spot_img
18.6 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမြို့နယ်မီးရှို့သတ်ဖြတ်မှုမှာ Save the Children ဝန်ထမ်းနှစ်ဦးပါဝင်ကြောင်း အတည်ပြု

ဖရူဆိုမြို့နယ်မီးရှို့သတ်ဖြတ်မှုမှာ Save the Children ဝန်ထမ်းနှစ်ဦးပါဝင်ကြောင်း အတည်ပြု

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၄ရက်နေ့ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး ကလေးငယ်၊ အမျိုးသမီးအပါအဝင် ဒေသခံ ၃၅ဦးထက်မနည်း မီးရှို့သတ်ဖြတ်မှုမှာ Save the Children ဝန်ထမ်းနှစ်ဦးပါဝင်ခဲ့တယ်လို့ Save the Children မှ ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ထုတ်ပြန်အတည်ပြုခဲ့ပါတယ်။

အဆိုပါဝန်ထမ်းနှစ်ဦးမှာ ကလေးသူငယ်တွေရဲ့ ပညာရေးတိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသူများဖြစ်သလို ကလေးငယ်ဖခင်များဖြစ်ကြတယ်လို့ သိရပါတယ်။

ဝန်ထမ်းတစ်ဦးမှာ အသက် ၃၂နှစ်အရွယ်ရှိကာ ၁၀လအရွယ်ကလေးဖခင်ဖြစ်ပြီး Save the Children နှင့်လက်တွဲဆောင်ရွက်နေသည်မှာ ၂နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ကျန်တစ်ဦးမှာ အသက် ၂၈နှစ်အရွယ်ရှိပြီး ၃လသားအရွယ်ဖခင်ဖြစ်ကာ အဖွဲ့အစည်းမှာ ၆နှစ်ခန့် လက်တွဲဆောင်ရွက်ခဲ့သူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

၎င်းတို့နှစ်ဦးက အနီးအနားရှိ ရပ်ရွာတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာရုံးသို့ပြန်စဉ် ယင်းတိုက်ခိုက်မှု အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး စစ်ကောင်စီရဲ့ ပြည်သူများ အဓမ္မဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းတွေမှာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

ဘေးကင်းလုံခြုံရေးအခြေအနေ အရပ်ရပ်ကြောင့် ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်ကို ဖော်ပြမှာမဟုတ်ဘူးလို့ သိရပါတယ်။

Save the Children ၏ အမှုဆောင်ချုပ် (Chief Executive) ဖြစ်တဲ့ Inger Ashing က ပြောကြားခဲ့သည်မှာ –
“ဤသတင်းသည် အင်မတန်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်သည်။ အပြစ်မဲ့ ပြည်သူများနှင့် အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဝန်ထမ်းများအပေါ် အကြမ်းဖက်မှု ကျူးလွန် ခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်မဟုတ်ပါ။ ယခုကဲ့သို့ ကျိုးကြောင်းဆင်ခြင်မဲ့ တိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက် ကျူးလွန်မှု အပေါ် လွန်စွာမှ ထိတ်လန့်တုန်လှုပ်မိသည်။”လို့ ပြောဆိုထားပါတယ်။

Save the Children အနေနဲ့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ဝန်ထမ်းများအားလုံး၊ အဖြစ်အပျက်မှာထိခိုက်ဆုံးရှုံးခဲ့သူတွေရဲ့မိသားစုဝင်များအတွက် လိုအပ်လျက်ရှိတဲ့ ကူညီပံ့ပိုးမှုများရရှိစေဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိပြည်သူတွေဟာ တိုးမြှင့်လာတဲ့ဆိုးရွားတဲ့အကြမ်းမှုမှာ ဆက်လက်ပစ်မှတ်ထားခံရပြီး အဲ့ဒီဖြစ်ရပ်အတွက် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကျူးလွန်သူတွေကို အရေးယူရန် လုပ်ဆောင်ရမယ့် အဆင့်ကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ရမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများက လက်နက်ရောင်းဝယ်ခြင်းကိုပိတ်ဆို့မှုများ သတ်မှတ်ဆောက်ရွက်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများထပ်မံမဖြစ်ပွားစေရန် တားဆီးဟန့်တားမှုများကို အထူးအလေးပေး လုပ်ဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

Save the Children က မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနစ်မှ စတင်ကာ ကျန်းမာရေး၊ အာဟာရ ၊ ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၅၀ ကျော်၊ ဝန်ထမ်းပေါင်း ၉၀၀ ကျော်တို့ဖြင့် နိုင်ငံနှင့်အဝှမ်းမှာ လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ