spot_img
Homeသတင်းကနေဒါခရီးစဥ်မှာ နွေဦးတော်လှန်ရေးရဲ့ တိုးတက်ပြောင်းလဲမှု ဆွေးနွေးနိုင်ခဲ့တယ်လို့ SCEF ပြော

ကနေဒါခရီးစဥ်မှာ နွေဦးတော်လှန်ရေးရဲ့ တိုးတက်ပြောင်းလဲမှု ဆွေးနွေးနိုင်ခဲ့တယ်လို့ SCEF ပြော

-

ကန္တာရဝတီတိုင်း (မ်)

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါခရီးစဥ် အတွင်းမှာ ကနေဒါလွှတ်တော်အစိုးရတွေနဲ့ မြန်မာ့နွေဦးတော်လှန်ရေးတိုးတက်ပြောင်းလဲမှုတွေကို ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ SCEF အတွင်းရေးမှုးအဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ကနေဒါနိုင်ငံက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ရေး တို့နဲ့ ပတ်သတ်ရင် ရှေ့တန်းကနေ ကူညီပေးနေတဲ့ နိုင်ငံတစ်ခုဖြစ်လို့ မြန်မာ့အရေးမှာ ဆက်လက်ထောက်ခံအားပေးဖို့နဲ့ လက်ရှိတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ကူညီအားဖြည့်ပေးရမဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးနိုင်ခဲ့တယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင် က ပြောပါတယ်။

“အထူးသဖြင့်တော့ SCEF ရဲ့ ဒီဖက် တော်လှန်ရေးအင်အားစုတွေ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ အင်အားစုတွေပေါင်းစည်းမှု၊ ဒီဟာကို ကျမတို့ ဘယ်လိုအကောင်ထည်ဆက်ဖော်ကြမလဲ ဆိုတဲ့ ကိစ္စရပ်တွေပေါ့နော်။ ဒါစာရွက်ပေါ်က စုဖွဲ့မှုတင်မဟုတ်ပဲနဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ နိုင်ငံရေးအရ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ကျမတို့ စုဖွဲ့လိုက်တာဖြစ်တယ်ဆိုတဲ့ ကိစ္စကိုရှင်းလင်းဆွေးနွေးနိုင်ခဲ့တော့ သူတို့လည်း ဒါကို ကြိုဆိုပါတယ်။ encourage လုပ်ပါတယ်ပေါ့နော်။ ဆက်လက်ပြီးတော့ သူတို့ကူညီနိုင်သမျှကူညီဖို့ကို နောက်ပြီးကျတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စတွေ နောက်ပြီးတော့ accountability နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ မြန်မာ့အရေးနဲ့ ပတ်သက်လို့ရှိရင် ဒီဟာတွေဟာလည်းပဲ ကနေဒါက ဆက်လက်ပြီးတော့ ကူညီသွားဖို့ ဒီဟာတွေကိုတော့ ကျမတို့ ဆွေးနွေးနိုင်ခဲ့ပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က ဇွန်လ ပထမပတ်အတွင်း ကနေဒါနိုင်ငံမှာ စည်းရုံးလှုံ့ဆော်ရေးနဲ့ ဆက်ဆံရေးတည်ဆောက်ရေး ခရီးစဉ်ကို စတင်ခဲ့ပြီး ဇွန် ၉ ရက်နေ့မှာ ခရီးစဥ်ပြီးအောင်မြင်စွာပြီးဆုံးကြောင်း ထုတ်ပြန်ခဲ့တာပါ။

ခရီးစဥ်အတွင်းမှာ အရပ်သားပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေအပေါ် ကနေဒါနိုင်ငံအနေနဲ့ အလွန်အမင်းစိုးရိမ်ပူပန်ကြောင်းကိုလည်း ထပ်လောင်းအတည်ပြုခဲ့တယ်လို့ SCEF ရဲ့ ခရီးစဥ်အောင်မြင်ကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကနေဒါနိုင်ငံမှာ ကနေဒါအစိုးရအပြင် ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့မှုက SCEF ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် လုပ်ဆောင်တဲ့ အချက်ဖြစ်တယ်လို့ လည်းဒေါ်ဇင်မာအောင်က ပြောပါတယ်။ ရှေ့လျှောက်လည်း SCEF ရဲ့ လုပ်ငန်းစဥ်တွေကို အကောင်ထည်ဖော် ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။

ကနေဒါခရီးစဥ်အတွင်းမှာ SCEF ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဇင်မာအောင်၊ SCEF နိုင်ငံခြားရေးအဖွဲ့ဝင်များ ဖြစ်ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စောနီးမရော့ဒ်နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ နဲနယ်ပလိုးနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ သမ္မတအကြံပေး ဦးကျော်ဇော လည်း ပါဝင်ခဲ့တယ်လို့ ဇွန်လ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ