spot_img
29.1 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းဖယ်ခုံအရှေ့ဖက်ကမ်းမှာ စစ်ကော်မရှင်တပ်သားတွေရဲ့ ခွင့်ပြုချက်ရယူပြီး စပါး ရိတ်သိမ်းနေရ

ဖယ်ခုံအရှေ့ဖက်ကမ်းမှာ စစ်ကော်မရှင်တပ်သားတွေရဲ့ ခွင့်ပြုချက်ရယူပြီး စပါး ရိတ်သိမ်းနေရ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်း ကျေးရွာက လူထုတချို့ဟာ ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကော်မရှင်နဲ့ PNO တပ်သားတွေထံ ခွင့်ပြုချက်ရယူပြီး စိုက်ပျိုးထားတဲ့ စပါးတွေကို ပြန်လည် ရိတ်သိမ်းနေရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျနော် သိရသလောက်တော့ ရွာသားတချို့တော့ ရွာမှာ တပ်စွဲပြီးနေနေတဲ့ စစ်သားတွေဆီက ခွင့်ပြုချက် တောင်းပြီး ပြန်ရိတ်သိမ်း ကြတာတော့ ရှိတယ် အနည်းစုပေါ့လေ။”လို့ ဒေသခံ အမျိုးသား တစ်ဦးက ဆိုပါတယ်။

အဲ့ဒီ လူထုတွေဟာ စစ်ကော်မရှင်နဲ့ PNO တို့ရဲ့ ထိုးစစ်တွေကြောင့် တိမ်းရှောင်နေရပြီး ယခု ရိတ်သိမ်းချိန်ကာလမှာတော့ စိုက်ပျိုးထားတဲ့ စပါးတွေကို စားဝတ်နေရေးအတွက် ပြန်လည်ရိတ်သိမ်းချင်နေကြတာပါ။ ရွာအနီးအနားမှာ စပါးရိတ်သိမ်းရမှာဖြစ်တာကြောင့် လက်နက်ကြီး၊ ဒရန်းနဲ့ဗုံးကြဲပစ်ခတ်မှာ စိုးရိမ်ကြတာကြောင့် ရွာခံတွေက စစ်ကော်မရှင်တပ်သားတွေထံ ခွင့်တောင်းပြီး ရိတ်သိမ်းနေရတယ်လို့ ဆိုပါတယ်။

အခုလို ခွင့်ပြုချက်တောင်းပြီး ရိတ်သိမ်းကြပေမယ့် အဆင်ပြေမှုမရှိဘူးလို့ အဆိုပါ ဒေသခံအမျိုးသား တစ်ဦးက အခုလို ဆက်ပြောပါတယ်။

“ပြန်ရိတ်တာက အဆင်မပြေဘူး။ သူတို့က အချိန်မရွေး မောင်းပြန်တာ ခဏခနကြားရတယ်။ လွတ်လွတ်လပ်လပ် မလုပ်ရဘူး။”လို့ သူက ဆိုပါတယ်။

ခွင့်ပြုချက်နဲ့ ပြန်လာ ရိတ်သိမ်းကြတဲ့ ရွာခံတချို့သာရှိပြီး တချို့မှာလည်း လုံခြုံရေးအခြေအနေကြောင့် ပြန်မလာကြဘူးလို့ ဆိုပါတယ်။

“ခွင့်ပြုချက်တောင်းပြီး ပြန်ရိတ်တာတော့ ကြားတယ်။ ကျနော်တော့ မပြန်ဖူးဘူး။ ကျနော့် လယ်တွေတော့ရှိတာပဲ။ လုံခြုံရေး အဆင်မပြေမှာစိုးလို့ မပြန်ရဲဘူး။”လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ရှောင်နေရတာကြောင့် စပါးပင်ကို သေချာမကြည့်နိုင်တဲ့အတွက် သီးနှံအထွက်နှုန်းလျော့တာ၊ အပင်မသန်တာတွေ ကြုံတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ် စစ်ကြောင်းထိုးလာပြီးနောက် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာအများစုက တိမ်းရှောင်ခဲ့ကြပြီး ဇူလိုင်လအတွင်းမှာတော့ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။ လက်ရှိမှာတော့ ဒေသခံအများစုက လုံခြုံရေးအခြေအနေကြောင့် နေရပ်ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ