spot_img
19.8 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းNUG ဆီကနေ ကာကွယ်ရေးအတွက် ထောက်ပံ့မှု အချို့ရရှိတယ်လို့ KNDF ပြော

NUG ဆီကနေ ကာကွယ်ရေးအတွက် ထောက်ပံ့မှု အချို့ရရှိတယ်လို့ KNDF ပြော

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဟာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ဆီကနေ ကာကွယ်နဲ့ပတ်သက်တဲ့ အထောက်အပံ့တချို့ရရှိနေပြီလို့ KNDF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ KNDF ကို NUG ဘက်ကနေပြီးတော့ အဓိက ကာကွယ်ရေးဘက်ကနေပြီးတော့ ကျနော်တို့ကို ထောက်ပံ့မှု အချို့ရှိတာရှိပါတယ်။ သို့သော်လည်း ကျနော်တို့ NUG ဘက်ကတော့ တစ်နိုင်ငံလုံးကို ကြည့်ပေးရတဲ့အချိန်မှာ လုံလောက်တဲ့ အကူအညီတွေ လုံလောက်တဲ့ ပစ္စည်းတွေကတော့ ခက်ခဲနေဆဲဖြစ်ပါတယ်။ ဒါတော့ အားလုံးအသိပဲဖြစ်ပါတယ်။ ဆိုတော့ ရသင့်ရထိုက်တဲ့ ရိက္ခာတွေ ရသင့်ရထိုက်တဲ့ ခဲယမ်း ထောက်ပံ့မှုလေးတွေတော့ ကျနော်တို့ ရံဖန်ရံခါရပါတယ်ဗျ။ “ လို့ ပြောပါတယ်။

လက်ရှိမှာ KNDF အနေနဲ့ ပြည်ထောင်စုအဆင့်မှာ NUG နဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီး ပြည်နယ်အဆင့်မှာ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ( KSCC ) နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

KNDF ဟာ ကရင်နီပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး NUG အစိုးရ ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၃ရက်နေ့မှာ NUGက ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး KNDF တာဝန်ရှိသူတစ်ဦးက “ ဒီလိုမျိုး ထုတ်ပြန်ပေးလိုက်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ပြည်သူလူထုတွေအားလုံးလည်း အမြင်ရှင်းသွားတယ်။ သတင်းမှန်ကိုလည်း သိရှိသွားတယ်လို့ ယူဆတယ်။ ဆက်လက်ပြီး ပိုမိုပြီး ခိုင်မာတဲ့ ဆက်သွယ်ဆက်ဆံမှုတွေ ကျနော်တို့ အစဉ်မပျက် ပြည်ထောင်စုအဆင့် NUG ပြည်နယ်အဆင့် KSCC ဒီတော်လှန်ရေးမှာပါဝင်တဲ့ အောင်မြင်တဲ့ ပန်းတိုင်တစ်ခုအထိ လျှောက်လှမ်းသွား ဖို့ ရှိပါတယ်။” လို့ပြောပါတယ်။

KNDF တပ်ဖွဲ့ဟာ ကရင်နီပြည်နယ်က ပြန့်ကျဲနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို စုဖွဲ့ပြီး မေလ ၃၁ရက်နေ့မှာ စတင် ဖွဲ့စည်းထားကာ တပ်ရင်း အနေနဲ့ ၁၈ရင်းရှိပါတယ်။ ကရင်နီပြည်နယ်က စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ KNDF ဟာ ကရင်နီတပ်မတော် KA နဲ့ ပူးတွဲပြီး တိုက်ပွဲဝင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ