spot_img
19.9 C
Loikaw
Thursday 2, October 2025
spot_img
Homeဆောင်းပါးIn-depth Featureရွေးကောက်ပွဲကြောင့်စစ်ကော်မရှင်တပ်တွေ ထိုးစစ်ပိုပြင်းလာနိုင်မလား

ရွေးကောက်ပွဲကြောင့်စစ်ကော်မရှင်တပ်တွေ ထိုးစစ်ပိုပြင်းလာနိုင်မလား

-

ကန္တာရဝတီတိုင်း ( မ် )

ဩဂုတ်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲပြုလုပ်မှာဖြစ်သလို အပိုင်းလိုက် ကျင်းပသွားမယ်လို့လည်း ကြေညာပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း( ၁ )ကို မြို့နယ် ( ၁၀၂ ) မြို့နယ်မှာ ကျင်းပသွားမယ်လို့လည်း ဩဂုတ်လ ၂၀ ရက်နေ့မှာ ထပ်မံ ကြေညာထားပါတယ်။

အပိုင်း ၁ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ( ၁၀၂ ) မြို့နယ်ထဲ ကရင်နီပြည်က လွိုင်ကော်မြို့နဲ့ ဘောလခဲ မြို့နယ် ပါဝင်ပါတယ်။ အဲ့ဒီမြို့နယ်အနေအထားအရ မြို့ပေါ်ဧရိယာမှာပဲ စစ်ကော်မရှင်တပ်တွေက အပြည့်အဝ ထိန်းချုပ်ထားတာပါ။

၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း တပ်ပြင်ထွက်လှုပ်ရှားမှုတွေ မတွေ့ရသလောက်ဖြစ်နေတဲ့ စစ်ကော်မရှင်တပ်တွေဟာ ရွေးကောက်ပွဲနေ့ နီးကပ်လာတဲ့အခါ အရပ်သားတွေရှိတဲ့ နေရာတွေကို နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တပ်ပြင်ထွက်လှုပ်ရှားမှုတွေ ဇူလိုင်လကစပြိး ခပ်စိတ်စိတ်လှုပ်ရှားလာနေပါတယ်။

အထူးသဖြင့် စစ်ဘေးရှောင်တွေ အများဆုံးရှိနေတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်မကော်ရှင်တပ်က အထက်ပါအတိုင်း လုပ်ဆောင်နေပါတယ်။

ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတဲ့ လွိုင်ကော်မြို့နယ်နဲ့ နီးတဲ့ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို အင်အားသုံး ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ထားသလို ဒီးမော့ဆိုမြို့နယ်မှာလည်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး မြို့တွင်းနေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဩဂုတ်လဆန်းပိုင်းကတည်းက ဆက်တိုက်ပြုလုပ်လာနေပါတယ်။

စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲက ဘယ်လိုပုံစံလဲ

စစ်မကော်ရှင်တပ်က အခုရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ကို ကျင့်သုံးမှာပါ။

အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကိုတော့ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျ စနစ် (MMP) နဲ့ ကျင်းပမှာ ဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်အတွက် နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း (၃၃၀) မှာ တစ်မြို့နယ်ကို ကိုယ်စားလှယ် တစ်ဦးစီ ၊ အမျိုးသားလွှတ်တော်မှာ FPTP စနစ် နဲ့ (၈၄) နေရာနဲ့ PR စနစ် နဲ့ ၂၆ နေရာ၊ စုစုပေါင်း (၁၁၀) နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာတော့ FPTP စနစ် နဲ့ (၃၂၂) နေရာ၊ PR စနစ်နဲ့ (၄၂ ) နေရာ၊ စုစုပေါင်း ( ၃၆၄) နေရာမှာ ကျင်းပသွားမယ်လို့ စစ်မကော်ရှင်က ဆိုထားပါတယ်။

ရွေးကောက်ပွဲအတွက် လွိုင်ကော်မြို့တွင်းမှာ MEVM အသိပညာပေးခြင်းနဲ့ စမ်းသပ်ဆန္ဒမဲပေးခြင်းကို ဩဂုတ်လ ၇ ရက်နေ့က စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ကြည့်ရှုစဉ် ( ဓါတ်ပုံ – စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် )

စစ်မကော်ရှင် ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေအဖြစ် မြို့နယ် ၆၃ မြို့နယ်ကို ကြေညာထားပြီး ကရင်နီပြည်က ရှားတော၊ ဖားဆောင်း၊ မယ်စဲ့ စတဲ့ မြို့နယ်သုံးခု ပါဝင်နေပါတယ်။ ရှားတောနဲ့ မယ်စဲ့မြို့နယ်ဟာ တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး ဖားဆောင်းကတော့ လက်ရှိမှာ စစ်ကော်မရှင်ရဲ့ ခလရ ၁၃၅ တပ်ရင်းတစ်ခုသာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တဲ့ မြို့နယ်တွေထဲက တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတွေကိုလဲ စစ်အုပ်ချုပ်ရေးအာဏာကို တပါတည်း အပ်နှင်းထားပါတယ်။

ကရင်နီပြည်မှာလည်း ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပနိုင်ဖို့ ကြိုးစားပြင်ဆင်နေတဲ့ စစ်ကော်မရှင်က ယခင် လက်လွှတ်ထားရတဲ့ နယ်မြေတွေကို စစ်အုပ်ချုပ်ရေးကြေညာတာ၊ စစ်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာ၊ လက်နက်ခဲယမ်းဖြည့်တင်းတာ၊ လေကြောင်းသုံးပြီး ဗုံးကြဲတာ၊ အရပ်သားရှိရာ နေရာတွေကို နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။

တစ်နှစ်ကျော်ကြာ စစ်ကြောင်းနားထားတဲ့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ

ဒီးမော့ဆိုမြို့နယ်မှာတော့ စစ်ကော်မရှင် အခြေစိုက်တပ်ရင်းဖြစ်တဲ့ ခလရ ၁၀၂ တပ်ကနေ ဩဂုတ်လ ၄ ရက်နေ့ကစပြီး အင်အား ၂၀၀ ကျော်နဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်ကော်မရှင်တပ်တွေ ရှေ့ဆက်မတိုးနိုင်ရေးအတွက် ဟန့်တားနေတာကြောင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြေပြင်ရဲဘော်တွေက ပြောကြပါတယ်။

ဒီးမော့ဆိုမြို့ပေါ်က လမ်းမကြီးဘေးတစ်လျှောက် နေရာတွေကို ထိန်းချုပ်နိုင်ပြီလို့ ဝါဒဖြန့်ပြောဆိုမှုကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့အဝင်ဆိုင်းဘုတ်၊ ငွေတောင်ဆည်၊ မြို့နယ်ခန်းမ၊ ဆေးရုံ ၊ အထက်တန်းစာသင်ကျောင်း ရှေ့မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေနဲ့အတူ စစ်ကော်မရှင်တပ်က ထုတ်ပြန်ထားပါတယ်။

လက်ရှိ စစ်ရေးအခြေအနေအရ ဒီးမော့ဆိုမြို့တွင်းက အချက်အချာကျတဲ့ ဒီးမော့ဆိုမြို့မဈေးနဲ့ အနီးတစ်ဝိုက်က ရူးဖယ်ခူ နဲ့ ပါဒေါဒူကျေးရွာ ၊ ရွှေယောက်ရပ်ကွက်က ဆီဆိုင် ၊ အောင်မင်္ဂလာရပ်ကွက်က မြို့မရဲစခန်း၊ မီးသတ်ဌာန၊ မြို့နယ်ဆေးရုံ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရွှေယောက်ရပ်ကွက်တခုလုံး၊ စည်ပင်သာယာရပ်ကွက်က မြို့နယ်ခန်းမ၊ မြို့မရပ်ကွက်က ဘုရာကျောင်းအပါအဝင် ဒီးမော့ဆိုမြို့တခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဩဂုတ်လ၂၀ ရက်နေ့မှာ ကြေညာထားတာပါ။

ဩဂုတ်လ ၂၀ ရက်နေ့မှာ ဒီးမော့ဆိုမြို့ပေါ်က နေရာတွေကို ထိန်းချုပ်နိုင်ကြောင်း နဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေမှုကို စစ်ကော်မရှင်က ထုတ်ပြန်ထားတဲ့ဓါတ်ပုံ ( ဓါတ်ပုံ – CINCDS )

အဲ့ဒီနေရာတွေမှာ ယခင်ကတည်းက အရပ်သားတွေနေထိုင်တဲ့နေရာမဟုတ်သလို လူသူမရှိတဲ့ နေရာတွေဖြစ်ပြီး ဒီးမော့ဆိုတမြို့လုံးကို ထိန်းချုပ်နိုင်တာ မဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုက တုန့်ပြန်ပါတယ်။

“အဲ့မှာက လူထုတွေ မရှိတော့ဘူးလေ လမ်းပေါ်မှာပဲ သွားလာနိုင်တာ ဒီးမော့ဆိုအထိတော့ ရောက်ပြီ။ ဖရူဆိုအထိတော့ မသွားသေးပါဘူး။ သွားရင်လည်း လမ်းမကြီးအတိုင်းပဲ သွားမှာပါ။”လို့ ကရင်နီပြည်အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ဒု – ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

ဒီးမော့ဆိုမြို့တွင်းက ရပ်ကွက်၊ ကျေးရွာတချို့မှာ တပ်စွဲနေရာယူထားတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ကျဆုံးမှု ရှိတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေ စစ်ရေးလှုပ်ရှားနေစဉ်အတွင်းလည်း စစ်ဘေးတိမ်းရှောင်လာတဲ့ လူဦးရေ ၂၀ ကျော်ပါ ကားတစ်စီးကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ကားပေါ်ပါ အမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ကျန်တဲ့ အရပ်သားတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းပြီးမှ ပြန်လွှတ်ပေးခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မဲဆန္ဒနယ်တွေသတ်မှတ်ထားတာ ဘာကြောင့်လဲ

ကရင်နီပြည်အနေအထားအရ စစ်ကော်မရှင်တပ်က လူထုတွေကို အုပ်ချုပ်နိုင်တာက လွိုင်ကော်မြို့ပေါ် တစ်ခုတည်းသာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တော်လှန်ရေးအင်အားစုတွေ အလုံးစုံထိန်းချုပ်ထားတဲ့ ရှားတော ( ဆိုမိုဖေစိုးလေး ) နဲ့ မယ်စဲ့မြို့နယ် အပါအဝင် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်၊ မယ်စဲ့မြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ရှားတော မြို့နယ် စတဲ့မြို့နယ်တွေကိုပါ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပ ပြုလုပ်မယ့် မဲဆန္ဒနယ်သတ်မှတ်အဖြစ် ကြေညာထားပါပြီ။

ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တို့မှာ လေးပိုင်းခွဲ ကျင်းပသွားမှာပါ။ လက်ရှိအနေအထားအရတော့ စစ်ကော်မရှင်အနေနဲ့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ တပ်တွင်းက တပ်မိသားစုတွေနဲ့သာ ရွေးကောက်ပွဲကို ပြုလုပ်လာနိုင်ပါတယ်။

“ သူ (မင်းအောင်လှိုင်) ကြိမ်းဝါးသလို ရွေးကောက်ပွဲကို နိုင်ငံတကာမှာပြဖို့ လိုအပ်တယ်။ လူရှိရှိ ၊ မရှိရှိ တောထဲတောင်ထဲက ဆိုင်းဘုတ်ရှိရင် ဓါတ်ပုံရိုက်မယ် အချိန်တန်လို့ ရွေးကောက်ပွဲလုပ်ရင်လည်း သူတို့တပ်ဝန်းထဲမှာ မဟုတ်လည်း မြို့တနေရာမှာပေါ့။ ဟန်ပြပြီးတော့မှ ဒီနေရာကို သူတို့ထိန်းချုပ်နေပါတယ်ဆိုတာ ပြဖို့ဖြစ်တယ်။”လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက တုန့်ပြန်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို ကြေညာတာဟာ ရွေးကောက်ပွဲကို နိုင်ငံတကာကိုယ်စားပြုမှုအပြင် လူထုတွေကို လှည့်ဖျားလိုတဲ့ နည်းဗျူဟာတခုဖြစ်သလို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ပေါ်မှာလည်း စစ်ရေးအခြေအနေ တင်းမာမှု ဖြစ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“လက်တွေ့က လက်ရှိမြေပြင်အခြေအနေကို ပြောလို့ရတာက မြေပြင်မှာ မဲရုံထောင်ပြီးတော့မှ ရွေးကောက်ပွဲလုပ်နိုင်ဖို့ အခင်းအကျင်းက အင်မတန်မှ ခက်ခဲနိုင်ပါတယ် ဖြစ်နိုင်ဖို့လည်း ခဲယဉ်းပါတယ်။”လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ဆက်ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်ဆင်မှု ပိုပြင်းထန်လာနိုင်

ကရင်နီပြည် လွိုင်ကော်မြို့မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်ဘက်က ထိန်းချုပ်နယ်မြေတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိထားဖို့ လိုအပ်ပါတယ်။

လွိုင်ကော်မြို့ကို စစ်ရေးအရ ခြိမ်းခြောက်မှုတွေလုပ်နိုင်တဲ့ ဗျူဟာအရ အချက်အချက်ကျတဲ့ မိုးဗြဲကို ထိန်းချုပ်ထားဖို့နဲ့ ဒီးမော့ဆိုမြို့ကို ထိန်းချုပ်ထားဖို့အတွက် အဓိက ကျလာပါတယ်။

ဒါတင်မကပါဘူး၊ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေငြာထားတဲ့ တခြားမြို့နယ်တွေမှာလည်း တပ်တွင်းမှာပဲ တပ်မိသားစုတွေနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင် နယ်မြေအသာစီးရဖို့က မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲလုပ်မယ်လို့ ကြေငြာထားတဲ့ မြို့နယ်တွေမှာ စစ်ကြောင်းထိုးတာ၊ စစ်ကော်မရှင်တပ်ရင်းတွေက တပ်ပြင်ထွက်လှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတာတွေ ရှိနိုင်ပါတယ်။

“ စစ်ရေးအရကတော့ အားစိုက်ပြီးတော့မှ အထူးသဖြင့် ထိုးစစ်တွေ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို ၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း ၊ မော်ချီးအထိပေါ့။ စစ်ရေးအရ လမ်းမကြီးတွေကို ထိန်းချုပ်ဖို့ ကြိုးစားလာနိုင်ချေရှိတယ်။” လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် စစ်ကော်မရှင်ရဲ့ ထိုးစစ်ဆင်မှုကို တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ ဟန့်တားသွားမှာဖြစ်သလို နိုင်ငံတကာအနေနဲ့ စစ်မကော်ရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ကိုလည်း တော်လှန်ရေးအစုအဖွဲ့တွေက တိုက်တွန်းနိုးဆော်နေပါတယ်။

ရွေးကောက်ပွဲလုပ်မယ်လို့ ကြေငြာထားတဲ့အထဲမှာ ပါဝင်နေတဲ့ ဖရူဆိုမြို့နယ်မှာလည်း စစ်ကော်မရှင်ရဲ့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း၊ ခလရ ၅၃၁၊ ခမရ ၄၂၈ တပ်ရင်းတွေကို စစ်ကော်မရှင်က လက်နက်ရိက္ခာတွေဖြည့်တင်းထားပြီး တပ်ပြင်ထွက်လှုပ်ရှားမှုတွေ ပိုမိုတွေ့လာရပါတယ်။ ဖရူဆိုမြို့တွင်းနဲ့ အနီးနားက ကျေးရွာတွေအထိ ကင်းရှည်ထွက်လှုပ်ရှားတာ၊ စစ်ရှောင်စခန်းတွေဆီ လက်နက်ကြီးပစ်ခတ်တာတွေကိုလည်း ပြုလုပ်နေပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့က ဖရူဆိုမြို့နယ် အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ခဲယမ်း၊ ရိက္ခာကို လေထီးနဲ့ ပစ်ချနေစဉ် ( ဓါတ်ပုံ – CJ )

လက်ရှိ ရွေးကောက်ပွဲအတွက် စစ်ကော်မရှင်ရဲ့ ထိုးစစ်၊ စစ်ကြောင်းတွေကြောင့် လွိုင်ကော် ၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေမှာ တိုက်ပွဲပိုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ ရွေးကောက်ပွဲလုပ်မယ့် အနေအထားနဲ့ ဆက်စပ်ပြီးတော့မှ ဒါကတော့ နယ်မြေစိုးမိုးမှုအတွက် သူတို့ စစ်ကြောင်း တော်တော်များများ လုပ်နေမှာဖြစ်တယ်။ စစ်ကြောင်းရှိရင်တော့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်။ သူတို့ စစ်ကြောင်းမရှိရင်တော့ အဲ့လောက်ထိမရှိနိုင်ဘူးပေါ့နော်။ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို စသဖြင့်ပေါ့ အဲ့ဒီဖက်ကတော့ တိုက်ပွဲပိုဖြစ်လိမ့်မယ်။” လို့ ကရင်နီပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒု – ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

ယခု ဩဂုတ်လ ၄ ရက်နေ့ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဒီးမော့ဆိုမြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားနေသလို ဖားဆောင်းမြို့နယ်မှာလည်း ခလရ ၁၃၅ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာလိုက်ရတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီကနေ သိရှိရပါတယ်။

အရပ်သားတွေကို ပိုမိုပစ်မှတ်ထားလာတဲ့ လေကြောင်းတိုက်ခိုက်မှု

ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ ထုတ်ပြန်ချက်တွေထွက်လာတဲ့ ယခုဩဂုတ်လမှာပဲ စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိ ပြုလုပ်ထားပါတယ်။

အရပ်သား ၃၂ ဦးသေဆုံးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ ၁၆ကုန်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့မြင်ကွင်း ( ဓါတ်ပုံ – CJ )

ဩဂုတ်လ ၁၇ ရက်နေ့က နေရာနှစ်ခုကို လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၃၂ ဦး ထိမှန်သေဆုံးခဲ့ပါတယ်။ မော်ချီးဒေသကို ဒေသခံတွေအပြင် တခြားမြို့နယ်အသီးသီးက လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ ရွေ့ပြောင်းလုပ်သားအများဆုံး ရှိတာဖြစ်ပြီး စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်တဲ့ နေရာဟာ အရပ်သားတွေ နေထိုင်တာ ဖြစ်ပါတယ်။

“ မရှောင်လို့လည်း မရတော့ဘူးလေ။ လေယာဉ်ကြဲတဲ့နေရာတွေက ကျမတို့နေတဲ့ နေရာအနီးတင်ဆိုတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိတော့ဘူး အသံကြားတိုင်း စိုးရိမ်နေရတယ်။ ယခုတခါပါဆိုရင် ၃ကြိမ် ရွေ့ပြီး နေရတယ်။”လို့ မော်ချီးဒေသက အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ကတော့ ရွေးကောက်ပွဲအတွက် လူထုအပေါ်မှာ ပုံစံမျိုးစံ နဲ့ ဖိအားပေးလာမှာ ဖြစ်သလို လူမှုစီးပွားပျက်သုန်းအောင် လုပ်ဆောင်နေတယ်လို့ IEC က တုန့်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မော်ချီးဒေသမှာ အလုပ်လုပ်ကိုင်ကြတဲ့ ရွေ့ပြောင်းလုပ်သားတချို့လည်း မိမိတို့ရဲ့ သက်ဆိုင်ရာ နေရပ်ကို ပြန်တာ များပြားလာပါတယ်။

ရွေးကောက်ပွဲအတွက် စစ်ကော်မရှင်က ဒေသခံတွေကို နေရပ်ပြန်ဖို့ သွယ်ဝိုက်စည်းရုံးနေ

ရွေးကောက်ပွဲ အပိုင်း(၁)အတွက် တခြားမြို့နယ်အသီးသီးမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ မြို့ပေါ် လူထုတွေကို အရပ်သားအချင်းချင်း တဆင့်စကား တဆင့်ကနေ နေရပ်ပြန်လာဖို့ ခေါ်နေတယ်လို့ ဒီးမော့ဆိုမှာ စစ်ရှောင်နေတဲ့ လွိုင်ကော်မြို့ခံ စစ်ဘေးတိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ပြန်လာလို့ရတယ်လို့ ပြောတယ်။ အရင်ပြန်တဲ့သူတွေက အသိမိတ်ဆွေတွေ ဘုန်းကြီးကျောင်းတွေမှာ စုနေတဲ့သူတွေလည်း ရှိတယ်။ ကျမတို့တော့ မပြန်ရဲပါဘူး အခြေအနေက အမျိုးမျိုး ဖြစ်လာနိုင်တယ်လေ။” လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အလိုမရှိဘူးလို့လည်း အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာတော့ နေ့စဉ်ပုံမှန်လှုပ်ရှားနေတဲ့ ဈေးရောင်းဈေးဝယ်တာ ၊ လမ်းမကြီးပြုပြင်တာ ၊ စိတ်အပန်းဖြေဖို့ လည်ပတ်စရာအဖြစ် မြို့ပတ်လမ်းတွေမှာ ရှုခင်းလှပအောင် ပြင်ဆင်တာ ၊ ခရီးသွားယာဉ်လိုင်း ပုံမှန်ပြေးဆွဲတာ၊ ဖုန်းလိုင်းဆက်သွယ်ရေးပြန်ရတာတွေက တခြားနေရာတွေမှာ ရောက်ရှိနေတဲ့ မြို့ခံလူထုတွေကို နေရပ်ပြန်လာဖို့ သွယ်ဝိုက်တဲ့နည်းတဲ့ စစ်ကော်မရှင်က ဆွဲဆောင်စည်းရုံးနေတယ်လို့ မြို့ခံ လူငယ်တစ်ဦးက သုံးသပ်ပါတယ်။

“ဒါကတော့ ပြန်လာအောင် ဆွယ်တယ်လို့ပဲ ယူဆတယ်ပေါ့နော။ ဘာလို့လဲဆို နောင်ယားကန်လမ်းတွေ ပြင်တယ်၊ ကန်ပတ်လမ်းတွေ ပြင်တယ်။ Bar (ဘား) လည်းရှိတယ် ည ၁၀ နာရီအထိလည်း သွားလာလို့ရနေတယ်ပေါ့။ ခုအခြေနေက အဲ့လိုဖြစ်နေပြီ။”လို့ အထက်ပါမြို့ခံလူငယ်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်အုပ်ချုပ်ရေးလက်အောက်ရှိတဲ့ လွိုင်ကော်မြို့ပြင်က ကျေးရွာတချို့မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ လူဦးရေသန်းခေါင်စာရင်း လာကောက်ယူတာ၊ ကျေးရွာအနီးအနားမှာ အပြင်လူ သူစိမ်းလာရင် အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားခိုင်းတာ ပြုလုပ်နေတယ်လို့ လွိုင်ကော်မြို့နယ် ဒေသခံ လူငယ်တစ်ဦးက အခုလိုပြောပါတယ်။

“ရွာထဲ တခါတလေ စစ်ကြောင်းလှည့်တာရှိတယ်။ ပြီးခဲ့တဲ့လ ကပဲ လူဦးရေစာရင်းကောက်တာ ရှိတယ်။ တစ်အိမ်ထောင်မှာ ကျား၊ မ ဘယ်နဦးရှိလဲ စစ်ရှောင်ဆိုရင်လည်း စစ်ရှောင်စာရင်းက သီးသန့်ပေးရတယ်။ သူစိမ်းလာရင်အကြောင်းကြားခိုင်းတယ်။ အခုက သူတို့ (စစ်ကော်မရှင်) လက်ထဲမှာပါပဲ။” လို့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး လွိုင်ကော်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူလူထု ဆန္ဒမပါပဲ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကော်မရှင် အုပ်စုကို အတွေးအခေါ်အရ ဖြစ်စေ ၊ ကိုယ်ဟန်အရ ဖြစ်စေ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ ကယန်းအမျိုးသား တပ်မတော် (KNA) က ဩဂုတ်လ (၂၀) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်သင့်မခံကြောင်းနဲ့ တုန့်ပြန်ဆောင်ရွက်သွားမယ် လို့လည်း တော်လှန်ရေးအင်အားစုတွေက တုန့်ပြန်ထားသလို ဒေသခံပြည်သူအများစုကလည်း အလိုမရှိကြပါဘူး။

“မြေပြင်မှာတုန့်ပြန်မှာကိုတော့ အသေးစိတ်ပြောရခက်တယ် ပြောလည်းမပြောသင့်ဘူးပေါ့နော လက်ရှိစစ်ရေးအခြေအနေအရ။ နိုင်ငံရေးရပ်တည်ချက်ကတော့ ရှင်းတယ် ဒါကိုလက်ခံမှာမဟုတ်ဘူးလို့ ပြောပြီးသားဖြစ်ပါတယ်။”လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ