spot_img
Homeသတင်းရေငတ်ခံပြီး သက်တမ်းတိုတဲ့ သီးနှံတွေ စိုက်ပျိုးဖို့ စိုက်ပျိုးရေး ပညာရှင်အကြံပြု

ရေငတ်ခံပြီး သက်တမ်းတိုတဲ့ သီးနှံတွေ စိုက်ပျိုးဖို့ စိုက်ပျိုးရေး ပညာရှင်အကြံပြု

-

ကန္တာရဝတီတိုင်း ( မ် )

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ပြီး ရေရှားပါးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာကြောင့် စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် ရေငတ်ခံနိုင်ပြီး သက်တမ်းတိုတဲ့ သီးနှံတွေ စိုက်ပျိုးထားဖို့ ကရင်နီက စိုက်ပျိုးရေးပညာရှင် ဒေါက်တာ စောဦးရယ်က အကြံပြုထားပါတယ်။

ဒါတင်မကသေးဘဲ ယခုနှစ်ထွက်ရှိမယ့် သီးနှံတွေကို အလေအလွင့်နည်းအောင် ရိတ်သိမ်းသိုလှောင်ဖို့၊ မျိုးစေ့တွေကို အရန်အဖြစ် ထားရှိဖို့နဲ့ ရေရှည်စားသုံးနိုင်မယ့် သီးနှံတွေကို ကြိုတင်စိုက်ပျိုးထားဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

“ငှက်ပျောသီးဆို အခြောက်ခံထားပြီး စားလို့ရတယ်။ ရုံးပတီသီး၊ ခရမ်းသီးတို့ဆို အခြောက်ခံပြီး လေလုံအောင်သိမ်း၊ ရေပြန်ဖျော်ပြီး ဟင်းချက်စားလို့ရတယ်။ အရွက်ဆိုလည်း ချဉ်ပေါင်ရွက်ဆို အရည်ညှစ်ပြီး အခြောက်သိမ်းထား၊ မုန်ညင်းဆို အချဉ်တည်၊ အခြောက်လှမ်း အဲဒီလိုပေါ့နော်” လို့ ဒေါက်တာ စောဦးရယ်က ပြောပါတယ်။

အရွက်နဲ့ အသီးအနှံတွေကိုလည်း အခြောက်ခံတာ၊ အချဉ်တည်တာနဲ့ လေလုံအောင် သိုလှောင်တာတွေ ပြုလုပ်ထားနိုင်သလို ဖရုံသီး၊ ကျောက်ဖရုံသီးနဲ့ တောင်ယာသခွားသီးတို့ကိုလည်း အေးမြခြောက်သွေ့တဲ့နေရာတွေမှာ ထားရှိခြင်းအားဖြင့် အစားအစာတွေ အလေအလွင့်ဖြစ်မှုကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

အယ်လ်နီညိုဖြစ်စဉ် ပြင်းထန်လာရင် ရေရှားပါးမှု ကြုံတွေ့လာနိုင်တာကြောင့် ရေအရင်းအမြစ်တွေကို ထိန်းသိမ်းချွေတာဖို့နဲ့ ရေငတ်ခံနိုင်ပြီး သက်တမ်းတိုတဲ့ သီးနှံတွေကို ကြိုတင်စိုက်ပျိုးထားဖို့ လိုအပ်တယ်လို့လည်း သူက အကြံပြုပါတယ်။

“အယ်လ်နီညိုသာ ပြင်းထန်အားကောင်းလာရင် ရေအရင်းအမြစ်တွေကို ထိန်းသိမ်းချွေတာရမှာပါ။ ရေရှားမှာ သေချာပေါက်ပဲ။ သက်တမ်းတိုပြီး ရေငတ်ခံတဲ့ သီးနှံတွေကို မြန်မြန်၊ များများ စိုက်ထားရမှာပါ။ အထူးသဖြင့် ရေအရင်းအမြစ်နဲ့ နီးတဲ့နေရာပေါ့” လို့ ဒေါက်တာ စောဦးရယ်က ပြောပါတယ်။

ကုလသမဂ္ဂဘေးအန္တရာယ်လျော့ပါးရေးရုံး UNDRR ကတော့ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွေမှာ မိုးခေါင်တာ၊ အပူချိန်လွန်ကဲတာနဲ့ တောမီးလောင်ကျွမ်းတာတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ခန့်မှန်းချက်တွေအရ အပူချိန်မြင့်တက်တာ၊ မိုးခေါင်တာ တွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်နိုင်ပြီး စားနပ်ရိက္ခာရရှိမှုအပေါ် သက်ရောက်နိုင်တယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ မြို့နယ်နဲ့ ကျေးရွာအလိုက် သီးနှံထွက်ရှိမှု၊ လူဦးရေနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေကို စာရင်းပြုစုထားပြီး အရေးပေါ်ကာလအတွက် လိုအပ်မယ့် စားနပ်ရိက္ခာအရန်ပမာဏကို ကြိုတင်တွက်ချက်ထားသင့်တယ်လို့လည်း ဒေါက်တာစောဦးရယ်က အကြံပြုထားပါတယ်။

သီးနှံသိုလှောင်ရေး၊ မျိုးစေ့အရန်ထားရှိရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေကို တစ်ဦးချင်းအဆင့်ကနေ ကျေးရွာနဲ့ မြို့နယ်အဆင့်အထိ ပူးပေါင်းဆောင်ရွက်ထားဖို့လည်း တိုက်တွန်းထားပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့ အောက်တိုဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ လာမယ့် ဒီဇင်ဘာလမှာ အယ်လ်နီညိုဟာ အားအကောင်းဆုံးအခြေအနေအထိ ပြင်းထန်လာနိုင်တယ်လို့ အသိပေးထားပါတယ်။ ဒီအခြေအနေက ကမ္ဘာတစ်ဝှမ်းမှာ ပျမ်းမျှထက် အပူချိန်မြင့်တက်စေပြီး မိုးရွာမှု ပုံစံတွေကို ပြောင်းလဲစေကာ ဒေသအလိုက် မိုးခေါင်မှုနဲ့ ရေကြီးမှု အန္တရာယ်ကို တိုးမြှင့်စေနိုင်တယ်လို့လည်း ဆိုထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ