ကန္တာရဝတီတိုင်း ( မ် )
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ဆောင်ရွက်ခဲ့စဉ် ကရင်နီပြည်၊ ဘောလခဲမြို့မှာ မဲစာရင်းအမှားပါနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဘောလခဲမြို့ပေါ်ကနေ တိမ်းရှောင်လာတဲ့ ဒေသခံတစ်ဦးက မြို့တွင်းမှာကျန်ခဲ့တဲ့ ဒေသခံတွေကို ဆက်သွယ်ကြည့်ရာမှာ လူပုဂ္ဂိုလ်မရှိပေမယ့် အမည်နာမသာ ကျန်ခဲ့တဲ့ မဲဆန္ဒရှင်တွေပါနေတယ်လို့ ဆိုပါတယ်။
ဘောလခဲမြို့ထဲမှာ ဒေသခံ ၂၀၀ ဝန်းကျင်သာ ကျန်ရှိနေပြီး ဌာနဆိုင်ရာဝန်ထမ်းအနည်းငယ်၊ အရပ်သားတချို့နဲ့ စစ်ကော်မရှင်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတွေသာ ကျန်ရှိတော့တယ်လို့ အဆိုပါ တိမ်းရှောင်လာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြို့ထဲမှာက အင်တာနက်လဲမရ ဖုန်းလိုင်းကလဲသိပ်အဆင်မပြေတော့ သတင်းသိရဖို့က ခက်ခဲတာပေါ့။ မြို့ထဲကြားရသလောက်တော့ မဲစာရင်းတွေ ကပ်ထားတယ် မဲစာရင်းလာကြည့်ခိုင်းတယ်။ ကိုယ်စားလှယ်လောင်း ဘယ်သူမှန်းတောင် မသိကြရသေးဘူးလို့ ကြားသိရတာပေါ့” လို့ အဆိုပါဒေသခံက ပြောပါတယ်။
အလားတူပဲ နိုင်ငံတစ်ဝှမ်း မဲစာရင်းကြေညာရာမှာ သေဆုံးသူနာမည်တွေပါနေတာ၊ အမည်တွေ ထပ်နေတာတွေလည်း ရှိတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက မီဒီယာတွေကို ဖြေကြားကြပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းစိုးကတော့ မဲစာရင်းပြုစုရာမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့ကနေ ရရှိတဲ့ စာရင်းအပေါ် အခြေခံပြီး Software (နည်းပညာ) အသုံးပြုကာ တိုက်ဆိုင်စစ်ဆေး ပြုစုတယ်လို့ ဆိုထားပါတယ်။
မဲစာရင်းဆိုင်ရာကိစ္စတွေနဲ့ စပ်လျဥ်းပြီး မဲဆန္ဒနယ်အသီးသီးမှာ စုံစမ်းမေးမြန်းခြင်းပြုလုပ်ဖို့ တာဝန်ခံဖြေကြားပေးမယ့် ဆက်သွယ်ရေးလိုင်းတွေကို ဖွင့်လှစ်ပေးထားပေမဲ့ တခြားအနှောက်ယှက်ပေးပြီး ဆက်သွယ်လာတဲ့ ဖုန်းနံပါတ်ကို မှတ်တမ်းတင်ကာ ဖုန်းဆင်းမ်ကတ် ပိတ်သွားမှာဖြစ်ကြောင်းကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။





