Monday, November 29, 2021

CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ဟိုပုံးမြို့ အမှတ် (၉၀၃) အင်ဂျင်နီယာတပ်ရင်းက တပ်သားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

စစ်အာဏာကို ဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ဟိုပုံးမြို့ အမှတ် (၉၀၃) အင်ဂျင်နီယာတပ်ရင်းက လုပ်သက် တစ်နှစ်ခွဲရှိတဲ့ တပ်သားတစ်ဦးဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေး KNDF တပ်ရင်း ၂ ဆီကို ပူးပါင်းပါဝင်လာပြီး CDM ပြုလုပ်တာ ဖြစ်ပါတယ်။

သူကတော့ အသက် (၂၂) နှစ်ရှိပြီဖြစ်ပြီး မှိုင်းရှာခွေးကို ထိန်းကျောင်းရတဲ့ တပ်သားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လာရောက်ပူးပေါင်းပါဝင်ပေးတဲ့အတွက် KNDF B-02 အနေနဲ့လည်း သူ့ရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးကို တာဝန်ယူဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

CDM ပြုလုပ်တဲ့ တပ်သားကို ကန္တာရဝတီတိုင်း(မ်) မှ ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

မေး ။ ။ CDMလုပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကိုပြောပြပေးပါ။
ဖြေ ။ ။ ဒီ စကစ ရဲ့ အမိန့်ကို မနာခံချင်လို့ သူတို့ရဲ့ တပ်မှာ မနေချင်တော့လို့။ ပြည်သူတွေရဲ့ တော်လှန်မှုကို အားကျလို့ သူတို့တပ်ကနေ ထွက်လာပြီးတော့ CDM ထဲကို လုပ်တာပါ။

မေး ။ ။ အခုလိုမျိုး CDMလုပ်ဖို့ ဘာအကြောင်းအရာတွေက သတ္တိဖြစ်စေခဲ့လဲ။
ဖြေ ။ ။ အဲ့လို ဘယ်သူမှ တိုက်တွန်းပေးတာ မရှိပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ် ထွက်လာတာပါ။ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်။ အဲ့လိုမျိုး ကူညီချင်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ပဲ ကိုယ့်ဟာကိုယ် ထွက်လာတာ။

မေး ။ ။ CDMလုပ်ဖို့အတွက် ဘယ်လောက်အထိ အချိန်ယူခဲ့ရလဲ။
ဖြေ ။ ။ နှစ်လလောက် အချိန်ယူခဲ့ရတယ်။ အဲ့လိုမျိုး ထွက်သွားဖို့အတွက်။

မေး ။ ။ CDMဘယ်ရက်က စလုပ်ဖြစ်ခဲ့လဲ။
ဖြေ ။ ။ ၇ ရက်နေ့ (နိုဝင်ဘာ) တနင်္ဂနွေနေ့ကနေ စလုပ်တာပါ။

မေး ။ ။ တပ်ထဲမှာ တာဝန်ထမ်းဆောင်တုန်းက ဘာတွေ လုပ်ရလဲ။
ဖြေ ။ ။ တပ်ထဲမှာတော့ ထွေထွေထူးထူး တာဝန်တော့ ထမ်းဆောင်တာမဟုတ်ဘူး။ ခွေးထိန်းရတဲ့ တာဝန်ဆိုတော့ ခွေးထိန်းတာပဲ နားလည်တာပေါ့။

မေး ။ ။ တိုက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ရတာတွေကော ရှိခဲ့လာ။
ဖြေ ။ ။ အဲ့လိုတော့ မရှိဘူး။

မေး ။ ။ တာဝန်ထမ်းဆောင်နေတဲ့ တပ်မှာ အာဏာသိမ်းပြီးတာ နဲ့ အာဏာမသိမ်းခင် တုန်းကနဲ့ ဘာတွေကွာခြား တာရှိလဲ။
ဖြေ ။ ။ စည်းကမ်းတင်းကျပ်မှုက ပိုပြီးတော့ တင်းကြပ်လာတယ်။ အဲ့လိုမျိုးပဲ ကွာခြားတယ်။

မေး ။ ။ စည်းကမ်းတွေ တင်းကြပ်လာတဲ့ အပေါ်မှာကော အခက်အခဲတစ်စုံတစ်ရာရှိတာတွေရှိလာ။
ဖြေ ။ ။ အခက်အခဲတော့မရှိဘူး။ တပ်ထဲကနေ တပ်အပြင်ကို ထွက်ခွင့်မရှိတော့ဘူး အဲ့လိုပေါ့။ သတင်းတွေ၊ မီဒီယာတွေ ဘာတွေလည်း ကြည့်ခွင့်လည်း မရှိဘူးပေါ့ အဲ့လိုမျိုး။

မေး ။ ။ CDMလုပ်တဲ့အတွက် မိသားစုလုံခြုံရေးအတွက် စိတ်ပူတာတွေရှိလာ။
ဖြေ ။ ။ အဲ့လိုတော့ လူတိုင်းပဲလေ။ နည်းနည်းပါးပါး စိတ်ပူတာတော့ ရှိတာပေါ့။

မေး ။ ။ ထပ်ပြီးဖြည့်စွက်ပြောပြချင်တာမျိုး ရှိပါလား။
ဖြေ ။ ။ မရှိတော့ပါဘူးဗျာ့။

ကျေးဇူးတင်ပါတယ်။

More from the blog

စစ်ရှောင်သူများရဲ့ စကားသံတချို့

ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခွဲဝန်းကျင်အထိ ရှိလာပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာကို ကိုယ်လွတ်ရုန်းထွက်ပြေးနေကြရတာဖြစ်တဲ့အတွက် နေရာပျံ့ကျဲပြီး နေထိုင်ကြရာတာပါ။ စစ်ဘေးရှောင်စခန်းတွေကလည်း နေရာအတည်တကျ မရှိနိုင်သေးပါဘူး။...

CDM ရဲတွေကနေ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP)နှင့် တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်) စစ်ကောင်စီက အာဏာသိမ်းပြီး CDM လုပ်တဲ့ ရဲတွေကနေ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့(KSP)အနေနဲ့ ကရင်နီပြည်နယ်တွင်းက စစ်ကောင်စီလွှမ်းမိုးမှုမရှိတဲ့ နယ်မြေတွေမှာ ပြည်သူ့အကျိုး ဆောင်ရွက်ပေးနေတာတွေရှိပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခြင်း

ဒီကနေ့ အောက်တိုဘာလ (၁၉)ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွိုင်ကော်အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅(က)နဲ့ အကျဉ်းကျခံရသူ ၂၂ ဦး လွတ်မြောက်လာပါတယ်။ စစ်ကောင်စီဆန့်ကျင်တဲ့ စာရွက်လိုက်ကပ်လို့ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅(က) အမှုရင်ဆိုင်ဆဲဖြစ်ပေမယ့် လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးနဲ့ ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားပါတယ်။

“ဘာဆက်လုပ်လို့လုပ်ရမှန်း မသိတော့ဘူး။ ဘယ်ကိုထပ်ပြီး ပြေးလို့ ပြေးရမှန်းမသိတော့ဘူး။”

တိုက်ပွဲတွေကြောင့် ၃ နေရာ အထိ ထွက်ပြေး တိမ်းရှောင်ခဲ့ရသူ ဒီးမော့ဆိုမြို့ ငွေတောင်က အသက် ၅၀ ကျော်အရွယ် အဒေါ်တစ်ဦးက သူပြေးခဲ့ရတဲ့ နေရာတိုင်းမှာ တိုက်ပွဲတွေ ထပ်မံကြုံနေရလို့ ဘယ်ကိုဆက်ပြီး...