ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်ရပ်ကွက်ရုံးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကနေ ဦးဆောင်ပြီး ဆန် ၊ ဆီ ပေးဝေ ကာ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ မဲဆွယ်စည်းရုံးရေး မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) ဝင်တချို့လည်း ပါဝင်ပြီး USDP ပါတီက ဦးဆောင်ပြောဆိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆန် ၊ ဆီ ပေးဝေတာအပြင် ရွေးကောက်ပွဲအတွက် မဲထည့်ချိန် အသုံးပြုရမယ့် မဲပေးစက်အကြောင်းရှင်းပြတာ ၊ လက်ကမ်းစာစောင် ပေးဝေတာလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ရပ်ကွက်ရုံးကနေ မိုက်နဲ့ အော်နေတာ ဆန်အထုပ်သေး တစ်ထုပ်ရယ် ၊ ဆီ က ၅၀ သားဗူး နဲ့ဝေပေးနေတယ်။ ဒါပေမဲ့ သူ့ကိုအရင်ပေးတယ် ငါ့ကိုအရင်ပေးတယ် ၊ သူမရလို့ ငါမရလို့ဆိုပြီး ရပ်ကွက် က လူတွေစကားများနေတာ တွေ့ခဲ့တယ်” လို့ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြို့တွင်းက လမ်းဆုံလမ်းခွ ၊ တောင်ဈေး ၊ ကြည်သာယာ လမ်းမဘေးမှာ USDP က ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းပုံ ဆိုင်းဘုတ်တွေနဲ့ မဲဆွယ်ရေးအတွက် ထောင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
USDP ပါတီဟာ နှစ်ရှည်ရပ်တည်လာတဲ့ ပါတီတခုဖြစ်တာကြောင့် ယခုနှစ်ရွေးကောက်ပွဲအတွက် မဲပေးသင့်ကြောင်းလည်း မဲဆွယ်စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က နှစ်ရှည် ပါတီတစ်ခုဖြစ်ကြောင်း ၊ အချို့ပါတီတွေဆို မရှိတော့ကြောင်း ဒါကြောင့် သူတို့ကို မဲပေးသင့်ကြောင်းနဲ့ မဲခလုတ်ကို နှိပ် ရမယ့် ပုံစံတွေပြောသွားတာပါ။” လို့ မြို့ခံတစ်ဦးကလည်း ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း (၆၀) ခွင့်ပြုထားပါတယ်။
စစ်ကော်မရှင်က ကရင်နီပြည်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ မြို့နယ်တွေမှာ ဝင်ရောက်ရွေးကောက်ခံမယ့် နိုင်ငံရေးပါတီတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP ) နဲ့ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) စတဲ့ ပါတီ ၄ ခုရှိပြီး ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်း (၈၇) ဦး ရှိပါတယ်။
လွိုင်ကော်မြို့တွင်းမှာတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ( ၁ ) အတွက် နိုဝင်ဘာလ ဒုတိပတ်ကစပြီး မဲဆွယ်စည်းရုံးရေး စတင်နေပြီဖြစ်ပါတယ်။




