spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံတော်အဆင့်မှာပဲ ဗိုလ်ချုပ်ကြေးရုပ်ထု ထားသင့်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌဆို

Author

Date

Category

ဒွေးအယ်ခူ

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းရင်းသားအားလုံးက လက်ခံလေးစားတယ်ဆိုပေမယ့် နိုင်ငံတော်အဆင့်မှာပဲ ကြေးရုပ်ထုကို ထားသင့်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဖိုးရယ်က ပြောလိုက်ပါတယ်။

ဦးဖိုးရယ်က “ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ဆိုတာ အကုန်လုံး လက်ခံတယ် လေးစားတယ်။ ဒါပေမယ့်လို့ နိုင်ငံတော်အဆင့်မှာပဲ ထားဖို့သင့်တယ် နိုင်ငံခေါင်းဆောင်အနေနဲ့ပဲ ရုပ်ထုထားသင့်တယ်။ အထူးသဖြင့် ကျွန်တော်တို့ ပြည်နယ်မှာဆိုရင် သမိုင်းကြောင်းအရ ကိုယ့်စော်ဘွား၊ ကိုယ့်ခေါင်းဆောင်တွေ အသီးသီးလည်း ရှိခဲ့တာပေါ့” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပဲ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းအပေါ် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ရဲ့ သဘောထားထုတ်ပြန်ချက်အရ ကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

၁၉၄၆ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကရင်နီပြည်ကို လာပြီး မိန့်ခွန်းပြောကြားချက်အရ “ တိုင်းတစ်ပါးတွေ မောင်းထုတ်ပြီး ဒီနေရာမှာ မြန်မာနဲ့ အစားထိုးဖို့မဟုတ်ဘူး။ ခင်ဗျားတို့ တည်ရှိနေတဲ့အခွင့်အရေး ကရင်နီအုပ်ချုပ်ရေးအတိုင်း အုပ်ချုပ်ပါ။ ကျုပ်တို့ ဘာမှဝင်ရောက်စွက်ဖက်ခြင်းမရှိဘူး။ ကျုပ်တို့ကလည်း အင်္ဂလိပ်ကျွန်မဖြစ်ချင်သလို ခင်ဗျားတို့ကလည်း အင်္ဂလိပ်ကျွန်မဖြစ်ချင်ဘူး။ အတူတူပဲ တစ်ယောက်နဲ့တစ်ယောက် တန်းတူဖြစ်ရမယ်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ကရင်နီ သမိုင်းကြောင်း ဖြန့်ဝေမှုနဲ့ ကန့်ကွက်ဆန္ဒထုတ်ဖော်ကြတဲ့အတွက် ကရင်နီလူငယ်တွေကို လက်ရှိမှာတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ) အပြင် ငြိမ်းစုစီပုဒ်မ ၁၉၊ ၂ဝ နဲ့လည်း တရားရင်ဆိုင်နေကြရတဲ့ အပေါ ညှိနှိုင်းအဖြေရှာသင့်တယ်လို့ ဆိုပါတယ်။

ဦးဖိုးရယ်က “လက်ရှိဥပဒေအရ တရားစွဲလို့ရရင်ရမှာပေါ့။ ဒါပေမယ့် ဒို့တာဝန်အရေးသုံးပါးထဲမှာလည်းပါတယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်တံခိုင်မြဲရေးဆိုတာ အဲတော့ တရားဥပဒေအရ မဖြေရှင်းဘဲနဲ့ အချင်းချင်းအပြန်အလှန် ညှိနှိုင်းဖြေရှင်းမယ်ဆိုရင်လည်း ရနိုင်တယ်လို့ မြင်တယ်” လို့ သုံးသပ်ပြောဆိုထားပါတယ်။

လူငယ်တွေကန့်ကွက်တဲ့ကြားက ရုပ်ထုကို အတင်းစိုက်ထူခြင်းနဲ့ လူငယ်အများအပြားကို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး လက်ရှိဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို သွေဖယ်သွားနိုင်သလို နိုင်ငံတော်တည်ငြိမ်ရေးကိုလည်း ထိခို်က်စေနိုင်တယ်လို့ KySDP ရဲ့ သဘောထားထုတ်ပြန်ချက်အရ သိရပါတယ်။

“ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသားတွေအားလုံး ဗမာအပါအဝင် တန်းတူအခွင့်အရေးရှိသွားတော့မှ အပြန်အလှန်လေးစားမှုရှိပြီး အတူတကွ လက်တွဲလုပ်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲဖြစ်ဖြစ် ဒါကျွန်တော်တို့အတွက် စစ်မှန်တဲ့ ပြည်ထောင်စုကြီးဖြစ်လာမယ်လို့ မြင်တယ်” လို့ ပါတီဥက္ကဌ ဦးဖိုးရယ်က ပြောပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုစိုက်ထူတာကို ပြန်လည်သုံးသပ်ပြီး လူငယ်တွေကို တရားစွဲဆိုမှုအား ရုတ်သိမ်းစေလိုကြောင်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပြီး စိုက်ထူထားတဲ့ ကြေးရုပ်ကို အများပြည်သူနှင့် သက်ဆိုင်ခြင်းမရှိတဲ့ နေရာတွင် ပြောင်းရွှေ့စေလိုခြင်း၊ ပြန်လည် ရုပ်သိမ်းခြင်းကို ပြုလုပ်စေလိုပြီး ပြဿနားများကို ပြေလည်သည်အထိ ဆောင်ရွက်ပေးစေလိုကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုကို KySDP မှ သဘောထားပေးပို့ပေးခဲ့ပါတယ်။

spot_img
spot_img

Recent posts