နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းနှင့် ဒေသတွင်းစီးပွားရေးအဖွဲ့အစည်းများ

ကျော်စိုးသူ(လွှတ်တော်)Economic  Development ရေးသားသည်။

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများကို အတိုကောက်အားဖြင့် SEE (State Economic Enterprises)ဟု ခေါ်ဆိုပါသည်။ ထိုအဖွဲ့အစည်းများမှာ သက်ဆိုင်ရာဝန်ကြီးဌာနများအောက်တွင် ရှိသော်လည်း စီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းအဖွဲ့အစည်းများပင် ဖြစ်ပေသည်။

၂၀၁၂  ခုနှစ် မတိုင်ခင်အထိ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသည် ၎င်းတို့၏ ရငွေသုံးငွေများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှသာ ကျခံသုံးစွဲသည်။ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် ၂၀၁၂ နောက်ပိုင်းတွင်တော့ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ပြင်ပသို့ သွားရောက်ကာ မိမိကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်မှ လုပ်ငန်းသုံး ရင်နှီးငွေသာ  ရယူပြီး ကျန်အသုံးစရိတ်များကို မိမိကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်ဆောင်ရွက်ခြင်းဖြင့် ပြောင်းလဲ ဆောင်ရွက်ခဲ့ကြသည်။

၂၀၁၂ မတိုင်ခင် ကာလများတွင်တော့ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသည် ၎င်းတို့၏ အမြတ်ငွေများကို ဝင်ငွေခွန် ၃ဝ ရာခိုင်နှုန်းပေးဆောင်ခြင်း၊ နိုင်ငံတေ်ာသို့ ထည့်ဝင်ငွေ ၇ဝ ရာခိုင်နှုန်း ပေးသွင်းခြင်းဖြင့်သာ ဆောင်ရွက်ခဲ့ကြရပေသည်။

ဘဏ္ဍရေးပြုပြင်ပြောင်းလဲမှုများ နောက်ပိုင်းတွင်တော့ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် အမြတ်ငွေ၏ တဝက်လောက်ကိုသာ ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ပေးဆောင်ရသည်။ ကျန်တဝက်ကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ စတင်ခွဲထွက်ချိန်ကတည်းက လူအား၊ ငွေအား၊ ပစ္စည်းအား၊ စီမံခန့်ခွဲမှုကောင်း၊ ခေါင်းဆောင်ကောင်းတို့နှင့်အတူ ခွဲထွက်လာခဲ့သည်။

ခွဲထွက်လာပြီးနောက်ပိုင်း အဖွဲ့အစည်းများမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဖြစ်ထွန်းအောင်မြင်လာမည် ဖြစ်သော်လည်း စတင်ခွဲထွက်ကတည်းက အထက်ပါအချက်များ အားနည်းသော အဖွဲ့အစည်းများတွင်တော့ ပြုပြင်ပြောင်းလဲရေး၏  ရည်ရွယ်ချက်များ ရရှိနိုင်မည် မဟုတ်ပေ။

နိုင်ငံတော်ရငွေ၏ အခန်းကဏ္ဍတွင် အထူးအရေးပါခဲ့သော နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများ၏ ထည့်ဝင်ငွေသည် တစ်နှစ်ထက်တစ်နစ် လျော့နည်းလာရခြင်း အကြောင်းများသည်လည်း ပြုပြင်ပြောင်းလဲမှုများအတွက် ပြန်လည်စဉ်းစားသုံးသပ်ရမည့် အချက်များပင်ဖြစ်သည်။

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း စုစုပေါင်း ၃၂ ဖွဲ့ရှိပြီး ဥပမာ အနေဖြင့်  မြန်မာမီးရထား၊ မြန်မာသဘောင်္ကျင်းလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စသည်တို့ ဖြစ်ကြသည်။ အဆိုပါ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ၊ ဘဏ္ဍရေးကဏ္ဍနှင့် နိုင်ငံတော်ရငွေ အခန်းကဏ္ဍများတွင် အရေးပါသော နေရာများရှိသဖြင့် နိုင်ငံတော်အတွက် အလွန်အရေးပါသော အဖွဲ့အစည်းများပင် ဖြစ်ပေသည်။

ဒေသတွင်းစီးပွားရေးအဖွဲ့အစည်းများနှင့် ပတ်သက်၍မူ ၂၀၁၁ ခုနှစ် ဒေသဘတ်ဂျက်အခွဲတွင် ဒေသဘတ်ဂျတ်သို့ ပါဝင်လာသော စီးပွားရေး အဖွဲ့အစည်းမှာ အနည်းငယ်သာ ဖြစ်ပေသည်။ ၎င်းတို့သည် ကိုယ့်ဝင်ငွေပေါ် ကိုယ်ရပ်တည်ရကာ လိုငွေပေါ်လျှင် အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် ချေးယူဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့်  မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ဆားလုပ်ငန်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးအဖွဲ့စသည်များ ဖြစ်ကြပေသည်။ ဒေသတစ်ခုနင့် တစ်ခုလည်း မတူညီကြဘဲ တိုင်းဒေသကြီးများတွင် SEE များ ပိုမိုများပြားကာ ပြည်နယ်ဒေသများတွင် နည်းပါးသည်ကို တွေ့ရပေသည်။

ယခုချိန်ကာလတွင်တော့ အထက်ပါ နိုင်ငံတော်ပိုင်စီးပွာရေးအဖွဲ့အစည်း အများစုမှာ ဖျက်သိမ်းသွားကြပြီ ဖြစ်သလို အချို့အဖွဲ့များမှာလည်း ဦးစီးဌာနအဖွဲ့အဖြစ် အသွင်ပြောင်းလဲ ဆောင်ရွက်သွားကြတာကို တွေ့ရပေသည်။

ထိုအချင်းအရာကို ကြည့်လျှင် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲမည့် မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်ထားသော်လည်း ထိုလုပ်ငန်းစဉ်ထဲတွင် မပါဝင်သော လုပ်ငန်းမှ ဦးစီးဌာနအဖြစ် အလွယ်တကူ ပြောင်းလဲသွားခြင်းများအတွက် မည်သူမှာ တာဝန်ရှိပြီး အကျိုးဆက်များကို မည်သည့်ဌာနက တာဝန်ယူဖြေရှင်းဆောင်ရွက်မည်နည်းဆိုသည်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် စိန်ခေါ်မှုပင်ဖြစ်ပေသည်။

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ အနေဖြင့်ချေးယူခဲ့သော ချေးငွေများ၊  SEE ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်များဆုံးရှုံးကာ အဆိုပါဌာနများမှာတော့ ဦးစီးဌာနအဖြင့် သာယာအစဉ်ပြေလျက် ရှိနေပေတော့သည်။

ဒေသတွင်း ထူးခြားချက်အနေဖြင့် တွေ့ရသော အချက်တစ်ခုမှာ အချို့ဒေသများတွင် ဒေသတွင်းဖွဲ့စည်းထားသော ကော်မတီများ၊ အဖွဲများကို တွေ့ရခြင်းပင်ဖြစ်သည်။ ထိုကော်မတီများသည် နိုင်ငံတော်မှ ရင်းနှီးမတည်ပစ္စည်းများဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကာ ယခင်ကာလ များတွင်တော့ ဒေသအစိုးရ များသို့ ပေးသွင်းငွေထည့်ဝင်ရပေသည်။

ယခုနောက်ပိုင်းတွင်တော့ အဆိုပါဒေသတွင် ကော်မတီအဖွဲ့များသည် ဘဏ္ဍာရေးဆိုင်ရာပ်ိုင်းတွင် သူတို့ဘာသာ သီးခြားလုပ်ကိုင်ခွင့်ရှိနေကြသည်ကို တွေ့ရသည်။ ထူးခြားချက်မှာ နိုင်ငံတော်သို့ ထည့်ဝင်ငွေလည်းမသွင်း၊ ဝင်ငွေခွန်လည်း မသွင်းကြကာ အခွင့်ထူးခံ အဖွဲ့အစည်းများအဖြစ် မြင်တွေ့နေရခြင်းဖြစ်ပေသည်။ သို့ရာတွင် ကြီးမားသော အသုံးစာရိတ်များအတွက်မူ နိုင်ငံတော်ဘတ်ဂျက်မှ အထောက်အကူရကြသလို ကျန်အကူအညီအထောက်အပံ့များလည်း ရနေကြတာကို တွေ့ရသည်။

အချုပ်အားဖြင့်ဆိုသော် ပြုပြင်ပြောင်းလဲသည့် ဘဏ္ဍာရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်များနှင့်အညီ နိုင်ငံတော်ပိုင်နှင့် ဒေသစီးပွားရေးအဖွဲ့အစည်းများသည် မိမိတို့ဘာသာ ရပ်တည်ဆောင်ရွက်နိုင်အောင် ကြိုးစားရမှာဖြစ်သလို ဒေသအစိုးရအနေဖြင့်လည်း အဆိုပါ စီးပွားရေးအဖွဲ့အစည်းများ၏ သဘောသဘာဝနှင့် နိုင်ငံတော်၏ မူဝါဒများကို သိရှိနားလည်အောင် လေ့လာထားရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်နှင့် အခြေအနေကို များစွာအကျိုးသက်ရောက်မှုရှိသောကြောင့် ပြုပြင်ပြောင်းလဲရေးများ ဟန်ချက်ညီဖို့အတွက် အလေးထား ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ပါသည်။

Comments

comments

Next Post

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖြင့် ဆင်းရဲမွဲတေမှုကို လျှော့ချမည်

Tue Jun 5 , 2018
မူအက်စတာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းမှ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ရန်အတွက် မျှော်မှန်းထားကြောင်း နိုင်ငံတကာ ကုန်သွယ်မှုဗဟို (ITC)၊ ကယားပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ စီမံကိန်းညှိနှိုင်းရေးမှူး မဝင်နီကပြောသည်။ “ကျွန်မတို့စီမံကိန်းကနေပြီးတော့မှ ခရီးသွားလုပ်ငန်းတွေ စတင်လုပ်ဆောင်ပေးတဲ့ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေကို အားကောင်းလာအောင် ကူညီပေးတယ်၊ ပြီးတော့မှ ဒေသခံခရီးသွားလုပ်ငန်းတွေ ဝန်ဆောင်မှုတွေပေးတတ်လာအောင်ကူညီပေးတယ်။ အဲ့ကနေတစ်ဆင့် ဥရောပဈေးကွက်ကို ချိတ်ပေးပါတယ်။ ဆိုတော့ အဲ့ဒီနည်းအားဖြင့် ဒေသခံအသိုက်အဝန်းကနေပြီးတော့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကနေ တစ်ဖက်တလှမ်းဝင်ငွေရတယ် အဲ့ကနေတစ်ဆင့် ဆင်းရဲမွဲတေမှုကို လျှော့ချလာနိုင်တယ်ပေါ့နော။”ဟု ပြောသည်။ လက်ရှိလုပ်ဆောင်နေသည့် ကျေးရွာ ၄ ရွာတွင် ကိုယ်ပိုင်ကျေးရွာရန်ပုံငွေများ ရှိနေနိုင်ပြီဖြစ်သည်။ ပန်ပက်ကျေးရွာသည် လက်ရှိတွင် ရန်ပုံငွေ ၁၁ သိန်းထိ ရှိနေပြီဖြစ်ပြီး ၎င်းသည် ၎င်းတို့ရပ်ရွာအခြေပြုစီမံကိန်းမှ ရလာသည့် ဝင်ငွေ၏ […]