ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသခံတွေရဲ့ တိုင်ကြားချက်အရ ဒေသတွင်း ခဲခိုးယူမှု ဖြစ်စဥ်မှာ ပါဝင်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ၊ တပ်ရင်း ၁၈ က တပ်သား ၂ ဦးကို စုံစမ်းစစ်ဆေးနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ဆဲဖြစ်ပါတယ်။ တိုင်ကြားမှုကို လက်ခံရရှိ ထားတယ်ပေါ့နော။ ဟုတ်၊ မဟုတ်ကို သေချာစုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်းဖြစ်ပါတယ်”လို့ KNDFသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ တပ်သား ၂ ဦးပါဝင်တဲ့ ခဲခိုးယူမှုဟာ အုပ်စုဖွဲ့ ခိုးယူမှုဖြစ်ပြီး ဒေသတွင်းလူငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အဆိုပါ ခိုးယူမှုကို ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှာ ကျူးလွန်ခဲ့တာဖြစ်ပြီး လိုခါးလိုကျေးရွာ ဒေသခံတွေက ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့စွဲနဲ့ KNDF ထံ စာလိပ်မူတိုင်ကြားခဲ့တာဖြစ်ပါတယ်။
ခိုးယူမှုတွေပြုလုပ်နေတဲ့ လူငယ်အုပ်စုတွေဟာ ကားနဲ့လိုက်လံ ခိုးယူနေတာဖြစ်ပြီးတော့ ဘယ်သူက ဦးဆောင်သူဖြစ်သလဲဆိုတာကိုလည်း မသိရသေးဘူးလို့ စုံစမ်းစိစစ်နေသူတွေထဲက တစ်ဦးက ပြောပြပါတယ်။
ခဲခိုးယူမှုမှာ ခဲပိဿာချိန် ထောင်နဲ့ချီပါသွားတာဖြစ်ပြီးတော့ ဒီ ခိုးယူမှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ မော်ချီးဒေသခံတွေက ပြောပါတယ်။ တဖက်မှာလည်း ခဲ လိုက်လံခိုးယူနေတဲ့ သူတွေကို ထိရောက်စွာ အရေးယူပေးနိုင်ဖို့ကိုလည်း ခိုးယူခံရတဲ့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
“ပါဝင်ပတ်သက်တဲ့ဟာက အုပ်စုလိုက်နဲ့ပါတယ်လို့ အုပ်ချုပ်ရေးမှူးအဖွဲ့က ထွက်ဆိုတယ်ပေါ့နော။ ကျနော်သူ့ကို မေးတယ်။ KNDF နဲ့ပတ်သက်တဲ့ ရဲဘော်နှစ်ဦးက အချုပ်ထဲမှာလား။ ဘယ်လိုအရေးယူဆောင်ရွက်လဲပေါ့ ။ အုပ်ချုပ်ရေးမှူးက ပြောတယ်။ ဒီတိုင်းပဲ အများသဘောတူနဲ့ လက်မှတ်ထိုးလိုက်ပြီ။ ဒါဆို အများသဘောတူညီမှုလည်း ပြီးသွားပြီပေါ့လို့ထင်တာ။ နောက် ၂ ရက်မြောက်မှ လိုင်းပေါ်ထပ်တက်လာရော” လို့ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မော်ချီးဒေသက ကရင်နီပြည်ရဲ့ အကြီးဆုံးခဲသတ္တုတွင်းရှိတဲ့ နေရာဖြစ်ပြီးတော့ ယနေ့အချိန်ထိ ခဲတူးဖော်မှုရှိနေတဲ့ နေရာဖြစ်ပါတယ်။




