spot_img
14.4 C
Loikaw
Tuesday 16, December 2025
spot_img
Homeသတင်းမြန်မာနိုင်ငံတစ်ဝှမ်းမှာ နိုဝင်ဘာလအတွင်း ကရင်နီပြည်က ၁ ဦးအပါအဝင် အမျိုးသမီးသေဆုံးသူ ၅၁ ဦးရှိ

မြန်မာနိုင်ငံတစ်ဝှမ်းမှာ နိုဝင်ဘာလအတွင်း ကရင်နီပြည်က ၁ ဦးအပါအဝင် အမျိုးသမီးသေဆုံးသူ ၅၁ ဦးရှိ

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကရင်နီပြည်က ၁ ဦးအပါအဝင် အမျိုးသမီး သေဆုံးသူ ၅၁ ဦး ရှိခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

သေဆုံးသူ ၅၁ ဦးဟာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၇ ဦး နဲ့ အများဆုံး သေဆုံးခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၀ ဦး၊ မတရား သတ်ဖြတ်ခံရမှုကြောင့် ၄ ဦး တို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ သေဆုံးသူ အမျိုးသမီး ၅၁ ဦးထဲမှာလည်း အသက် ၁၈ နှစ်အောက် ကလေး ၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖောက်ခံနေရသူတွေထဲက အသက်မပြည့်သူတဲ့ကလေးတွေ ပါဝင်တဲ့အပေါ် ကရင်နီပြည်က ဒေသခံ အမျိုးသမီး တစ်ဦးက အခုလိုပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ပတ်သက်ရင် ဘာအခွင့်အရေးမှ မခံစားရတော့သလို ဖြစ်သွားတယ်။ အထူးသဖြင့် အသက်မပြည့်သေးတဲ့ အရွယ်တွေ အနေနဲ့ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေမှအများကြီး ဥပမာ ပညာရေး၊ကျန်းမာရေး စသဖြင့်။ အဲ့လိုဖြစ်တော့ အသက်မပြည့်တဲ့ အရွယ်တွေ အခုလို သူတို့ရသင့်တဲ့ အခွင့်အရေးမရတော့အပြင် စစ်အုပ်စိုးမှုတွေကြောင့် သေဆုံးတာတွေမြင်ရတာ ပိုပြီး စိတ်မကောင်းဖြစ်စေမိတယ်။“လို့ ကရင်နီပြည်က ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

နေရာဒေသအရတော့ ကရင်နီပြည်မှာ ၁ ဦးအပါအဝင် စစ်ကိုင်းတိုင်းမှာ ၁၁ ဦး၊ မန္တလေးတိုင်းမှာ ၉ ဦး၊ ရခိုင်မှာ ၁၆ ဦး၊ ကချင်မှာ ၃ဦး၊ ပဲခူးတိုင်းမှာ ၂ ဦး၊ ကရင်ပြည်မှာ ၁ ဦး၊ မကွေးမှာ ၃ဦး ၊ တနင်္သာရီတိုင်းမှာ ၂ ဦးနဲ့ ရှမ်းပြည်မှာ ၃ဦး တို့ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာတော့ အမျိုးသမီး သေဆုံးမှု အများဆုံး ပြည်နယ်ဖြစ်ခဲ့ပါတယ်။

အဆိုပါ သေဆုံးမှုတွေအပြင် ထိခိုက်ဒဏ်ရာရ အမျိုးသမီးလည်း ၅၇ ဦးရှိခဲ့ပါတယ်။

ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာတော့ မတူညီတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် နိုဝင်ဘာလအတွင်း အမျိုးသား (၁၂) ဦး၊ အမျိုးသမီး(၃) ဦးနဲ့ ကလေး (၁) ဦး စုစုပေါင်း ၁၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ