ကန္တာရဝတီတိုင်း ( မ် )
လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း(၁) အတွက် မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း (၆၀) ခွင့်ပြုကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
မဲဆွယ်စည်းရုံးရေးကာလကို အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၆ရက်နေ့အထိ ရက်ပေါင်း (၆၀) ခွင့်ပြုထားတာပါ။
စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာ ၊ မဲဆွယ်စည်းရုံးတာကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဌာန်းချက်တွေအတိုင်း ဆောင်ရွက်သွားဖို့ သတ်မှတ်ထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ ရွေးကောက်ပွဲအပိုင်း(၁) မှာ ပြုလုပ်သွားမယ့် မြို့နယ်ပေါင်း (၁၀၂) မြို့ ရှိပြီး ကရင်နီပြည်က စစ်ကော်မရှင်တပ် ထိန်းချုပ် ထားတဲ့ လွိုင်ကော် နဲ့ ဘောလခဲမြို့နယ် ပါဝင်ပါတယ်။
စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေ နဲ့ လူငယ်အစုအဖွဲ့တွေက လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်က ရွေးကောက်ပွဲပြုလုပ်မယ့် မြို့ ၂ မြို့နယ်အတွင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ကရင်နီပြည်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီစာရင်းတွေကို အတိအကျမသိရသေးပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်အရွေးကောက်ခံမယ့် နိုင်ငံရေးပါတီတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ စတဲ့ ပါတီ ၆ ခုက စာရင်းသွင်းထားပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅၁ ပါတီ နဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပါဝင်တယ်လို့ UEC စာရင်းအရ သိရပါတယ်။