spot_img
Homeသတင်းဓာတုသွင်းအားစုထက် သဘာဝအရင်းအမြစ်တွေကို ပိုမိုအသုံးပြုစိုက်ပျိုးကြဖို့ IEC တိုက်တွန်း

ဓာတုသွင်းအားစုထက် သဘာဝအရင်းအမြစ်တွေကို ပိုမိုအသုံးပြုစိုက်ပျိုးကြဖို့ IEC တိုက်တွန်း

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်းမှာ စိုက်ပျိုးရေး လုပ်ကိုင်နေကြတဲ့ ဒေသခံတွေ ၊ စစ်ရှောင်တောင်သူတွေကို ဓာတုသွင်းအားစုထက် သဘာဝအရင်းအမြစ်တွေကို ပိုမိုအသုံးပြုစိုက်ပျိုးကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဌာန က တိုက်တွန်းပါတယ်။

ဓာတုသွင်းအားစုတွေကို လွန်ကဲစွာ အသုံးပြုနေခြင်းက ရေရှည်မှာ လူသားတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတာကြောင့် မိမိပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝမြေဩဇာ အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချကြဖို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဌာန ၊ ဒု – ဌာနမှူး (၁) ကိုတင့်ဆွေက အခုလို တိုက်တွန်း ပြောဆိုပါတယ်။

“ဓာတု ဆိုတာက ကျနော်တို့ စိုက်ပျိုးမြေကြီး ၊ သဘာဝပတ်ဝန်းကျင် ဇီဝမျိုးကွဲစုံ အစားအစာနှင့် ကျန်းမာရေး အတွက် အင်မတန်မှ ဆိုးကျိုး ဖြစ်စေတဲ့အရာပါ။ ဒါကြောင့် ကျနော်တို့ တောင်သူတွေ ဓာတုအင်အားစုတွေ စျေးနှုန်းကြီးမြင့်မှုကို မကြောက်ပါနဲ့။ အကျိုးရှိရှိ ရေရှည်တည်တံ့စွာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ဆိုရင် သဘာဝ အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချခြင်းက ဓာတုဓာတ်မြေဩဇာ /ဆေးတွေထက် အများကြီးသာတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝအရင်းအမြစ်တွေကို ကောင်းကောင်း အသုံးချပြီး စိုက်ပျိုးကြဖို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုတယ်”လို့ ကိုတင့်ဆွေက ပြောပါတယ်။

ဓာတုဓာတ်မြေဩဇာ နှစ်စဉ်အသုံးပြုထားတဲ့ စိုက်ခင်းတွေကို သဘာဝနည်းအတိုင်း ပြန်လည်အသုံးပြုပါက စိုက်ပျိုးရေးကုန်ကျစရိတ်ကို လျှော့ချနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ယခုနှစ် စိုက်ပျိုးရာသီမှာတော့ ဓာတုဓာတ်မြေဩဇာ ဈေးနှုန်း ၁ အိတ်ကို ၁ သိန်းခွဲဝန်းကျင် အထိ ပေါက်ဈေးရှိပါတယ်။

ဓာတုသွင်းအားစုကို နှစ်စဉ်အသုံးပြုလာတဲ့ စိုက်ခင်းတွေမှာ ဓာတုဓာတ်မြေဩဇာကို အသုံးမပြုတော့ရင် အထွက်နှုန်းမရှိတာ၊ အထွက်နှုန်းကျလာတာကို ကြုံရနိုင်တယ်လို့ ဒေသခံ တောင်သူအမျိုးသားတဦးက အခုလိုပြောပါတယ်။

“အခု ကျနော်တို့ စိုက်ပျိုးရေး ပြုလုပ်ကြတဲ့ အခြေအနေကတော့ မြေဩဇာတွေ မကျွေးနိုင်ရင် မစားရတော့ဘူး။ သုံးလိုက်တဲ့ ဓာတုဆေးတွေ မစိုက်ခင်ကနေ သီးနှံတွေ ရိတ်သိမ်းတဲ့ အထိပါပဲ။ အဲ့ဒီ ဆေးတွေအစား သဘာဝတွေကို ပြန်လည်အသုံးပြုနိုင်ရင်တော့ အကောင်းဆုံးပေါ့။ တချို့တွေမှာလည်း သုံးနေကြတာတွေ ရှိပါတယ်”လို့ သူက ပြောပါတယ်။

၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီမှာ ဒေသတွင်း စစ်ရေးအခြေအနေအရ စိုက်ပျိုးနိုင်မှုဧရိယာက ပြီးခဲ့တဲ့နှစ်ထက် ကျဆင်းလာတယ်လို့ IEC က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ နှစ်စာရင်းအရ ကရင်နီပြည်က မြို့နယ် ၅ ခုမှာ စိုက်ပျိုးမြေ ဧကပေါင်း ၃၆၀၀၀ ကျော်ရှိပြီး သဘာဝဘေးနဲ့ စစ်ဘေးအခြေအနေကြောင့် ဧကပေါင်း ၅၂၀၀ ကျော်မှာစိုက်ပျိုးခွင့်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ