ကန္တာရဝတီတိုင်း (မ်)
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းပြီး ဗျူဟာမြောက်အောင် ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance (SRA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်းဘီထူးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ပူးပေါင်းပါဝင်တဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု – SRA ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
“အသွင်တစ်မျိုးနဲ့နေနေတဲ့ တပ်တွေအားလုံးကို ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ခေါ်စုလိုက်ပြီးတော့ နွေဦးတော်လှန်ရေးမဟာမိတ်အဖြစ် ရပ်တည်ကြရင် ကျနော်တို့က အင်အားပိုရှိစေတယ်ဆိုပြီး ယုံကြည်တဲ့အတွက် ခေါ်စုလိုက်ခြင်းဖြစ်တယ်”လို့ KNDF ဥက္ကဌဖြစ်သလို SRA ပြောရေးဆိုခွင့်ရှိသူ ခွန်းဘီထူးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
SRA မဟာမိတ်တပ်တွေဟာ NUG နဲ့ EROs တွေရဲ့ ကွပ်ကဲမှုအောက်မှာရှိမနေဘဲ နွေဦးတော်လှန်ရေးတပ် မဟာမိတ်တပ်တွေအဖြစ် ရှိနေမှာဖြစ်တယ်လို့ ခွန်းဘီထူးက ဆိုပါတယ်။
“ကျနော်တို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်တွေက စစ်ဦးစီးတစ်ယောက်အနေနဲ့ ရပ်တည်တာမျိုး၊ ခန့်ထားတာမျိုးတွေ ကျနော်တို့မှာ မရှိပါဘူး။ စုပေါင်းခေါင်းဆောင်မှုနဲ့ပဲ ကျနော်တို့ ရပ်တည်သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ကွပ်ကဲမှုရုံးနေရာက အချိတ်အဆက်ရှိရှိ ချိတ်ဆက်သွားဖို့ ဖြစ်ပါတယ်”လို့ ခွန်းဘီထူးက ဆိုပါတယ်။
SRA မဟာမိတ်တပ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ဗမာ့တပ်တော် BA၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး BLDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ချင်းညီနောင် CB၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပအိုဝ်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်၊ ယောတပ်တော်၊ ကျောင်းသားလက်ရုံးတပ်တော်၊ ယောကာကွယ်ရေးတပ်၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ကလေးဒေသတော်လှန်ရေးတပ် KRF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် BPLA၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA၊ 96 Soldiers PDF၊ Generation Z Army စတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်ပါတယ်။




