spot_imgspot_imgspot_imgspot_img
Friday, May 17, 2024
spot_imgspot_imgspot_imgspot_img

စစ်တလင်းကြားမှ ပညာရေးအခွင့်အလမ်းကို ဖန်တီးပေးနေတဲ့ ကျောင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တနေရာက တောင်တန်းတွေရဲ့အကြား ယိမ်းနွဲ့နေတဲ့ သစ်ပင်၊ ဝါးပင်တွေရဲ့ အရိပ်အောက်မှာ အဆောင်နေအိမ် သေးသေးလေးတစုကို ဆောက်လုပ်ထားပါတယ်။

အဲ့ဒီနေရာလေးကတော့ စစ်ရှောင်စခန်းနေရာမဟုတ်ဘဲ လူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ နွေဦးဂုရုလေးများပညာရေးစင်တာရဲ့ ကျောင်းဆောင်၊ နေရာတခုပဲ ဖြစ်ပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာ ကတော့ အာဏာသိမ်းပြီးနောက် ပညာရေးအခွင့်အလမ်းပျောက်ရှနေတဲ့ စစ်ရှောင်လူငယ်တွေအတွက် ဦးတည်ဖွင့်လှစ်ခဲ့တဲ့ ကျောင်းတခုဖြစ်ပါတယ်။

၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလ (၂၄)ရက် မှာ နှစ်လတာ ပညာရေးအစီအစဉ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ရာမှ လက်ရှိမှာတော့ သုံးလတာ သက်မွေးသင်တန်း နဲ့ Diploma in social studies(တနှစ် ဒီပလိုမာတန်း) ဆိုပြီး ပရိုဂရမ်နှစ်ခု အဆင့်မြှင့်တင် တိုးချဲ့ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာ သက်မွေးတန်းက ကျောင်းသားတွေရဲ့ သင်ကြားမှုတချို့။

နှစ်လတာ ပညာရေးအစီအစဉ်မှာတော့ ဆယ်ကျဲဖု ပရိုဂရမ်အဖြစ် အပတ်စဉ် (၄) အထိ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၂၃ခုနှစ်မှာတော့ သုံးလတာ သက်မွေးပညာအတန်းကို ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ အပတ်စဉ် (၃)အထိ ဖွင့်လှစ်နေပြီဖြစ်သလို တနှစ် ဒီပလိုမာ (Diploma) တန်း အပတ်စဉ် (၁)လည်း ပြီးစီးတော့မှာ ဖြစ်ပါတယ်။

ဒီပလိုမာတန်း မှာဆိုရင် Semester သုံးခုရှိပါတယ်။ Semester 1 မှာတော့ Digital Literacy, Academic English, Cultural Diversity and Social Cohesion နဲ့ Environment ဘာသာရပ်တွေ သင်ကြားပါတယ်။ Semester 2 မှာတော့ Introduction to Social Science, Regional Political System, Theory and Priority of Social Policy, Research Design and Methods နဲ့ Media Literacy တို့ သင်ကြားပေးပါတယ်။ Semester 3 မှာတော့ Soft Skill, Community Development နဲ့ နောက်ဆုံး သုတေသနလုပ်ဆောင်တာ (သို့မဟုတ်) ပရောဂျက်လုပ်ဆောင်တာတွေကို နောက်ဆုံး ဘွဲ့ယူစာတမ်းအတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာ သက်မွေးတန်းက ကျောင်းသားတွေရဲ့ သင်ကြားမှုတချို့။

ပထမဆုံးဖွင့်လှစ်တဲ့ ဒီပလိုမာတန်းမှာတော့ ကျောင်းသူ၊ကျောင်းသား (၂၃)ယောက်တက်ရောက်နေပါတယ်။ ပရောဂျက် ဒါမှမဟုတ် သုတေသန လုပ်ဆောင်ပြီး၊ ၂၀၂၄ခုနှစ်၊ မေလကုန်လောက်မှာ အောင်စာရင်းထွက်ပြီး ဘွဲ့ရမှာဖြစ်တယ်လို့ နွေဦးဂုရုလေးများပညာရေးစင်တာ ကျောင်းအုပ် ခင်စန္ဒာညွှန့်က ပြောပါတယ်။

“ ဒီပလိုမာအတန်းရဲ့ ဘွဲ့ယူဖို့အတွက်ပေါ့နော အကဲဖြတ်သုံးသပ်တဲ့ ပုံစံဆိုရင်လည်း သူတို့ သက်ဆိုင်ရာ သုတေသနပရောဂျက် ဆိုရင် research proposalပေါ့နော၊ ရပ်ရွာဖွံဖြိုးရေး ပရောဂျက်ဆိုရင် ပရောဂျက် proposal ဒီဟာကို သူတို့ အဆိုတင်သွင်းရတယ်။ ပြီးသွားရင် လက်တွေ့မှာ အကောင်ထည်ဖော်ရတယ်။ သုတေသန ဆိုရင်က သူတို့ field ဆင်းရတယ်။ ဆင်းပြီး အချက်အလက်ကောက်ပေါ့နော။ ပရောဂျက်သမားက ပရောဂျက်အကောင်ထည်ဖော်ပေါ့နော။ ပြီး သွားရင်နောက်ဆုံး ရီပေါ့(Report) ပြန်လုပ်ပေးရတယ်။ သုတေသန သမားကြတော့ သူတို့ paper ကို ပြန်ပြီးတော့ တင်သွင်း ပေးရတယ်ပေါ့နော။ အဲ့ဒီအပေါ်ကို ကျမတို့ အကဲဖြတ်သုံးသပ်ပြီးတော့မှ ဘွဲ့ယူဖို့အတွက်ကို အောင်စာရင်းထွက်မှာဖြစ်တယ်။ ” လို့ နွေဦးဂုရုလေးများပညာရေးစင်တာ ကျောင်းအုပ် ခင်စန္ဒာညွှန့်က ပြောပါတယ်။

ဒီပလိုမာအတန်းကတော့ နွေဦး တက္ကသိုလ် Spring University (SUM)နဲ့ မိတ်ဖက် ချိတ်ပြီးတော့မှ ဖွင့်တဲ့ ပရိုဂရမ်ဖြစ်ပြီး သင်ကြားရေး နည်းစနစ်က နိုင်ငံတကာ တက္ကသိုလ်တွေရဲ့ သင်ကြားရေးနည်းစနစ်နဲ့ ဒီသင်ကြားရေးစံနှုန်းတွေအတိုင်း သင်ကြားတာဖြစ်ပါတယ်။

တောတောင်ကြားက နွေဦးဂုရုလေးများပညာရေးစင်တာရဲ့ ‌‌ကျောင်းတစ်နေရာ။

SUMရဲ့ သက်ဆိုင်ရာ ပါမောက္ခတွေ၊ ဆရာ၊ဆရာမတွေကနေပြီး သင်ကြားကြတာရှိတဲ့အတွက် အွန်လိုင်းကနေတဆင့် သင်ယူရတာပိုများတယ်လို့ ဆိုပါတယ်။ အွန်လိုင်းကနေ သင်ယူရတဲ့အတွက် စာသင်နှစ်အတွင်းမှာ အင်တာနက်ပြတ်တောက်တာတွေရှိတဲ့အတွက် စာသင်ချိန်နှောင့်နှေးခဲ့ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

သင်ခန်းစာတွေမှာဆိုရင် Lecture (ပို့ချချက်) , Individual assignment (တဦးချင်းစီရဲ့ အိမ်စာ), field work (မြေပြင်ဆင်းတာ) နဲ့ Seminar (ဆွေးနွေးပွဲသင်တန်းငယ်) စတဲ့ လုပ်ဆောင်ချက်တွေနဲ့ အညီအမျှ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒီပလိုမာအတန်းပြီးသွားမယ့် ကျောင်းသူ၊ ကျောင်းသားတွေကနေ ရရှိနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ဒီပလိုမာတန်းရဲ့ Coordinator မီးငယ်က အခုလို ပြောပြပါတယ်။

“ ကျောင်းပြီးသွားတဲ့သူတွေက ကျောင်းဆက်တက်ချင်တဲ့သူတွေအတွက်ကကြတော့ သူတို့ qualified ဖြစ်တယ်ဆိုလို့ရှိရင် ဒီထိုင်းမှာပေါ့နော ကျောင်းတွေဆက်တက်ဖို့ ဒါမှမဟုတ် research နဲ့ပတ်သက်တဲ့သုတေသန အဖွဲ့အစည်းတွေမှာ အလုပ်သင်ဆင်းဖို့အတွက် ကျမတို့ ချိတ်ထားပေးတာမျိုးတွေရှိတယ် ဒါမှမဟုတ်ရင်လည်း သူတို့ပြီးသွားတဲ့ခါဆိုလို့ရှိရင် သူတို့ရဲ့ရပ်ရွာအတွက် အကျိုးရှိတာတွေ လုပ်နိုင်မယ်လို့လည်း မျှော်လင့်တယ်၊ ကျမတို့ တချို့ကလည်း နိုင်ငံခြားကျောင်းတွေဆက်တက်မယ်ဆိုရင် partner ချိတ်ထားပေးတဲ့ကျောင်းတွေကတော့ မရှိသေးဘူးပေါ့နော မရှိသေးဘူးဘဲပြောရမယ် ဒါမဲ့ ခုနပြောတဲ့ အလုပ်သင်ဆင်းတာမျိုးကျ ချိတ်ထားပေးတာရှိတယ်ပေါ့နော။ ” လို့ ဒီပလိုမာတန်းရဲ့ Coordinator မီးငယ်က အခုလို ပြောပြပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာရဲ့ နောက်ထပ် ပရိုဂရမ်တခုကတော့ Vocational Education and Training (VET) သက်မွေးတန်း ပဲဖြစ်ပါတယ်။ သက်မွေးတန်းမှာတော့ English, Computer, Learning skill, Environmental Issues, Active Citizenship နဲ့ မိခင်ဘာသာစကားတွေဖြစ်တဲ့ ကယား၊ ကယန်း၊ ကယော စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးတာဖြစ်ပါတယ်။

ဒါ့အပြင် သက်မွေးတန်းမှာ မိမိစိတ်ကြိုက်ရွေးချယ်ရတဲ့ ဘာသာရပ်သုံးခုရှိပြီး အဲ့ဒါတွေကတော့ စက်ပြင်၊ စက်ချုပ် နဲ့ ရက်ကန်း ဆိုပြီး ရှိပါတယ်။ အဲ့ဒီကနေပြီး ကျောင်းသူ၊ ကျောင်းသားတွေရဲ့ လက်တွေ့ဘဝတွေမှာ အသက်မွေးဝမ်းကြောင်းအတွက် ပြန်အသုံးချနိုင်အောင် ရည်ရွယ်ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။

ကျောင်းတွင်းလှုပ်ရှားမှုတစ်ခုမှာ တွေ့မြင်ရတဲ့ နွေဦးဂုရုကျောင်းသူ၊ ကျောင်းသားများ။

လက်ရှိ သက်မွေးတန်းကတော့ အပတ်စဉ် (၃)အထိ ရောက်ရှိနေပြီဖြစ်ပြီး သင်တန်းသား (၂၉)ဦး တက်ရောက်နေပါတယ်။ သက်မွေးတန်း တက်ရောက်ပြီးစီးခဲ့တဲ့သူတွေဆိုရင်လည်း သက်မွေးဝမ်းကြောင်းအတွက် လက်တွေ့မှာ ဆက်လက်လုပ်ကိုင်နေကြတာတွေလည်းရှိတယ်လို့ VET program ရဲ့ coordinator မော်သဲမာက ပြောပါတယ်။

“တော်တော်များများကလေးတွေက သူတို့ ရွေးချယ်ခဲ့တဲ့ဘာသာရပ်ထဲမှာပေါ့နော ဥပမာ စက် ချုပ်ရွေးချယ်ထားတဲ့ ညီမလေးတွေဆိုလို့ရှိရင် သူတို့ပြန်ကူပေးတယ်ပေါ့ ဒီ အသက်မွေးပိုင်းမှာ ပြန်ကူပေးနေတယ် ပြန်ကူခဲ့ပေးတဲ့ ကျောင်းသူကျောင်းသားတွေ ရှိသလို အခြား အဖွဲ့အစည်းတွေ Federal FM တို့မှာ သွားပြီးတော့မှ အလုပ်သင်တယ်ပေါ့နော ဆိုင်ကယ်ဆိုလည်း သူတို့ရဲ့ရပ်ရွာမှာပေါ့နော ဆိုင်ကယ်ပြင်ဆိုင်တွေမှာ ထပ်ပြီးတော့ လေ့လာတဲ့ ကျောင်းသူကျောင်းသားတွေလည်းရှိပါတယ်။ “ လို့ VET program ရဲ့ coordinator မော်သဲမာက ပြောပါတယ်။

လက်ရှိ သက်မွေးသင်တန်း တက်ရောက်နေသူတဦးဖြစ်တဲ့ ခူးပရေးရယ်ကလည်း သင်တန်းပြီးရင်တော့ လက်တွေ့မှာ ပြန်အသုံးချသွားမယ်လို့ အခုလို ပြောပါတယ်။

“ ကျနော်တို့ ဒီသင်တန်းပြီးသွားလို့ရှိရင် ကျနော်အဖေက ဆိုင်ကယ်နည်းနည်းပါးပါးပြင်တတ်တော့ သူများဆိုင်ကယ်တွေလာထားရင် အဖေကို ကူညီချင်တယ်ပေါ့နော အကယ်လို့ ဆိုင်ကယ်ပြုပြင်ရေးပညာကို တကယ်တတ်ကျွမ်းသွားပြီဆိုရင်တော့ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ချင်တယ်ပေါ့။ ” လို့ သက်မွေးသင်တန်း တက်ရောက်နေသူတဦးဖြစ်တဲ့ ခူးပရေးရယ်ကပြောပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာဟာဆိုရင် တောတောင်ကြားမှာ ဖွင့်လှစ်နေရတဲ့အတွက် အခက်အခဲတွေလည်း ရှိနေပါတယ်။ တော်လှန်ရေးနယ်မြေဖြစ်တဲ့အတွက် သင်ကြားရေးပိုင်းမှာဆိုရင် အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမ တွေ ရရှိဖို့ ခက်ခဲတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်နီပြည်ဟာ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တဲ့အတွက် စာသင်ကျောင်းနေရာတွေကို ရွေ့ပြောင်းနေရတဲ့ နေရာထိုင်ခင်း အခက်အခဲတွေရှိသလို စားဝတ်နေရေးအခက်အခဲတွေလည်း ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုရန်ကိုလည်း စိုးရိမ်နေရပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာကတော့ လက်ရှိ ကရင်နီပြည်ကြားကာလအစိုးရ အသိအမှတ်ပြုထားတဲ့ ကျောင်းတခုဖြစ်တယ်လို့ ကျောင်းအုပ် ခင်စန္ဒာညွှန့် ကပြောပါတယ်။

“ ကျမတို့ကျောင်းက KSCC ကအသိအမှတ်ပြုတဲ့ non-formal school တခုလည်းဟုတ်တယ်ပေါ့နော၊ ပြီးတော့ အခုနောက်ပိုင်း IEC ပေါ်လာတယ် အဲ့လိုဆိုတော့ကျမတို့က IEC ပညာရေးဌာနဲ့ ဝန်ကြီး ၊ ဌာနမှူး၊ ဌာနမှူးကြီးတို့နဲ့ ကျမတို့ ပုံမှန်ထိတွေ့ချိတ်ဆက်ပြီးတော့မှ သွားတာဖြစ်တယ် ပြီးတော့အခုကျမတို့ကျောင်းလည်း ဒီ IEC ကအသိအမှတ်ပြုထားတဲ့ကျောင်းတကျောင်းလည်းဖြစ်တယ်ပေါ့နော။ “

ကရင်နီပြည်မှာ နွေဦးဂုရုလေးများ ပညာရေးစင်တာကျောင်းအပြင် အခုလို အခက်အခဲစိန်ခေါ်မှုတွေရှိတဲ့ ကြားကနေ လူငယ်တွေအတွက် အဆင့်မြင့် ပညာရေး ဆက်လက်လေ့လာနိုင်ဖို့ အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေးနေတဲ့ တော်လှန်ရေးကာလအတွင်း ပေါ်ထွက်လာတဲ့ တခြား ကျောင်းတွေလည်းရှိပါတယ်။

နွေဦးဂုရုလေးများ အဖွဲ့ကို ၂၀၂၁ခုနှစ်မှာ ဩဂုတ်လအတွင်းမှာ လူငယ် ၆ ဦးကနေ စတင် စုစည်းဖွဲ့စည်းလိုက်တာဖြစ်ပြီး၊ ပထမဆုံး ကိုဗစ်ရောဂါနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အစီအစဉ်ကို လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ကျန်းမာရေး၊ ပညာရေး၊ စစ်ရှောင်ကူညီရေး၊ ထောက်ပို့ စတဲ့လုပ်ငန်းစဉ် ၄ ခုကို ကရင်နီပြည်နယ်အတွင်းမှာ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts