spot_img
19 C
Loikaw
Thursday 19, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီပြည်အတွက် အရေးပေါ်လိုအပ်နေတဲ့ဆေးဝါး ကူညီပံ့ပိုးနိုင်ရေး ကံစမ်းမဲလက်မှတ်ရောင်းချ

ကရင်နီပြည်အတွက် အရေးပေါ်လိုအပ်နေတဲ့ဆေးဝါး ကူညီပံ့ပိုးနိုင်ရေး ကံစမ်းမဲလက်မှတ်ရောင်းချ

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်အတွက် အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါး ကူညီပံ့ပိုးနိုင်ဖို့အတွက် ကံစမ်းမဲအစီအစဉ်တစ်ခုကို Karenni Nurses Association ( KNA ) နဲ့ ပြင်ပရောက် Karenni Global Network ကရင်နီလူမျိုးစုတွေ ပူးပေါင်းကာ အောက်တိုဘာလအတွင်းမှာ စတင် ပြုလုပ်နေကြပါတယ်။

ဒေါ်လာ ၅၀၀၀၀ အထိ ရောင်းရဖို့ ခန့်မှန်းထားပြီး ရောင်းရငွေတွေကို ကရင်နီပြည်တွင်းမှာ လိုအပ်တဲ့ အရေးပေါ်ဆေးဝါးတွေကို ထောက်ပံ့ကူညီသွားမယ်လို့ မလေးရှားရောက် ကရင်နီလူငယ်တစ်ဦးက ပြောပါတယ်။

“ပြည်နယ်တစ်ခုလုံးရဲ့ အင်အားကို လုံလောက်အောင် ပံ့ပိုးပေးနိုင်တဲ့ အနေအထားတော့ မရှိသေးဘူးပေါ့နော။ ဒါက အမှန်တိုင်းပြောမယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရကနေ လုပ်ရမယ့်အလုပ်ဖြစ်တယ်။ ဒါက ကျနော်တို့ တစ်ထောင့်တစ်နေရာပေါ့လေ။ ကျနော်တို့ မျှော်မှန်းချက်ကတော့ တစ်ပြည်နယ်လုံးကို လုံလောက်တဲ့ ဆေးဝါးပံ့ပိုးနိုင်တဲ့ အနေအထားရောက်ရမယ်လို့ ဘယ်တော့မှလည်းမမျှော်လင့်ခဲ့ဘူး။ ဒါပေမယ့် လိုအပ်တဲ့နေရာမှာ အထောက်အကူလေးတစ်ခုပေါ့။” လို့ သူက ပြောပါတယ်။

ကရင်နီပြည်တွင်း စစ်ရှောင်ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီး ကူညီပေးတဲ့ အဖွဲ့အစည်းတွေရှိပေမယ့် လိုအပ်တဲ့ဆေးဝါးတွေကို လုံလုံလောက်လောက်ရရှိဖို့ အခက်အခဲရှိနေကြတာဖြစ်ပါတယ်။

ကရင်နီပြည်မှာ လစဉ်ဆေးဝါးအတွက် မြန်မာကျပ်ငွေ သိန်း ၅၀ ကနေ သိန်း ၇၀ ကြား အသုံးပြုနေရတယ်လို့ ကရင်နီစစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ တစ်လကိုသုံးမယ်ဆိုရင် သိန်း၅၀နဲ့ သိန်း ၇၀ကြားမှာရှိတယ်။ အဲဒါဆေးအတွက် သီးသန့်ပဲရှိမယ်ပေါ့နော။ ပြီးတော့ ကျန်တဲ့ တခြားဆေးဝါးတွေလည်း ကျန်အုံးမယ်ပေါ့နော။ ခဏကပြောတဲ့ သိန်း ၅၀နဲ့ သိန်း ၇၀ကြားမှာရှိတဲ့ဆေးက ဘာတွေဖြစ်မလဲဆိုတော့ ဒီဖျားနာတာတို့ နေမကောင်းတာတို့၊ ကိုက်ခဲပျောက်ဆေးတို့ဘာတို့ လောက်ပဲရှိမယ်။ ပြီးရင်ဒီ ရိုးရိုး အသုံးများတဲ့ဆေးတွေပဲဖြစ်မှာပေါ့နော။ တခြား လိုအပ်တဲ့ဆေးတို့ ကျနော်တို့ အရေးပေါ်ကုရမဲ့ဆေးတို့ အဲဒါအတွက် မပါသေးဘူးပေါ့နော။” လို့ ၎င်းက ပြောပါတယ်။

ကံစမ်းမဲလက်မှတ်ကို အောက်တိုဘာလ ၁၁ရက်နေ့က စတင်ရောင်းချနေပြီး မလေးရှားမှာတော့ အောက်တိုဘာလ ၁၅ရက်နေ့မှသာ ရောင်းချသွားမယ်လို့ သိရပါတယ်။ လာမယ့် နိုဝင်ဘာလ ၁၉ရက်နေ့အထိသာ ရောင်းချသွားမှာဖြစ်ပြီး ၂၀ရက်နေ့မှာ မဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကံစမ်းမဲတစ်စောင်ကို Myanmar – 40,000 MMK၊ Thai – 500 B၊ Europe – 10 €၊ Nealand – 10 $၊Australia – 10 $ ၊ Malaysia – 40 RM ၊ Japan – 2,000 ¥၊ US – 10 $ ၊ Singapore – 15$၊ South Korea – 15,000 W နဲ့ ကံစမ်းမဲလက်မှတ်ကို ရောင်းချနေတာဖြစ်ပြီး ပထမဆု NUG Bond $ 10,000 ၊ ဒုတိယဆု NUG Bond $ 5,000၊ တတိယဆု NUG Bond $ 3,000 ၊ I phone 14 pro အပြင် ဆု ၉ ဆုကို မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကရင်နီပြည်မှာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ နှစ်သိန်းကျော်ရှိနေပြီး အခြေခံလိုအပ်ချက်တွေ အများအပြားရှိနေဆဲဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ