ကန္တာရဝတီတိုင်း(မ်)
မလေးရှားနိုင်ငံ Damamsara မြို့နယ်အတွင်းက လုပ်ငန်းခွင်တစ်ခုမှာ တိုက်ပေါ်ကနေ မတော်တဆ ပြုတ်ကျတဲ့ ဖြစ်ရပ်ကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ဘီယာကျေးရွာက လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် ဟင်နရီ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ မတော်တဆ ဖြစ်ပွားခဲ့တာပါ။

“ကျနော်တွေ့ခဲ့သလောက် မြင်သလောက်က ဒီဖြစ်ခဲ့တဲ့ အရာတစ်ခုက ပထမ တစ်ခုက safety ကြိုး ဆိုတဲ့ အရာတစ်ခုက အဲ့နေ့အဲ့ရက်မှာ သူမသုံးမိဘူးပေါ့နော်။ အဲ့ဒီ ဖြစ်သွားတဲ့ မတော်တဆက သံချောင်းပေါ့။ ပိုက်လုံး နဲ့ ညှပ်စင်ရဲ့ ခြေထောက်ပေါ့နော် အဲ့ညှပ်စင်ခြေထောက်ကို ဘယ်ဖက်နဲ့ ညာဖက်နဲ့ တစ်ခုထားထားတာ အဲ့တာ အခိုင်အမာလုပ်ထားတယ်လို့ ကျနော်ထင်ပါတယ်။ အဲ့ သံချပ်တစ်ခု ခင်းထားပြီးတော့ အဲ့အပေါ်တက်ပြီးတော့ မတော်တဆ အဲ့လို ကျသွားတာ ဖြစ်နိုင်ပါတယ်။ “ လို့ မတော်တဆဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့တဲ့ အမျိုးသား တစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
အဆိုပါ ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိခဲ့သူဟာ ဟင်နရီ နဲ့ ညီအစ်ကို တစ်ဝမ်းကွဲ တော်စပ်သူ ဖြစ်ပါတယ်။၂၃ ထပ်ရှိတဲ့ တိုက်အဆောက်အအုံရဲ့ လုပ်ငန်းခွင်တစ်ခုမှာ ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်နေပြီး မတော်တဆဖြစ်စဥ်မှာတော့ တိုက် ၁၄ ထပ်ကနေ ၁၁ ထပ် အထိ ပြုတ်ကျကာ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ အခြားသော လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ ရှေ့ဆက် သတိရှိရှိနဲ့ အလုပ်လုပ်ကိုင်ကြဖို့ကိုလည်း သူက ဖြည့်စွက်ပြောဆိုထားပါတယ်။
ဟင်နရီဟာ ပြင်ပနိုင်ငံမှာ တရားဝင် အထောက်အထားတွေနဲ့ သွားလာ နေထိုင်၊ လုပ်ကိုင်နေသူ တစ်ဦးဖြစ်တာကြောင့် အခုလို သေဆုံးခဲ့တဲ့အပေါ် လုပ်ငန်းရှင်အနေနဲ့ တာဝန်ယူဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဟင်နရီရဲ့ အစ်ကိုဝမ်းကွဲ ဖြစ်သူက ဆိုပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် လူငယ်တွေဟာ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ကြရတဲ့ အခြေအနေမှာ လုပ်ငန်းခွင်အတွင်း မတော်တဆ သေဆုံးမှုအပေါ် မြန်မာလုပ်သား တစ်ဦးကလည်း အခုလို ပြောပါတယ်။
“ကျနော်တို့ နိုင်ငံမှာ စစ်ဘေးဒဏ်အမျိုးမျိုးကြောင့် ဒုက္ခရောက်ပြီးတော့ မိသားစု စားဝတ်နေရေး အဆင်ပြေဖို့ရန်အတွက် နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နေကြတဲ့ သူတွေအနေနဲ့ ဒီလိုမျိုး ဖြစ်သွားတာ အင်မတန်မှာ စိတ်မကောင်း ဖြစ်ရပါတယ်။” လို့ သူက ဆိုပါတယ်။
ဟင်နရီ ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ Semenyih Christian Cemetery မှာ မြေမြုပ်သဂြိုလ်သွားမယ်လို့လည်း မလေးရှားရောက် ကရင်နီလူငယ် အဖွဲ့ဆီကနေ သိရပါတယ်။





