spot_img
19 C
Loikaw
Thursday 19, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဩစတြေးလျ ရောက် ( Kn.F.A ) မှ ကရင်နီစစ်ရှောင်တွေအတွက် ရန်ပုံငွေ ရှာဖွေပေး

ဩစတြေးလျ ရောက် ( Kn.F.A ) မှ ကရင်နီစစ်ရှောင်တွေအတွက် ရန်ပုံငွေ ရှာဖွေပေး

-

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ စစ်အာဏာသိမ်းနောက်ပိုင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာမှုရှိသလို၊ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီစစ်ရှောင်သိန်းနဲ့ချီရှိနေပြီး ဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့အတွက် ဩစတြေးလျနိုင်ငံကို ရောက်ရှိသွားတဲ့ Karenni Federation Of Australia (Kn.F.A) က ကရင်နီပြည်က စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေ ရှာဖွေရေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“တမိသားစုကို ကျနော်တို့ တရာ နှုန်းလို့ သတ်မှတ်တယ်။ ဒါပေမဲ့ ဒါက အခြေခံ သတ်မှတ်ချက်ပေါ့။ မိသားစုတခုရှိရင် တရာလောက် ထည့်ပါ ဒါပေမဲ့ ပိုထည့်ချင်ရင် ထည့်လို့ရတယ်ပေါ့နော်။ တချို့ကျရင် ဘယ်လိုဖြစ်လဲဆိုတော့ မိသားစုနဲ့ ဖြစ်ပြီးသော်ငြားလည်း ကရင်နီ အပေါ်မှာ စိတ်အားထက်သန်မှု၊ လှုပ်ရှားမှု၊ အားပေးမှုရဲ့ အပေါ်မှာ တရာကတော့ Basic အနေနဲ့ ထားတယ်။ ဒီထက် လှူသွားတာတွေလည်း ရှိတာပေါ့နော်။ အဲ့တာကို ကျနော်တို့ တွေ့ရတာပေါ့နော်” လို့ (Kn.F.A ) ဥက္ကဌ ဖြစ်တဲ့ ရီးချက် ဌေးရယ် က ပြောပါတယ်။

ဩစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ ကရင်နီလူမျိုးမှာ လူဦးရေအားဖြင့် လေးထောင်ငါးရာဝန်းကျင် ရှိနေပြီး၊ တမိသားစုကို ဩစတြေးလျ ဒေါ်လာ တရာနှုန်းနဲ့ သတ်မှတ်ထားပေမဲ့ တချို့သောမိသားစုမှာတော့ ပိုမိုလှူဒါန်းပေးတာတွေ ရှိတယ်လို့ (Kn.F.A ) ဥက္ကဌ ဖြစ်တဲ့ ရီးချက် ဌေးရယ် က ဆက်ပြောပါတယ်။ ဒါ့အပြင် ငွေပမာဏ ဩစတြေးလျ ဒေါ်လာ ငါးသောင်းကနေ ခုနှစ်သောင်းအထိ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

“အခု လက်ရှိဖြစ်ပေါ်နေတဲ့ ဒီအခြေအနေပေါ်မှာဆိုရင် ကျနော်တို့ အနည်းဆုံး ငါးသောင်း -ခုနှစ်သောင်းကြားမှာ ကျနော်တို့ ပြောလို့ရတယ်။ လက်ရှိမှာတော့ ကျနော်ထင်တာလေ အနည်းဆုံးတော့ ကျနော်တို့မရှိဘူး ဆိုလို့ရှိရင်တောင် တသောင်း ကျော်ကျော်တော့ရှိနေပြီလို့ ကျနော်မျှော်လင့်တာပေါ့နော်။ မျှော်လင့်တာထက်စာရင် ယုံကြည်တယ်ပေါ့နော်။ ကျနော်တို့ ပိုက်ဆံ မမြင်ရသေးဘူး။ ဂဏန်းမမြင်ရသေးဘူးပေါ့နော်။ အတိအကျတော့ ပြောလို့မရသေးဘူးနော်။ ဒါပေမဲ့ ခန့်မှန်းထားတာကတော့ ကျနော်တို့ ငါးသောင်း – ခုနှစ်သောင်း ကြားမှာခန့်မှန်းထားတာပေါ့နော်“ လို့ ဥက္ကဌ ဖြစ်တဲ့ ရီးချက်ဌေးရယ် က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က ၁ လေးလုံး စစ်ဆေးရေးစတင်ပြီးနောက်ပိုင်း ကရင်နီပြည်နယ်နဲ့ ရှမ်း-ကရင်နီ နယ်စပ်က စစ်ဘေးရှောင်လူထု သုံးသိန်းအထိ ရှိလာပြီး လက်ရှိမှာ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေဆဲ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ