spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဆေးဝါး၊ ရိက္ခာသယ်ယူတဲ့ စေတနာ့ဝန်ထမ်းကား သေနတ်ပစ်ခံရ

ကန္တာရဝတီတိုင်း(မ်)

စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါး၊ ရိက္ခာသွားယူပြီး လွိုင်ကော်မြို့မှ ဒီမော့ဆိုမြို့ဖက်သို့ ပြန်လာတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ကား ဒီကနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့ ) နံနက်ပိုင်းမှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ ဒီမော့ဆိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သေနတ်ဖြင့်အပစ်ခံရသည့် ကားအခြေအနေ (ဓါတ်ပုံ – CJ)

“ကျနော်တို့ ဒီမော့ဆိုအရှေ့ဖက်ခြမ်းမှာ စစ်ရှောင်တွေများသထက်များလာတယ်။ ဆိုတော့ ဆေးဝါးရယ်၊ ရိက္ခာရယ်က တဖြေးဖြေးနဲ့ ပြတ်လပ်လာပြီ။ အဲ့တော့ ဒီမနက် ကျနော်တို့ Volunteer ထဲကတစ်ယောက် မဖြစ်မနေ ဆေးဝါးယူစရာရှိလို့ပေါ့နော။ လွိုင်ကော်ကိုတက်သွားတယ် တက်သွားတော့ အသွားကတော့ လွတ်တယ်ပေါ့နော။ ဒါပေမယ့် အပြန်မှာကျတော့ ၆မိုင်ရွာထဲက လမ်းထောင့်ပေါ့။ ၆မိုင်နဲ့ ဇရပ်ဖြူသွားတဲ့လမ်းထောင့်မှာ ဗမာစစ်တပ်ကနေပြီးတော့မှ ပစ်တယ်ပေါ့နော။ အပစ်ခံရတယ် ကားက အရှေ့ကားမှန်ထိသွားတယ်ပေါ့ ။ ကံကောင်းစွာနဲ့ပဲ ကားသမားကတော့ ပြန်လွတ်လာတယ်ပေါ့နော။ ကားထိတာကလွဲလို့ လူဘားမှမဖြစ်ဘူးပေါ့နော။” လို့ အဆိုပါ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့အထွက် ဒီမော့ဆိုမြို့အဝင် ဒေါပိုးစီကျေးရွာ၊ ၆ မိုင်ကျေးရွာ လမ်းမတစ်လျှောက်မှာ နေရာယူလှုပ်ရှားနေပြီး ခရီးသွားလာတဲ့ ယာဉ်အချို့ကို မေးမြန်းစစ်ဆေးမှုမရှိဘဲ ပစ်ခတ်မှုရှိနေတယ်လို့ သိရပါတယ်။

KA၊ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဒီမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ဝန်းကျင်ရှိနေပြီး ၎င်းတို့အတွက် အရေးပေါ်ဆေးဝါး၊ ရိက္ခာ အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၂ရက်နေ့အထိ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ ကိုဗစ်ပိုး ၄၅ ဦးအထိ တွေ့ရှိထားပြီး ၎င်းတို့ကို စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေက နီးစပ်ရာ စစ်ရှောင်စခန်းတွေမှာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

“အခုက ရှိတဲ့ Volunteer တွေနဲ့ပဲ ကိုယ်ထူကိုယ်ထလုပ်နေကြတာ ရိက္ခာရှာတဲ့သူရှာ ဆေးဝါးရှာတဲ့သူရှာ နောက် CDM ဆရာ ဆရာမတွေက တတ်နိုင်တဲ့ဖက်ကနေ ကုသမှုအပိုင်းမှာတာဝန်ယူ အဲ့လိုမျိုးပေါ့။ ကိုယ်ထူကိုယ်ထနဲ့ပဲ နီးစပ်ရာ စစ်ရှောင်စခန်းမှာပဲလုပ်ကြတာ။ စစ်ရှောင်စခန်းက ၂နေရာ ၃နေရာရှိတယ်ကော အဲ့ဒီမှာ နီးစပ်ရာ Volunteer အနေနဲ့ကိုယ်ထူကိုယ်ထ အဲ့လိုလုပ်ကြတာ။” လို့ အဆိုပါ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့၊ ဒီမော့ဆိုမြို့၊ ဖရူဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသလို လွိုင်ကော်မြို့တွင်းမှာလည်း စစ်ကောင်စီပူးပေါင်းတပ်က လမ်းသွားပြည်သူတွေကို နေ့စဉ်စစ်ဆေးနေတာကြောင့် ဖမ်းဆီးခံရသူလည်း ရှိနေပါတယ်။

spot_img
spot_img