spot_img
13.3 C
Loikaw
Thursday 27, November 2025
spot_img
Homeဆောင်းပါးမိုင်းအန္တရာယ်ကို သတိပြုနေထိုင်ဖို့ ဘာတွေသိထားသင့်သလဲ

မိုင်းအန္တရာယ်ကို သတိပြုနေထိုင်ဖို့ ဘာတွေသိထားသင့်သလဲ

-

ကန္တာရဝတီတိုင်း(မ်)

မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ခဲယမ်းများဆိုင်ရာ အချက်အလက်အသစ်တွေအရ မြန်မာနိုင်ငံရဲ့ ဖြစ်ပွားနေဆဲ ပဋိပက္ခအကျိုးဆက်တွေကြောင့် နိုင်ငံတဝန်းမှာ အရပ်သားနှစ်ဦးဟာ နေ့စဉ် ထိခိုက်နေတယ်လို့ UN OCHA Myanmar က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာလည်း မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် လစဉ် ထိခိုက်ခံနေရသူ တဦးနဲ့အထက်မှာရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ လစဉ်အစီရင်ခံစာအရ သိရှိရပါတယ်။

တချို့စာရင်းတွေဟာ မှတ်တမ်းတင်နိုင်ခြင်းမရှိတဲ့အတွက် အမှန်တကယ် ထိခိုက်ခံစားရသူ အရေအတွက်က ဒီစာရင်းတွေထက် ပိုများနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကလည်း အန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေနဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ အဆက်မပြတ် လိုအပ်နေကြောင်း သိသာထင်ရှားစေတာပါ။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခတွေ ကြောင့်လည်း မြေမြှုပ်မိုင်းအန္တရာယ်ဟာ နိုင်ငံတဝန်းနီးပါးရှိ ပြည်သူတွေကို ခြိမ်းခြောက် နေပြီဖြစ်ပါတယ်။

မြေမြှုပ်မိုင်းဆိုတာ တိုက်ပွဲတွေထဲမှာသာမက တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့နေရတွေမှာ ပျံ့နှံ့နေပြီး တဘက် ရန်သူတွေကို ဒဏ်ရာရအောင်နဲ့ ထိခိုက်သေကြေအောင် ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ စစ်လက်နက် ပစ္စည်းတွေပါ။

အမျိုးအစားအမျိုးမျိုးရှိပြီး လူနဲ့တိရစ္ဆာန်တွေကို ထိခိုက်သေစေနိုင်တဲ့အပြင် မော်တော်ယာဉ်လိုမျိုးကို ဖျက်ဆီးနိုင်တဲ့ အင်အားပြင်း မြေမြှုပ်မိုင်းတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် မြေမြှုပ်မိုင်းတွေ မှာတော့ ပုံသဏ္ဍာန်၊ အရွယ်အစားနဲ့ အရောင်အမျိုးမျိုးရှိပါတယ်။

သတ္တု၊ သစ်သား၊ ဝါး၊ ပလပ်စတစ် စတာတွေနဲ့ ပြုလုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်နဲ့ ရောထွေးသွားတဲ့ အရောင်၊ ပုံသဏ္ဍာန်တွေနဲ့ လုပ်ထားတာကြောင့် တွေ့မြင်နိုင်ဖို့ ခက်ခဲစေပါတယ်။

ကရင်နီမှာ မြေမြှုပ်မိုင်းတွေကို တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့နေရာတွေမှာ အများဆုံးတွေ့ရှိနိုင်သလို စစ်စခန်း ဟောင်းလိုနေရာတွေ၊ ပဋိပက္ခဒေသတွေက လမ်းကြောင်းတွေ၊ ရွာလမ်းဘေးနေရာတွေ၊ လယ်ယာသွားတဲ့ လမ်းမကြီးတွေ၊ နေအိမ်ခြံဝန်းတွေနဲ့ မီးဖိုဆောင်ဘေးတွေမှာ ရှိနေတတ်ပါတယ်။

ကရင်နီက မိုင်းကြောင့်ထိခိုက်ခံစားရသူအများစုဟာလည်း တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ အရပ်ဒေသ သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်စွဲနေရာယူထားခဲ့ဖူးတဲ့ ဒေသမှာ နေအိမ်သန့်ရှင်းရေး ပြန်လုပ်တဲ့သူတွေနဲ့ ပစ္စည်းပြန်လည် သယ်ယူသူတွေဖြစ်ကြပါတယ်။

ဒါကြောင့် မိမိနေအိမ်မှာရှိတဲ့ ခြံဝန်းထဲ ဟင်းသီးဟင်းရွက်ခူးတာ၊ လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူတာနဲ့ ထင်း၊ ဟင်းသီးဟင်းရွက်စတာတွေကို ရှာဖွေခူးဆွတ်တဲ့အခါ သတိထားသွားလာရမှာဖြစ်ပါတယ်။ မိမိနဲ့ရင်းနှီး ကျွမ်းဝင်မှုမရှိတဲ့နေရာ (သို့မဟုတ်) မြေမြှုပ်မိုင်းတွေနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ရှိနိုင်တယ်လို့ သံသယရှိတဲ့ နေရာတွေမှာ ဟင်းသီးဟင်းရွက်ရှာဖွေခူးဆွတ်တာမျိုး လုံးဝမပြုလုပ်သင့်ပါဘူး။

ဒါတွေအပြင် နောက်ထပ်သတိထားရမှာက ခရီးသွားတဲ့အချိန်မျိုးမှာ လမ်းခရီးအတွင်း တိရစ္ဆာန် အသေကောင်တွေ၊ အရိုးစုတွေ၊ ပျက်စီးနေတဲ့ ဆိုင်ကယ်/ကားတွေ၊ စွန့်ပစ်စခန်းဟောင်းနေရာတွေနဲ့ ပစ္စည်းတစုံတရာ ပေါက်ကွဲထားတဲ့ နေရာတွေရှိမယ်ဆိုရင် အန္တရာယ်ရှိတယ်လို့ ယူဆနိုင်တာကြောင့် ခရီးဆက်မသွားတော့ဘဲ လာရာလမ်းအတိုင်း ပြန်လှည့်ပြန်တာက အန္တရာယ်အကင်းဆုံး နည်းလမ်းတခုပါ။

နေ့အချိန်တွေမှသာ ခရီးသွားလာသင့်ပြီး အများအသုံးပြုသွားလာတဲ့ လမ်းတွေကို ရွေးချယ်သွား လာဖို့လိုပါတယ်။ မိမိသွားမယ့်လမ်းခရီးမှာလည်း တဦးတယောက်တည်း မသွားလာသင့်သလို၊ သွားမယ့်လမ်းခရီးကိုလည်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေပျံ့နှံ့တည်ရှိမှု အခြေအနေနဲ့ သတင်းအချက်အလက်ကို ကြိုတင်လေ့လာထားရမှာဖြစ်ပါတယ်။

အရပ်သားပြည်သူတွေဟာ ဘယ်လိုအကြောင်းနဲ့မှ မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက် ပစ္စည်းတွေကို ရှင်းလင်းဖယ်ရှားတာမျိုး လုံးဝမပြုလုပ်သင့်ပါဘူး။ စနစ်တကျလေ့ကျင့်မှုနဲ့ အထူး ကိရိယာတွေမပါဘဲ မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကို ရှင်းလင်းတာ (ဒါမှမဟုတ်) အသက်မဲ့ဖြစ်အောင် ပြုလုပ်ဖို့က ဘေးအန္တရာယ်ကင်းတဲ့ နည်းလမ်းမရှိတာကြောင့်ပါ။

UNICEF Myanmar ရဲ့ အချက်အလက်အရ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲ စေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက် ၁,၀၈၂ ဦး ရှိနေပါတယ်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာတော့ ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦးရှိနေပြီဖြစ်ပါတယ်။

အဆိုပါ ကိန်းဂဏန်းတွေအရ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေဟာ တနေ့တခြား ပြည်သူတွေကို အန္တရာယ်ပြုစေတဲ့၊ ပိုမိုနီးကပ်လာနေတဲ့ အနေအထားမှာ ရှိနေတာပါ။

ဒါကြောင့် ပဋိပက္ခဒေသတွင်းနဲ့ စစ်မက်ဖြစ်ပွားတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မြေမြှုပ်မိုင်းအကြောင်း သိသင့်သိထိုက်တာတွေ သိထားပြီး အန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ လိုအပ်တယ်ဆိုတာ မျှဝေပေးလိုက်ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ