spot_img
Homeသတင်းဖွံဘော်ခွတ်မြို့နယ်မှာ အရေပြားယားနာမှုအပြင် ပါးချိတ်ရောင်ရမ်းမှုပါ ဖြစ်ပွားနေ

ဖွံဘော်ခွတ်မြို့နယ်မှာ အရေပြားယားနာမှုအပြင် ပါးချိတ်ရောင်ရမ်းမှုပါ ဖြစ်ပွားနေ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ဖွံဘော်ခွတ်မြို့နယ်မှာ အရေပြားယားနာမှုတွေအပြင် ပါးချိတ်ရောင်ရမ်းမှုတွေပါ ဖြစ်ပွားနေတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးအရာရှိက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အရေပြားယားနာမှုဟာ ကလေး၊ လူကြီးတွေမှာ နှစ်စဉ်ဖြစ်ပွားနေပြီး သက်သာပျောက်ကင်းမှုမရှိသေးသလို အသစ်ဖြစ်ပွားသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အရေပြားယားနာမှု ဖြစ်ပွားသူ ၅၀ ဝန်းကျင်ရှိခဲ့တယ်လို့ ပြောပါတယ်။

ဓါတ်ပုံ – ပေးပို့

လက်ရှိမှာတော့ ကျောင်းနေအရွယ်ကလေးတွေကြား ပါးချိတ်ရောင်ရမ်းမှုတွေပါ ထပ်မံဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလအတွင်း ပါးချိတ်ရောင်ရမ်းမှု ဖြစ်ပွားတဲ့ ကလေးဦးရေ ၁၅ ဦးအထိ ရှိလာပြီလို့ ပြောပါတယ်။

“ယားနာကတော့ အကုန်ဖြစ်တယ်။ ပါးချိတ်ရောင်ကတော့ ကျောင်းနေအရွယ်မှာ အဖြစ်များတယ်။ စဖြစ်တုန်းက ကျောင်းမှာ ကျန်းမာရေးပညာပေးလုပ်တယ်။ ဖြစ်တဲ့ကလေးကို ကျောင်းနားခိုင်းတယ်။ တခုစိုးရိမ်တာက အခု ဘော်ဒါဆောင်က ကလေးတွေဖြစ်နေကြတာဆိုတော့ အရမ်းကူးမြန်မှာ စိုးရိမ်ရတယ်” လို့ မြို့နယ်ကျန်းမာရေးဦးစီးအရာရှိက ပြောပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းတာ၊ ဆေးဝါးကုသမှု လက်လှမ်းမမီတာနဲ့ လုံလောက်တဲ့ လိမ်းဆေးမရှိတာတွေကြောင့် အရေပြားယားနာမှုက မပျောက်ကင်းဘဲ ဆက်လက်ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

အရေပြားယားနာမှုနဲ့ ပါးချိတ်ရောင်ရမ်းမှုတွေ ဖြစ်ပွားနေတာကြောင့် အရေပြားလိမ်းဆေးတွေလည်း လိုအပ်နေတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးအရာရှိက ပြောပါတယ်။ ဒါ့အပြင် သက်ကြီးပိုင်းတွေမှာလည်း ယားနာနဲ့ ပွေးအကွက်ကြီးတွေ အဖြစ်များနေတယ်လို့လည်း ဆိုပါတယ်။

မြို့နယ်ဆေးခန်းမှာ ဆေးဝါးလိုအပ်ချက်တွေ များပြားနေသလို အရေးပေါ်လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

အလားတူ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ဟူဘောမြို့နယ်က စာသင်ကျောင်းတချို့မှာလည်း အသက် ၁၅ နှစ်အောက် ကလေး ၂၀ ကျော် ပါးချိတ်ရောင်ရမ်းမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ