spot_img
Friday, February 23, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံခြားမှာ ငွေစုခဲ့သူ (သို့မဟုတ်) ငွေတွေစုခဲ့လို့ လက်ရှိမှု လုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ အကြောင်း

Author

Date

Category

ကရင်နီသူ

̏ သုံးနှစ်တိတိ အလုပ်ထဲမှာလည်းငိုတယ်၊ အိမ်ပြန်ရောက်လည်း ငိုတယ်၊ အလုပ်မှာလည်းငိုတယ်၊ ဒါပေမယ့်စက်ရုံထဲမှာတော့ ဘယ်သူမှမကြားဘူး စက်ရုံအသံနဲ့၊ ကိုယ့်ငိုတဲ့အသံကို ကိုယ်ပဲပြန်ကြားတယ်။˝

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက စကာင်္ပူနိုင်ငံရဲ့ သဘောင်္ကျင်းတစ်ခုမှာ အလုပ်လုပ်ပြီး ပင်ပန်းလို့ ငိုခဲ့ရတဲ့အကြောင်းကို လက်ရှိမှာ လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေတဲ့ ကိုဩဂတ်စတင်းက သူ့ရဲ့အကြောင်းကို ပြန်ပြောပြနေတာပါ။

အသက် ၁၉နှစ်ဆိုတာ မိဘရဲ့ရင်ခွင်အောက်မှာဘဲ ရှိနေရမယ့်အချိန်မှာ ကိုဩဂတ်စတင်းတစ်ယောက်က နိုင်ငံခြားမှာရှိတဲ့ လုပ်ငန်းကြီးတစ်ခုထဲမှာ အလုပ်လုပ်နေရပါပြီ။ သူဟာအသက်ငယ်သေးတော့ အလုပ်ထဲမှာ သုံးနှစ်တိတိခိုးငိုခဲ့ရတယ်လို့ဆိုပါတယ်။ မနက် ၆ နာရီကနေ ည၁၁နာရီထိ အလုပ်တာဖြစ်တဲ့အတွက် နားချိ်န်မရှိ၊ ညဥ့်နက်ထိပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ရတာပါ။

̏ အလုပ်ကအရမ်းပင်ပန်းတော့ လက်တွေဆိုလည်းကွေးနေရင်းနဲ့ ဖြောင့်လို့မရတော့ဘူး၊ ဖြောင့်နေရင်းနဲ့လည်း ကွေးလို့မရတော့ဘူး အဲ့လောက်ထိအလုပ်က ကြမ်းခဲ့တယ်။ အဲ့ကြောင့်ငိုခဲ့တယ်။˝ လို့ ကိုဩဂတ်စတင်းက တုန်ရီကွဲအက်နေတဲ့ လေသံနဲ့ ပြောပြလာပါတယ်။ အရင်က စက်ရုံမှာ အလုပ်ကိုပင်ပန်းစွာလုပ်ခဲ့ရတာတွေကို ပြန်အမှတ်ရမိပြီး စိတ်နာနေခဲ့ပါတယ်။

အလုပ်အတွင်း နေမကောင်းလို့အလုပ်နားချင်ရင်လည်း လစာထွက်ရင် ကိုယ့်သူငယ်ချင်းတွေရဲ့ လစာထက်နည်းရင် စိတ်မကောင်းဘူး၊ အိမ်ကိုလည်း ပြန်ပို့တဲ့အချိန် သူများတွေထက်နည်းရင် မခံချင်တဲ့စိတ်တွေကြောင့် ကြိုးစားရင်း အားတင်းခဲ့ရပါတယ်။ ဒီလိုပင်ပန်းကြီးစွာ နဖူးကချွေးတွေခြေမထိအောင် ကြိုးစားခဲ့ရတာတွေအတွက် လကုန်ရက်၊ လစာထွက်တဲ့ရက်တွေဆို အပျော်ကြီးပျော်နေခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ လစာထွက်တိုင်းအိမ်ကို ပို့ပို့ဖြစ်ပါတယ်။ အိမ်ကိုပို့လိုက်တဲ့ငွေတွေဟာ တစ်နေ့ငါ့အတွက် အကြုံးဝင်မှာပဲလို့ ကြုံးဝါးနေလေရဲ့။

ဒီလို လတိုင်းလတိုင်းစုပြီး အိမ်ကိုပြန်ပို့နိုင်ဖို့ အစားအသောက်ပိုင်းကအစ အခြားသူတွေလို သုံးသလို၊ စားသလိုတော့ သူမလုပ်နိုင်ခဲ့ပါဘူး။ အဓိကအစားအသောက်ပိုင်းကို ပိုပြီးချွေတာရတယ်လို့ ဆိုပါတယ်။

“အဓိကတော့ အစားအသောက်ပိုင်းပေါ့၊ အစားအသောက်အရမ်း ချွေတာတယ်၊ ကုန်ကုန်ပြောရရင် ကြက်ဥပဲပေါ့၊ မနက်ကြက်ဥ၊ နေ့လည်ကြက်ဥ၊ ညနေကြက်ဥ အဲ့ဒါအသက်သာဆုံးပဲလေ၊”

အစားအသောက်အပိုင်းမှာ ဈေးအသက်သာဆုံးဖြစ်တဲ့ ကြက်ဥဟင်းကိုပဲ မနက်၊ နေ့၊ ည စားပြီး အရည်တော့ အချိုရည်တို့ ဘာတို့တောင်မသောက်ပဲ စက်ရုံမှာအလကားရတဲ့ ရေကိုပဲ သောက်နေတယ်လို့ ကိုဩဂတ်စတင်းက ဆိုပါတယ်။

နိုင်ငံခြားမှာ နေတာကြာလာတာနဲ့အမျှ သူ့ရဲ့အလုပ်အတွေ့အကြုံတွေ၊ သူ့ရဲ့လစာတွေ မြင့်လာပါတယ်။ လစာတွေမြင့်လာတာနဲ့အမျှ ကိုဩဂတ်စတင်းကလည်း စကာင်္ပူနိုင်ငံမှာ လူရည်လည်လာပါတယ်။ ဘယ်နေရာမှာ အပျော်အပါးတွေရှိလဲ၊ ဘယ်နေရာ၊ ဘယ်ဆိုင်က စားသောက်လို့ကောင်းမလဲ ဒီတစ်ခါအပြင်ထွက်ရင် ဘယ်သူတွေနဲ့ တွေ့မလဲ၊ ဘယ်နားသွားပျော်ရင်ကောင်းမလဲ စတာတွေကို လုပ်တတ်လာပါတယ်။ ကျားကြီးခြေရာကြီးဆိုသလိုပဲ လစာတွေရသလောက် ကုန်ပေါက်ကလည်း ပိုများလာပါတယ်။ ပထမခြောက်နှစ်လောက်ပဲ ငွေစု၊ အိမ်ကိုပို့ဖြစ်ပြီးတော့ နောက်ပိုင်းလေးနှစ်ကိုတော့ အပျော်အပါးတွေနောက်ကိုပဲ လိုက်ဖြစ်ပြီး ပိုက်ဆံတွေကို မစုဖြစ်တော့ပါဘူး။

လကုန်ရက်တွေမှာ အပေါင်းအဖော်တွေနဲ့ တွေ့ဖြစ်ပြီဆိုရင် ဆိုင်ကောင်းကောင်းလေးတွေကို ရွေးပြီးစားသောက် ကြပါတယ်။ ဒီလို ဆိုင်ကောင်းကောင်းတွေမှာ အပေါင်းအဖော်တွေနဲ့ တစ်ခါလောက်ထိုင်လိုက်ပြီဆိုရင် သူ့ရဲ့လုပ်အားခ တစ်လစာကုန်ပါတယ်၊ လုပ်ခတစ်လစာက စားသောက်ဆိုင်တစ်ခါထိုင်တာနဲ့ အပြောင်သုံးတတ်လာပါတယ်။ ဒါကြောင့် တစ်လနှစ်လဆက်တိုက် ဒီလိုသုံးလိုက်မိပြီဆိုရင်တော့ အိမ်ကိုပြန်ပို့ဖို့ တော်တော်ကို မလွယ်တော့ပါဘူး။ ဒါကြောင့် နောက်ပိုင်း လေးနှစ်ထဲမှာ သူအိမ်ကို ငွေမပို့နိုင်ခဲ့တော့ပါဘူး။

ဒီလောက်ပင်ပင်ပန်းပန်း၊ နဖူးကနေ ခြေမထိ ချွေးတွေကျအောင် ရှာထားခဲ့တဲ့ငွေတွေက တစ်ထိုင်တည်းနဲ့ ကုန်အောင်သုံးလိုက်မိတဲ့အတွက် သုံးပြီးသွားမှ စိတ်မကောင်းဖြစ်မိသွားပြီး ထပ်မသုံးမိတော့အောင်၊ အိမ်ကိုပြန်ပို့နိုင်အောင် နောက်တဖန် ပြန်ဆင်ခြင်ရပါတော့တယ်။

“ငါအရင်တစ်လက ငွေမစုမိဘူးပဲ၊ ဒီတစ်လဘီယာမသောက်တော့မှပဲ၊ အပြင်လည်းမထွက်တော့ဘူး၊ အပြင်ထွက်တာ ပိုက်ဆံကုန်တယ်ဆိုပြီးတော့ ပိုက်ဆံစုမယ့်လကို အပြင်လည်းမထွက်တော့ဘူး၊ ဘီယာလည်းမသောက်တော့ဘူး အစားအသောက်တွေကို အစစအရာရာချွေတာပြီးတော့ ပြန်စုရတယ်။” လို့ ကိုဩဂတ်စတင်းက အသိပြန်ဝင်လာပုံကို ပြောပြနေပါတယ်။

ဒီလိုနဲ့ အကြောင်းအမျိုးမျိုးကြောင့် ငွေတွေမစုဖြစ်ပေမယ့်လည်း အသိစိတ်တွေပြန်ဝင်လာတော့ လစဉ်ငွေတွေကို ပြန်စုဖို့ ပြန်ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ အိမ်ကိုပြန်ပို့လိုက်တဲ့ ငွေတွေကလည်း သူ့ရဲ့အနာဂတ်ကောင်းဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ အဝေးရောက်နေတဲ့ သားသမီးတွေ ဘယ်လောက်ပဲငွေထုပ်ကြီး ပို့နေပါစေ၊ အိမ်မှာ ငွေထုပ်ကို စုဆောင်းထားပေးမယ့် မိသားစုမရှိရင်တော့ အလကားပဲ ဖြစ်မှာပါ။

ကိုဩဂတ်စတင်းတစ်ယောက် အိမ်ကိုပို့ပို့လိုက်တဲ့ ငွေတွေကို အသုံးတည့်မယ့်နေရာတွေမှာ တစ်ချို့သုံး၊ အိမ်အတွက်တစ်ချို့သုံးပြီး သူ့အတွက်ဆိုတာ သပ်သပ်ဖယ်ပြီး သူပြန်လာရင် ပြန်ရင်းနှီးလို့ရအောင်ဆိုပြီး မိဘတွေက ခြံတွေ၊ လယ်တွေကို ဝယ်ထားပေးပါတယ်။

ဒီလိုနဲ့ ကိုဩဂတ်စတင်းတစ်ယောက် အမိမြေကိုပြန်ရောက်တဲ့အချိန်မှာ မိသားစုကဝယ်ပေးထားတဲ့ ခြံကွက်လေးနဲ့ အရင်းအနှီးပြန်လုပ်တာ အခုဆိုရင် လူတစ်ရာလောက် တစ်ပြိုင်တည်းထိုင်ပြီးစားသောက်လို့ ရတဲ့စားသောက်ဆိုင်ကြီးတစ်ဆိုင်နဲ့ အခုခေတ်လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဖူဆယ်ဘောလုံးကွင်းကြီးတစ်ကွင်းကိုလည်း ပိုင်ဆိုင်နေပါပြီ။

̏ ကျွန်တော်ပို့လာတဲ့ ငွေတွေကို မိဘတွေက ခြံတစ်ကွက်ဝယ်ထားပေးတယ်။ ဒီခြံတစ်ကွက်နဲ့ပဲ ကျွန်တော့်စီးပွားရေးတွေ အခုထက်ထိ run နေတာပါ။ ဒီခြံက ကျွန်တော့်ကျေးဇူးရှင်ပါပဲ။ ˝

ဒီလိုနေရာမှာ ကိုဩဂတ်စတင်းရဲ့မိဘတွေသာ ကိုယ့်သားပို့လာတဲ့ ပိုက်ဆံဟာ ကိုယ့်ပိုက်ဆံပဲလို့ဆိုပြီးသာ သုံးလိုက်မယ်ဆိုရင် ဒီအချိန်မှာ ကိုဩဂတ်စတင်းတစ်ယောက် ဒီလိုအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။

̏ တကယ့်တကယ်နိုင်ငံခြားသွားပြီး အလုပ်လုပ်တယ်ဆိုတာ ဒီကနဲ့မတူပါဘူး။ အချိန်နဲ့အလုပ်လုပ်တယ်၊ ပင်ပန်းတယ်သိတယ် အဲ့ဒါကို ကျွန်တော်တို့ တန်ဖိုးထားပြီးတော့ ကလေးတွေပို့တိုင်း မသုံးစေချင်ဘူး ကလေးတွေအတွက် ဦးစားပေးပြီးတော့ စုဆောင်းထားဖို့လိုလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ˝လို့ ကိုဩဂတ်စတင်းရဲ့ အဖေဖြစ်သူက ပြောပြပါတယ်။

ဒီနေရာမှာ နိုင်ငံခြားကိုသွားတိုင်း ကိုဩဂတ်စတင်းလို စားသောက်ဆိုင်ကြီးတွေ၊ လုပ်ငန်းတွေကို ပိုင်ဆိုင်နိုင်တာမဟုတ်ပါဘူး။ ကိုယ်ရရှိတဲ့ ငွေတွေကို ဘယ်လိုသုံးမလဲ၊ ဘယ်လိုစုမလဲ၊ တစ်နေ့ကျရင် ငါဘာဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်တွေရှိနိုင်မှဖြစ်မှာပါ၊ ငွေတွေကို စုနိုင်မှဖြစ်မှာပါ။

လက်ရှိ စကာင်္ပူနိုင်ငံအပြင် အခြားနိုင်ငံပေါင်း မြောက်များစွာထဲမှာ မြန်မာနိုင်ငံသားတွေအများကြီး ရှိနေတာပါ။ ထပ်ခါတလဲလဲ နိုင်ငံခြားကိုထွက်ပြီး ငွေရှာနေတဲ့သူတွေရှိနေပါတယ်။ အချို့သူတွေက ကိုယ့်လုပ်ငန်းတွေနဲ့ကိုယ် ပြန်ပြီးလည်ပတ်နေနိုင်တဲ့အချိန်မှာ သူတို့တွေက သူများလက်အောက်မှာပဲ သွားပြီးအလုပ်လုပ်နေကြတုန်းပဲ ရှိပါသေးတယ်။ ဒါတွေဟာ ကိုယ်ရတဲ့လစာလေးတွေအပေါ်မှာ ကိုယ်မခွဲတမ်းတတ်၊ မစုတတ်သေးလို့ ဖြစ်နေတာပါ။

နိုင်ငံခြားကို သွားတယ်ဆိုတာ အဓိက ငွေရှာဖို့အတွက်ပဲသွားကြတာပါ။ ဒီလိုအချိန်မှာ ငွေစုမိတဲ့အချိန်ရှိသလို၊ ငွေတွေမစုမိတဲ့အချိန်လည်း ရှိမှာပါ။ အဓိက က ကိုယ်ဒီနိုင်ငံကို ဘာရည်ရွယ်ချက်နဲ့လာလဲဆိုတာ မမေ့ပျောက်ဖို့ပဲ လိုပါတယ်။ နိုင်ငံခြားမှာ အနေကြာတယ်ဆိုတိုင်းလည်း ငွေတွေမစုဖြစ်သလို၊ ဘယ်နေရာမှာဘာရှိလဲ ကိုယ်ကသိနေတဲ့အတွက်ကြောင့် ကိုယ့်ငွေတွေကို သွားဖြုန်းမိမှာ အမှန်ပါပဲ။ ဒါကြောင့် ကိုယ်ငွေစုမိနေတဲ့အချိန်၊ အခြားအပျော်အပါးနောက်ကို ဆက်မလိုက်တော့ဘဲ အသိပြန်ဝင်လာချိန်မှာ ကိုယ်နေရပ်ကို ပြန်လိုက်တာ အကောင်းဆုံးပဲလို့ ကိုဩဂတ်စတင်းက ပြောပြပါတယ်။

̏ ငါဒီလောက်နေလာပြီ၊ ငါဒီတလောပိုက်ဆံမစုဖြစ်တော့ဘူး၊ ဆက်နေရင်လည်း ထူးမှာမဟုတ်ဘူးလို့ အဲ့လိုကိုယ့်ကိုယ်ကို အမြဲတမ်းပြန်မေးကြည့်ကြည့် အဲ့လိုမျိုးအတွေးတွေ၊ အကျင့်တွေရှိလာပြီဆိုရင် ဆက်မနေတော့ပဲ အိမ်ပြန်လာလိုက်တာ အကောင်းဆုံးပဲ။˝

spot_img
spot_img

Recent posts