Homeသတင်းကရင်နီမှာ ၆လအတွင်း အရပ်သား ၄၈ ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင်သေဆုံးသူ ၁၆ ဦးထိပါဝင်

ကရင်နီမှာ ၆လအတွင်း အရပ်သား ၄၈ ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင်သေဆုံးသူ ၁၆ ဦးထိပါဝင်

-

ကန္တာရဝတီတိုင်း(မ်)

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ၆လအတွင်းမှာ ကရင်နီပြည်မှာ လူ့အခွင့်အရေးအချိုးဖောက်ခံရပြီးနောက် သေဆုံးခဲ့ရတဲ့ အရပ်သား စုစုပေါင်း ၄၈ ဦး ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC)ရဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါသေဆုံးသူတွေထဲမှာ လေကြောင်းတိုက်ခိုက်မှု ကြောင့်သေဆုံးသူ ၁၆ ဦးအထိပါဝင်ပြီး အများစုကတော့ ကလေးငယ်တွေဖြစ်တယ်လို့ IECရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“တာဝန်ရှိတဲ့သူတွေကိုယ်၌က ဒီ ကလေးတွေကို သေဆုံးနိုင်ခြေရှိတဲ့ တိုက်ခိုက်မှုတွေကို ကျူးလွန်ခြင်းဟာ ရိုးရိုးလူ့အခွင့်အရေး ချိုးဖောက်ခြင်းမကသေးဘဲနဲ့ သူတို့တွေကနေ တာဝန်ယူရမည့် စောင့်ရှောက်ရမည့် အကာအကွယ်ပေးရမည့် သူကိုယ်၌က ပြန်ပြီးချိုးဖောက်ခြင်းဟာ ပိုပြီးမှ ကြီးလေးတဲ့ ရာဇဝတ်မှုတွေမြောက်တယ် ပိုမို ကြီးမြောက်တဲ့ ကျနော်တို့ လူ့အခွင့်အရေး ချိုးဖောက်မှုမြောက်တယ်လို့ အကြမ်းအားဖြင့် ကျနော်တို့ ပြောလို့ရပါတယ်။” လို့ ဦးဗညားက ဆိုပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူထဲမှာ အမျိုးသား ၂ဦး ၊ အမျိုးသမီး ၄ဦး ၊ ကလေး ၉ ဦး နဲ့ အမျိုးသား၊ အမျိုးသမီး အတည်မပြုနိုင်သူ ၁ ဦး ဖြစ်ပါတယ်။

သေဆုံးတဲ့ ပြည်သူ ၄၈ဦးအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ဦး ၊ လက်နက်ကြီးထိမှန်မှုကြောင့် ၁၀ဦး၊ မြေမြုပ်မိုင်းကြောင့် ၄ဦး၊ ပစ်သတ်ခံရမှုကြောင့် ၁ဦး ၊ လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခံရမှု ၇ဦး၊ မတော်တဆ ထိခိုက်မှု -၂ဦး၊ ဖမ်းပြီးသတ်ဖြတ်ခံရမှု ၅ ဦး၊ ဒရုန်းကြောင့် ၁ ဦးနဲ့ အာဟာရချို့တဲ့မှုကြောင့် ၂ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ၆လ အတွင်း အရပ်သားထိခိုက်ဒဏ်ရာရသူ ၁၄၂ ဦးရှိပြီး အမျိုးသား ၂၈ ဦး ၊ အမျိုးသမီး ၂၁ ဦး ၊ ကလေး ၅၈ ဦး ပါဝင်တယ်လို့ သိရပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ( ၁ )ရက်နေ့ကနေ ၂၀၂၄ခုနှစ်၊ ဇွန်လ( ၃၀ )ရက်နေ့အထိ သေဆုံးခဲ့ရတဲ့ အရပ်သားစုစုပေါင်း (၅၀၉) ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF )ရဲ့ ဇူလိုင်လ ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ