spot_img
19 C
Loikaw
Thursday 19, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကောင်စီကြေညာထားတဲ့ အပစ်ခတ်ရပ် ကာလအတွင်း ကရင်နီပြည်မှာ အရပ်သား ပြည်သူ ၁၃ ဦးသေဆုံး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီကြေညာထားတဲ့ အပစ်ခတ်ရပ် ကာလအတွင်း ကရင်နီပြည်မှာ အရပ်သား ပြည်သူ ၁၃ ဦးသေဆုံး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း ( မ် )

စစ်ကောင်စီ ကြေညာထားတဲ့ အပစ်ခတ်ရပ်စဲရေး ကာလအတွင်း ရှမ်း-ကရင်နီ နယ်စပ်အပါအဝင် ကရင်နီပြည်မှာ စစ်ကောင်စီ ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၂၀ ကျော် ထိခိုက်ခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့တယ်လို့ ကန္တာရဝတီတိုင်(မ်) ရဲ့ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

ကန္တာရဝတီတိုင်း ( မ် ) သတင်းဌာနရဲ့ လက်လှမ်းမီစာရင်းတွေအရ ရှမ်း-ကရင်နီနယ်စပ်က ဖယ်ခုံ နဲ့ မိုးဗြဲ အပါအဝင် ကရင်နီပြည်က ဘောလခဲ နဲ့ မော်ချီးဒေသတွေမှာ စစ်ကောင်စီက တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦး ၊ လက်နက်ကြီးထိမှန်မှုကြောင့် ၈ ဦး ရှိပါတယ်။

သေဆုံးသူထဲမှာတော့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၁ ဦး ပါဝင်ပြီး လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂ဦး ရှိခဲ့ပါတယ်။ ဒါ့အပြင် သေဆုံးခဲ့သူ ၁၃ ဦးအနက် လသားအရွယ်ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသား ၈ဦး နဲ့ အမျိုးသမီး ၃ဦး ပါဝင်ကာ ကျန်တစ်ဦးကိုတော့ မသိရှိရသေးပါဘူး။

အရပ်သား သေဆုံးမှု နဲ့ ထိခိုက်မှုဟာ ကန္တာရဝတီတိုင်း ( မ် ) ရဲ့ လက်လှမ်းမီစာရင်းသာ ဖြစ်ပြီး မြေပြင်မှာ အချက်အလက် ပိုများနိုင်ပါတယ်။

“စစ်ကောင်စီက အပစ်ရပ်တယ်လို့ပြောပေမယ့် ပြည်သူအနေနဲ့က တန်းယုံလို့မရဘူး။ မယုံဖို့ပေါ့။ အပစ်ရပ်ရပ်၊ မရပ်ရပ် သူတို့အလုပ် သူတို့လုပ်နေတယ်လို့ပဲ မြင်တယ်လေ။အဲ့ ၄လပိုင်းအတွင်းလည်း ကြေညာထားတဲ့အတိုင်းမှ သူတို့မလုပ်ဆောင်နိုင်တာ။ ပြည်သူတွေကတော့ ကိုယ်မထိခိုက်ဖို့တော့ အမြဲ သတိနဲ့နေရမှာပဲ ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်ခတ်ရပ် ကြေငြာထားသလို ဧပြီလ ၂၂ ရက်နေ့ကနေ ဧပြီလကုန် အထိ သက်တမ်းတိုး ကြေငြာခဲ့ပါသေးတယ်။

စစ်ကောင်စီ အပစ်ရပ်ကြေညာထားပေမယ့် ကရင်နီပြည်က ဒီးမော့ဆိုမြို့၊ လွိုင်ကော်မြို့နယ်အတွင်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သလို ဖားဆောင်းမြို့နယ် မော်ချီးဒေသ၊ မယ်စဲ့မြို့နယ်နဲ့ ဖရူဆိုမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အခြားသော မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကို စစ်ကောင်စီက နေ့စဉ် နီးပါး လုပ်ဆောင်လျက် ရှိနေပါတယ်။

ကရင်နီပြည်နဲ့ အလယ်ကယန်းဒေသမှာ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလကုန် အထိ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ( ၁၀၉ ) ကြိမ် ရှိခဲ့တယ်လို့ မေလ ၁ ရက်နေ့မှာ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF )က ထုတ်ပြန်ထားတာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ