ကန္တာရဝတီတိုင်း(မ်)
“ဒီတော်လှန်ရေးကိုတော့ တရာရာခိုင်နှုန်းယုံကြည်ထားတာပေါ့နော်။ အောင်မယ်လို့တော့ ယုံကြည်တယ်။ အဲ့ဒါကြောင့်မို့ လူငယ် တယောက်အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ အရည်အချင်း အကုန်လုံးကို ထုတ်ပြပြီးတော့ လုပ်ဆောင်နေတယ်” လို့ အသက် နှစ်ဆယ်ဝန်းကျင်သာရှိသေးတဲ့ ခူးမီရယ် က ပြောပါတယ်။
သူ့စကားတွေမှာ တော်လှန်ရေးအပေါ်ထားတဲ့ သူ့ရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်တွေကို ခံစားနားလည် နိုင်ပါတယ်။
သူဟာ လက်ရှိ ကရင်နီပြည်တွင်းမှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ထုတ်နေတဲ့ တော်လှန် တပ်ဖွဲ့တွေထဲက တဖွဲ့ဖြစ်တဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဒရုန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေပါတယ်။
နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်ကို သုတ်သင်ရှင်းလင်းနိုင်ဖို့အတွက် သူ တတ်မြောက်ထားတဲ့ ဒရုန်းပညာရပ်တွေနဲ့ ရန်သူကို အကောင်းဆုံး ဘယ်လို ချေမှုန်းနိုင်မလဲဆိုတာကို အမြဲတွေးတောနေပါတယ်။
တိုက်ပွဲ တပွဲပြီးသွားတိုင်း နောက်ထပ် လာမယ့် တိုက်ပွဲတွေမှာ ဘယ်လို အကောင်းဆုံး လုပ်ဆောင်ရမလဲ ဆိုတာကို အမြဲတွက်ချက်နေပြီး တိုက်ပွဲတပွဲအတွင်း ကြုံတွေ့ခဲ့တဲ့ စိန်ခေါ်မှုတွေကို ပြန်လည် သုံးသပ်နေတတ်ပါတယ်။
“အခု ကျနော် ဒရုန်းတပ်သား တယောက်အနေနဲ့ ကျနော် အရင်ဒရုန်းတွေထက်ပိုကောင်းအောင် ကြိုးစားပြီးလုပ်နေတယ်။ ဆိုတော့ အသေးအမွှား ကအစ ပိုကောင်းအောင် လုပ်ဆောင်ထားတာတွေ ရှိတယ်။ ပြီးတော့ အရင်ထက် ပိုကောင်းတဲ့ နည်းပညာမျိုးနဲ့ ဘယ်လိုပြန်လာမလဲဆိုတဲ့ လုပ်ရပ်မျိုးနဲ့ ကြိုးစား ဆက်လက်လုပ်ဆောင်နေတယ်။ အရင် တိုက်ပွဲ အခြေအနေကို ကြည့်ပြီးတော့ အဲ့ထက်ပိုကောင်းအောင် သူတို့ရဲ့ အခြေအနေထက်ပိုကောင်းအောင် ကျနော်တို့ လုပ်ဆောင် နိုင်သမျှ လုပ်ဆောင်နေတယ်” လို့ ခူးမီရယ်က ပြောပါတယ်။
စစ်ကောင်စီကို တိုက်ခိုက်တွန်းလှန်တဲ့ တိုက်ပွဲတွေမှာ ခေတ်စနစ်နဲ့ လိုက်လျောညီထွေပြီး နည်းပညာမြင့်တဲ့ ဒရုန်းစစ်ဆင်ရေးတွေက တိုက်ပွဲတွေမှာ အထူးအရေးပါ ပါတယ်။
ခူးမီရယ်ဟာ စစ်တပ် အာဏာမသိမ်းယူခင်မှာတော့ ရှမ်း-ကယား နပ်စပ် တနေရာမှာ ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်း တကျောင်းမှာ သူ့ရဲ့ ရည်မှန်းချက်တွေ ၊ မျှော်မှန်းချက်တွေ ၊ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားနေခဲ့သူပါ။

သူကတော့ အဆင်ပြေချောမွေ့ပြီး လိုတရ နေတဲ့ မိသားစုကနေ ဆင်းသက်လာတာတော့ မဟုတ်ပါဘူး။ ဘိုးဘွားလက်ထက်မှာကတည်းက အစဉ်တစိုက် လယ်ယာ လုပ်ငန်းကို လုပ်ကိုင်လာခဲ့ကြတဲ့ မိဘ နှစ်ဦး ကနေ မွေးဖွားလာသူပါ။
ဒါ့ကြောင့်လည်း နေပူ မရှောင် မိုးရွာ မရှောင် သားသမီးစားဝတ်နေရေးအတွက် လယ်ယာထဲဆင်းရတဲ့ မိဘတွေအပြင်၊ ဆင်းရဲသား ဆွေးမျိုးသားချင်းတွေ၊ ဒုက္ခရောက်နေကြတဲ့ အများပြည်သူတွေကို ကူညီနိုင်ဖို့အတွက် ဆရာဝန်တဦး ဖြစ်ချင်ခဲ့ပါတယ်။ ဆရာဝန်တဦး ဖြစ်လာနိုင်ဖို့အတွက် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဖြေဆိုဖို့ ကြိုးစားနေချိန်မှာပဲ သူ့ရဲ့ အိပ်မက်တွေဟာ အာဏာရူးတဲ့ လူတစုရဲ့ ရိုက်ချိုးခြင်းကို ခံခဲ့ရတာပါ။
“ကျနော် ကျောင်းတက်တဲ့ချိန်မှာကတော့ ကျနော် တော်တော်လေးကြိုးစားခဲ့ ရတယ်။ ကျောင်းစာပိုင်းမှာပေါ့နော။ ဆရာဝန်တယောက်ဖြစ်ဖို့ဆိုလည်း တော်ရုံတန်ရုံ အရည်အချင်းနဲ့ တော့မရဘူးလေ။ တော်တော်လေးကြိုးစားလိုက်ရတယ်။ ပြီးတော့ အဲ့ ဆရာဝန်ဖြစ်ခဲ့ရင် ကျနော့် ရဲ့ ဆွေမျိုးမိဘ၊ ပြည်သူလူထုတွေကို တနည်းနဲ့ ကူညီရာ ရောက်မယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုတဲ့အတိုင်း အဲလိုဆရာဝန်ပုံစံနဲ့ ဖြစ်ချင်ခဲ့တာ”လို့ ခူးမီရယ်က ပြောပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းယူမှုကို စတင်ကြားသိလိုက်ချိန်မှာ သူ့ရဲ့ မသိစိတ်က ဒါဟာ မတရားမှု ဖြစ်တယ်ဆိုတဲ့အသိက အာဏာရှင်ကို တွန်းလှန်ဖို့ တွန်းအားပေးစေခဲ့ပါတယ်။ ဒီမတရားမှုကို တော်လှန်နိုင်ဖို့ ဆိုတဲ့အသိက သူ့ရဲ့ အိပ်မက်ကို စွန့်လွှတ်စေခဲ့ပါတယ်။
အနာဂတ် ပြည်ထောင်စုကြီး ပြန်လည်တောက်ပ နိုင်ဖို့ ရှိရှိသမျှ လူငယ်တွေ အုံကြွလာတဲ့ အချိန်မှာတော့ ခူးမီရယ် တယောက်လည်း ပါဝင်လာခဲ့တာပါ။
“ဒီတော်လှန်လမ်းစဉ်ကို ရွေးချယ်လိုက်လို့လည်း ကျနော် နောင်တရလားဆိုတော့ မရဘူး။ ဘာလို့လဲဆိုတော့ ကျနော် တို့မှမလုပ်ရင် နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် အိပ်မက်တွေက ကျနော်တို့ထက် ပိုပျက်စီးသွားမှာစိုးလို့။ အဲတာကြောင့် တော်လှန်ရေးလမ်းစဉ်ကိုရွေးချယ်လိုက်တယ်” လို့ ခူးမီရယ်က ပြောပါတယ်။
မတရားမှုကို မလိုလားတဲ့ ဒီလိုလူငယ်တွေအတွက် နောင်တ ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ တော်လှန်ရေး အချိန်ကာလ ကြာမြင့်လာတဲ့အချိန်မှာတော့ စစ်ပန်းလာတာတွေ ဖြစ်ကုန်ကြပါတယ်။ ခင်မင်ရင်းနှီးသူတွေနဲ့ ဝေးကွာကုန်ကြရတယ်။ မိသားစုတွေ တကွဲ တပြား ဖြစ်ကုန်ကြတယ်။
မသိတဲ့သူတွေနဲ့ သိကျွမ်းခွင့်ရသလို၊ တချို့တွေနဲ့လည်း တော်လှန်ရေးကာလမှာ သွေးသောက် ညီအကိုတွေ ဖြစ်ခဲ့ကြပြီး အနာဂတ်အိပ်မက် လျှောက်လမ်းပေါ်ကို ရောက်နိုင်ဖို့ စစ်အာဏာရှင်ကို အတူတူတိုက်ရင်း သေကွဲကွဲပြီး ခွဲခွာကြရသူတွေလည်း ရှိပါတယ်။
အမှောင်မိုက်ဆုံး ညလယ်တွေကို အတူတူဖြတ်သန်းရင်း မျက်ရည်တွေ ကျခဲ့ကြတယ်။ တခါတလေမှာ စိတ်ဓာတ်တွေက အောက်ဆုံးကို ထိုးဆင်းသွားတဲ့ အချိန်တွေ ရှိတတ်ကြပါတယ်။
ခူးမီရယ် တယောက်မှာလည်း ဒီလို အချိန်တွေနဲ့ ကြုံခဲ့ရဖူးသူ တဦးပါ။၂၀၂၅ ခုနှစ်အတွင်း ဘောလခဲတိုက်ပွဲအတွင်းမှာပဲ ခူးမီရယ် ရဲ့အရင်းနှီးဆုံး ရဲဘော်ရဲဘက် တဦးဟာလည်း သူ့ရဲ့ မျက်စိရှေ့မှာတင် ကျဆုံးသွားခဲ့တာကိုမြင်တွေ့ခဲ့ရတာပါ။ ဒီဖြစ်စဉ်ကြောင့် သူ့ရဲ့ စိတ်ဓာတ်ကို အောက်ဆုံးထိ ထိုးကျစေခဲ့ပေမဲ့လည်း တဖက်မှာ နာကျည်းတဲ့စိတ်နဲ့ ပြန်လည်နိုးထလာစေခဲ့ပါတယ်။
“အမှတ်ရဆုံးနဲ့ မေ့မရဆုံးတိုက်ပွဲဆိုရင်တော့ ဘောလခဲတိုက်ပွဲပေါ့နော်။ ဘာလို့လဲဆိုတော့ ကိုယ့်မျက်စိ ရှေ့မှာ သူငယ်ချင်းကျဖူးတာပေါ့နော်။ ကိုယ်တိုင်ထမ်းဖူးရတာပေါ့နော်။ အဲ့ဒါကြောင့် အဲ့တိုက်ပွဲက တော်တော်လေး မေ့မရဘူးပေါ့နော် အခုထိပေါ့” လို့ ခူးမီရယ်က ပြောပါတယ်။

ဒီလို စိတ်ဓာတ်ကျစရာတွေ ၊ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ဒီတော်လှန်ရေး ကာလမှာတော့ ခူးမီရယ်လို တက်ကြွပြီး အနာဂတ်ပြည်နယ်သာယာလှပဖို့အတွက် စွန့်လွှတ်အနစ်နာခံကြတဲ့ လူငယ်တွေ ရာထောင်ချီမက ရှိနေပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်ဟာ လက်ရှိလူငယ်တွေရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေ ၊ လူသားမဆန်တဲ့ လုပ်ရပ်တွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ တနိုင်ငံလုံးမှာ ရှိတဲ့ လူငယ်တွေကို အုံကြွ လာစေခဲ့တာပါ။ လက်ရှိမှာတော့ စစ်အာဏာရှင်ကို တော်လှန်ရင်း တချို့သောလူငယ်တွေဟာ မြေစာပင်တွေ ဖြစ်ခဲ့ ရပေမဲ့လည်း ဒီမြေစာပင်တွေကနေဘဲ မြေဩဇာ အဖြစ်ပြောင်းလဲကာ တော်လှန်ပင်တွေကို ဆက်လက်ကြံ့ခိုင်နေဆဲပါပဲ….။




