မူအက်စတာ ရေးသားသည်။
“ရှေ့ဆက်ညီမငယ်တွေ ဝါသနာပါရင်လည်း ကျွန်မကလက်ဆင့်ကမ်းခေါ်ဖို့ အဆင်သင့်ပါပဲ။ ကျွန်မကိုယ်တိုင် နေရာတစ်ခုကိုရသွားပြီဆိုရင် ကျွန်မကိုယ်တိုင် ဒီပညာတွေကိုလက်ဆင့်ကမ်း ပြန်share ပေးမယ်၊ လက်တွဲခေါ်ပေးမယ်။ သူတို့ဘက်ကသာ လုပ်မယ်ဆိုတဲ့ စိတ်ရှိရင် ကျွန်မဘက်ကတော့ လက်မနှေးပါဘူး၊”လို့ ဆိုလာသူက ကယန်းလက်ဝှေ့မယ်ဖြစ်တဲ့ အန်တိုနီယာပါ။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ မြန်မာ့ရိုးရာလက်ဝှေ့မှာ အောင်မြင်မှုတွေနဲ့အတူ နေရာယူနေတဲ့ ကယား(ကရင်နီ)ပြည်နယ်၊ ကယန်းတိုင်းရင်းသူလေး အန်တိုနီယာ(Antonia)ဟာ နိုင်ငံခြားပွဲစဉ်တွေအတွက် ပြင်ဆင်လို့နေပါပြီ။
အန်တိုနီယာဟာ ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်မှာ ကယန်းမိဘနှစ်ပါးကနေ မွေးလာပြီး မွေးချင်းငါးဦးအနက် အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းကို သုံးလသာတက်ရောက်ပြီး ကျောင်းပြေးခဲ့သူပါ။ ငယ်စဉ်က အဆိုဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ဝှေ့နည်းပြဆရာက ခေါ်၍ အားကစားဘက်မှာ ပါသွားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အသက်၂ဝကျော်အရွယ်ပဲရှိသေးတဲ့ အန်တိုနီယာဟာ လက်ရှိမှာ ကိုယ်ပိုင်အားကစားလေ့ကျင့်တာတစ်ဖက်၊ အချိန်ပိုင်းနည်းပြ လုပ်ပေးရတာတစ်ဖက်နဲ့ အလုပ်ရှုပ်နေပါတယ်။
သူမရဲ့ ခံယူချက်က မိန်းကလေးဖြစ်ပေမယ့် ကိုယ်ခံပညာတစ်ခုခု တတ်ထားရမယ်၊ ယောကျာ်းလေးတွေနဲ့ ယှဉ်ဘောင်တန်းနိုင်ရမယ်၊ တစ်ယောက်ယောက်က ကိုယ့်ကိုတစ်ခုခုလုပ်လာရင် ပြန်လုပ်နို်င်ရမယ် ဆိုတာတွေပါပဲ။
သူမလက်ဝှေ့ထိုးတာ မိဘတွေ အားပေးခြင်းမရှိခဲ့ပါဘူး၊ နောက်ပိုင်းအောင်မြင်မှု ဆုတံဆိပ်တွေ ရရှိလာတာ မြင်တော့ မိဘတွေဟာသူမအားကစားအတွက် ဂုဏ်ယူခဲ့ပါတယ်။
“မိဘတွေက လက်ဝှေ့ထိုးမှာကို လုံးဝသဘောမကျဘူး၊ ဒါပေမယ့် စာမျက်နှာပေါ်မှာ TVတွေပေါ်မှာ သူတို့သမီးပါလာတော့ သူတို့လုံးဝမထင်ထားဘူးပေါ့နော၊ သူတို့ကျွန်မအတွက် အများကြီးဂုဏ်ယူနေပါတယ်၊ သူတို့လည်း ပျော်နေပါတယ်။” လို့ မူအန်တိုနီယာက ပြောပါတယ်။
မူအန်တိုနီယာဟာ ၂၀၁၁ခုနှစ်တည်းက ဆုတံဆိပ်များ ရရှိထားသူဖြစ်ပြီး လက်ရှိအချိန်ထိ ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ် စုစုပေါင်း ရ ခုကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါ့အပြင် One Championship ပြိုင်ပွဲမှာ ဝင်ရောက် ထိုးသတ်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
သူမလက်ဝှေ့ထိုးရင်း အပြင်ကိုရောက်သွားပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့အတွက် အပြင်လောကကို သူမရောက်လာခဲ့ပါတယ်။ စီးပွားရေးလောကထဲကို သူမအချိန် သုံးနှစ်ယူခဲ့ပါတယ်။ လက်ဝှေ့အားကစားတစ်ခုတည်းက ကိုယ့်ကိုယ်ပိုင်ရပ်တည်ဖို့ မဖြစ်နိုင်သည့်နည်းလမ်းမို့ အပြင်လောကမှာ စီးပွားရေးလုပ်နေရကြောင်း ဆိုပါတယ်။
သုံးနှစ်ပြီးတဲ့နောက် နိုင်ငံခြားပွဲစဉ်အတွက် သူမကိုကမ်းလှမ်းလာတော့ ပြန်ဝင်လာဖြစ်တယ်လို့ ဆိုပါတယ်။
သူမက “တော်တော်အခက်အခဲရှိပါတယ်၊ နားထားတာက သုံးနှစ်လောက်ဆိုတော့လေ ကိုယ့်ရဲ့သက်လုံပိုင်းရော လေ့ကျင့်ရေးအပိုင်းကအစ ပြုတ်ကျသွားတဲ့ အခြေအနေမျိုးမှာရှိတယ်ပေါ့နော။” လို့ သူမနားခဲ့ရတော့ ကိုယ်ခံအားကျသွားပုံကို ပြောပြပါတယ်။ ဆက်လက်ပြီး သူမက “ကိုယ်ကအပြင်က သာမန်လူတစ်ယောက်ဖြစ်သွားပြီ၊ ကစားသမားတစ်ယောက် မဟုတ်တော့ဘူးဆိုတော့လေ။ ကစားသမားတစ်ယောက်ဟာ နှစ်လ သုံးလလောက် နားလိုက်ရရင်ကို သာမန်လူလိုဖြစ်သွားတာ၊ ကျွန်မက ၃နှစ်ဆိုတော့ တော်တော်လေး အစကနေ နံပါတ်တစ်ကနေ ပြန်စရတာပေါ့။” လို့ အကြာကြီးနေမှ အားကစား ပြန်စလုပ်ရတဲ့ သူမရဲ့အခက်အခဲကို ပြောပြပါတယ်။
သူမက နောင်လာမည့် ညီမငယ်တွေအတွက်ကိုလည်း သူမ၏ပညာများကို လက်ဆင့်ကမ်းဝေမျှရန်အတွက် သူမအသင့်ဖြစ်နေပါတယ်။ နောက်ပိုင်း အားကစားမှာ ခြေစုံမရပ်တည်နိုင်တော့ရင် ကိုယ့်ပြည်နယ်ကိုပြန်လာပြီး ကလပ်ထောင်ပြီး မောင်ငယ်ညီမငယ်တွေကို မြန်မာ့လက်ရွေးစင်ဖြစ်အောင် လေ့ကျင့် ပျိုးထောင်ပေးသွားမယ်လို့ ယုံကြည်ထားသူပါ။
“ရှေ့ဆက်ပြီး ကျွန်မရည်မှန်းထားတဲ့ ကလပ်တစ်ခုပေါ့။ ကျွန်မကစားပြီး ကစားသမားတစ်ယောက်အဖြစ် မရပ်တည်နိုင်တော့တဲ့ နောက်ပိုင်းမှာ ကျွန်မပြန်ပြီးတော့ ကလပ်ဖွင့်မယ်၊ ကျွန်မ ဖိုက်တာတွေပြန်ပြီးတော့ မွေးမယ်၊ မြန်မာ့ဂုဏ်ဆောင်နိုင်တဲ့သူတွေဖြစ်အောင် ကျွန်မပြုစုပျိုးထောင်ပေးသွားပါမယ်။ ”
သူမဘဝမှာ အားကစားလောကထဲက လေးစားအားကျရတဲ့သူတွေရှိပါတယ်။ ပြည်တွင်းမှာဆိုရင် အောင်လအန်ဆန်းဖြစ်ပြီး ပြည်ပမှာဆိုရင်လည်း လေးစားအားကျရတဲ့ မိန်းကလေးအားကစားသမားတွေ ရှိတယ်လို့ဆိုပါတယ်။
လက်ရှိမူအန်တိုနီယာမှာ အချိန်ပိုင်းနည်းပြလုပ်နေပြီး ကျန်တဲ့အချိန်မှာ ကိုယ်ပိုင်လေ့ကျင့်မှုတွေ လုပ်နေရတယ်လို့ဆိုပါတယ်။ နိုင်ငံခြားပွဲစဉ်ကတော့ နှစ်ကုန်ပိုင်းလောက်မှာဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။