန်ထားပြီးမှ ပွဲဖြစ်မြောက်ဖို့ ပရိတ်သတ်တစ်ယောက်အနေနဲ့ လာပြီးအားပေးကြတာပေါ့” လို့ပြောပါတယ်။

ပရဲ့ လူမျိုးတို့ရဲ့ နှစ်သစ်ကူး ရက်ကို တိတိကျကျ သတ်မှတ်ထားတာမျိုးမရှိပါဘူး။ မြန်မာလဖြစ်တဲ့ ပြာသိုလ ထဲက နေ့ကောင်းရက်မှတ်တရက်ရက်ကိုသာ ရွေးချယ်ပြီး ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

အရင်ဘိုးဘွားခေတ်တုန်းကဆိုရင် ပရဲ့နှစ်သစ်ကူးပွဲတော်ကို ကျေးရွာအလိုက်သာပြုလုပ်ကြပြီး အခုလိုစုပေါင်းလုပ်တာဟာ (၄) ကြိမ်မြောက်သာရှိသေးတယ်လို့ သိရပါတယ်။ ဒီလိုပွဲတော်တွေကို ကျင်းပဖို့ အတွက် ပရဲ့ လူမျိုးစု တွေကနေပဲ ထည့်ဝင်ထားတဲ့ ရံပုံငွေတွေနဲ့ ကိုယ်ထူကိုယ်ထ ပြုလုပ်ကျင်းပကြရတယ်လို့ ဆိုပါတယ်။

ဒီတစ်နှစ်ရဲ့ ပရဲ့နှစ်သစ်ကူးပွဲတော်မှာ ထူးထူးခြားခြားအနေနဲ့ ကယားပြည်နယ်လွတ်တော်ဥက္ကဌ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်း တစ်ချို့တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

ပရဲ့လူမျိုးစုတွေဟာ ဖရူဆိုမြို့နယ် အတွင်းက ထူးချောင်း အနောက်ဖက်ခြမ်းမှာနေထိုင်ကြပြီး ကျေးရွာအုပ်စု(၃) အုပ်စု၊ ကျေးရွာပေါင်း (၂၈) ရွာရှိပြီး လူဦးရေစုစုပေါင်း ၂၅၀၀၀ မှ ၃၀၀၀၀ အထိရှိပါတယ်။